တရုတ်က ကမ္ဘာ့ပထမဆုံးဟိုက်ဒရိုဂျင်စွမ်းအင်အသုံးပြု မြို့ပြသုံးရထားကို ဖန်တီးထုတ်လုပ်နိုင်

တရုတ်က ကမ္ဘာ့ပထမဆုံးဟိုက်ဒရိုဂျင်စွမ်းအင်အသုံးပြု မြို့ပြသုံးရထားကို ဖန်တီးထုတ်လုပ်နိုင်

တရုတ်နိုင်ငံက ကမ္ဘာ့ပထမဆုံးဟိုက်ဒရိုဂျင်စွမ်းအင်အသုံးပြု မြို့ပြသုံးရထားတစ်မျိုးကို အောင်မြင်စွာ ထုတ်လုပ် လိုက်နိုင်ပြီ ဖြစ်ကြောင်း ပြည်တွင်းသတင်းဌာနများက ဖော်ပြထားပါတယ်။

ဒီရထားကို  CRRC  Changchun Railway Company နဲ့ Chengdu Rail  Transit တို့က ပူးတွဲဖန်တီး ထုတ်လုပ်ထားတာဖြစ်ပါတယ်။

တရုတ်နိုင်ငံက ဟိုက်ဒရိုဂျင်စွမ်းအင်အသုံးပြုတဲ့ ရထားကို ဖန်တီးအသုံးပြုနိုင်တဲ့ ကမ္ဘာ့ပထမဆုံးနိုင်ငံ မဟုတ်ပေမယ့် မြို့ပြမှာသုံးဖို့အတွက် ဒီလိုစွမ်းအင် အသုံးပြုရထားကို ကမ္ဘာ့ပထမဆုံးအနေနဲ့ ဖန်တီးလိုက်နိုင်တာ ဖြစ်ပါတယ်။  အဲဒီရထားကို တရုတ်နိုင်ငံ အနောက်တောင်ပိုင်း  ဆီချွမ်ပြည်နယ် ချန်ဒူးမြို့ကနေ ထုတ်လုပ်လိုက်တာပါ။

သူ့ရဲ့အမြင့်ဆုံး အမြန်နှုန်းက တစ်နာရီကို ၉၉ မိုင်နှုန်းရှိပြီး ဖူရှင်းကျည်ဆန်ရထားမှာအသုံးပြုထားတဲ့ ပင်မနည်းပညာကိုသာ အသုံးပြုထားတာ ဖြစ်ပါတယ်။

ဖူရှင်းကျည်ဆန်ရထားဆိုတာကတော့ တရုတ်မီးရထားကော်ပိုရေးရှင်းက ထုတ်လုပ်ထားတဲ့ မြန်နှုန်းမြင့် ကျည်ဆန်ရထား အမျိုးအစားဖြစ်ပါတယ်။

ဖူရှင်းကျည်ဆန်ရထားကို ၂၀၁၇ ခုနှစ်မှာ စတင်ပြေးဆွဲခဲ့တာဖြစ်ပြီး တစ်နာရီကို ၂၁၇ မိုင်နှုန်းနဲ့ သွားနိုင်တဲ့အတွက် ကမ္ဘာ့အမြန်ဆုံးရထားတွေထဲမှာ တစ်စင်းအနေနဲ့ ပါဝင်ခဲ့ပါတယ်။

သူ့ကို တရုတ်နိုင်ငံရဲ့ မြန်နှုန်းမြင့်မီးရထားကွန်ရက်မှာ  ပြေးဆွဲဖို့ထုတ်လုပ်ခဲ့တာဖြစ်ပြီး ပေကျင်း-ရှန်ဟိုင်း၊ ပေကျင်း- ကွမ်ကျိုးမီးရထားလမ်းများမှာ အသုံးပြုလျက်ရှိပါတယ်။

ဖူရှင်းကျည်ဆန်ရထားက လေခွင်းအားကောင်းတယ်။ စွမ်းအင်အသုံးပြုမှုနည်းတယ်။ ဝိုင်ဖိုင်နဲ့ ပလတ်ပေါက်တွေလိုမျိုး ခရီးသည်တွေအတွက် လိုအပ်တဲ့ အရာတွေကိုလည်း ဖြည့်ဆည်းပေးထားပါတယ်။

ဒီအတွက်  ဖူရှင်းကျည်ဆန်ရထားနည်းပညာကို အဓိကအသုံးပြုထားတဲ့ ဟိုက်ဒရိုဂျင်စွမ်းအင်သုံး မြို့ပြ အသုံးပြုရထားက ၃၇၃ မိုင်အထိရောက်ရှိနိုင်တဲ့ ဘက်ထရီစွမ်းအင်ကို အသုံးပြုထားတာ ဖြစ်တယ်လို့ တရုတ်ပြည်တွင်း သတင်းဌာနများက ဖော်ပြထားပါသေးတယ်။

ဟိုက်ဒရိုဂျင်စွမ်းအင်က သန့်ရှင်းတဲ့စွမ်းအင်အရင်းအမြစ်တစ်ခုပါ။ ဘာကြောင့်လဲဆိုရင် သူကစွမ်းအင်အနေနဲ့ လောင်ကျွမ်းသွားတဲ့အခါ ထွက်ပေါ်လာတဲ့ ဘေးထွက်ပစ္စည်းက ရေငွေ့ဖြစ်နေတာကြောင့်ပါပဲ။

သူ့ဆီကနေ အန္တရာယ်များတဲ့အဆိပ်သင့်ဓာတ်ငွေ့တွေ၊  ဖန်လုံအိမ်ဓာတ်ငွေ့တွေ မထွက်လာပါဘူး။ ဥပမာအားဖြင့် ရုပ်ကြွင်းလောင်စာတွေ လောင်ကျွမ်းလို့ ထွက်ရှိလာတဲ့ ကာဗွန်ဒိုင်အောက်ဆိုက်နဲ့ ဆာလဖာဒိုင်အောက်ဆိုက်တို့လိုမျိုး ဓာတ်ငွေ့တွေ ထွက်လာခြင်း မရှိပါဘူး။

ဒါ့အပြင် ဟိုက်ဒရိုဂျင်စွမ်းအင်ကို အရင်းအမြစ်အမျိုးမျိုးကနေလည်း ထုတ်ယူရရှိနိုင်ပါသေးတယ်။ အဲဒီအရင်းအမြစ်တွေထဲမှာ လေအား၊ နေအား၊ ရေအားတို့လို ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်တွေလည်း ပါဝင်တဲ့အတွက် ဟိုက်ဒရိုဂျင်ကို သန့်ရှင်းစွမ်းအင်အဖြစ် ပိုလို့ရွေးချယ်မိစေတာပါ။

အခုဖန်တီးထားတဲ့  ဟိုက်ဒရိုဂျင်စွမ်းအင်သုံး မြို့ပြအသုံးပြုရထားအတွက် ဟိုက်ဒရိုဂျင်လောင်စာဆဲလ်တစ်ခုနဲ့ စွမ်းအားမြင့် လျှပ်သိုပစ္စည်းတစ်ခုတို့ကို ရထားသွားလာဖို့အတွက် ဓာတ်အားပေးစနစ်နေရာမှာ အစားထိုးထားတာ ဖြစ်ပါတယ်။

ဟိုက်ဒရိုဂျင်နဲ့အောက်ဆီဂျင်တို့ရဲ့ လျှပ်စစ်ဓာတုဓာတ်ပြုမှုက  ဟိုက်ဒရိုဂျင်လောင်စာဆဲတစ်ခုအတွင်း စွမ်းအင်ကို ထွက်ပေါ်စေတာပါ။ အဲဒီဓာတ်ပြုမှုဖြစ်စဉ်က အလွန်ငြိမ်သက်ပြီး တည်ငြိမ်မှုရှိတယ်လို့ သတင်းဌာနများက ဖော်ပြထားပါတယ်။

ဟိုက်ဒရိုဂျင်စွမ်းအင်အသုံးပြု တွဲဆိုင်းများပါဝင်တဲ့ရထားဟာ တစ်နာရီကို ၉၉ မိုင်နှုန်းနဲ့  ရှေ့ကိုဖြစ်စေ၊ နောက်ကိုဖြစ်စေ တစ်ရက်တည်းမှာ ၃၁၁ မိုင်အထိ ခရီးပေါက်စေမယ်လို့ဆိုပါတယ်။

ဒီလိုမျိုးစွမ်းအင်အသုံးပြုပြီး ၃၁၁ မိုင်အထိခရီးသွားခြင်းက လက်ရှိသမားရိုးကျအခြေအနေနဲ့ နှိုင်းယှဉ်ရင်  တစ်နှစ်ကို ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ထွက်ရှိမှု   ကီလိုဂရမ် ၁၀၀၀၀ ကျော်အထိလျှော့ချနိုင်မှာပါ။

ဒါ့အပြင် ဟိုက်ဒရိုဂျင်စွမ်းအင်အသုံးပြု မြို့ပြသုံးရထားတွေဟာ သမားရိုးကျဓာတ်ရထားတွေလိုမျိုး ဓာတ်အားလိုင်းပေါ်မှာ မှီခိုရမှုမရှိတော့တဲ့အတွက် သူတို့ကိုအခြားသောအရာများအတွက်လည်း အသုံးပြုလာနိုင်ပြီဖြစ်ပါတယ်။

ဒီအတွက်ကြောင့် လျှပ်စစ်စွမ်းအင်ကူးပြောင်းမှု လုပ်ငန်းများနဲ့အတူ အခြေခံအဆောက်အအုံနဲ့ ပြုပြင်ထိန်းသိမ်းမှု ကုန်ကျစရိတ်တို့ကြီးမားစွာကျသင့်ခြင်းမရှိတော့တာကိုလည်း တွေ့ရမှာပါ။

တရုတ်နိုင်ငံက ဟိုက်ဒရိုဂျင်စွမ်းအင်ကဏ္ဍကို  ကျယ်ကျယ်ပြန့်ပြန့်ဖွံ့ဖြိုးတိုးတက်စေဖို့ ရည်မှန်းချက် ထားပြီးလုပ် ဆောင်လျက်ရှိပါတယ်။

အမျိုးသားဖွံ့ဖြိုးတိုးတက်မှုနဲ့ပြုပြင်ပြောင်းလဲရေးကော်မရှင်၊ အမျိုးသားစွမ်းအင်အာဏာပိုင်အဖွဲ့တို့ရဲ့ ထုတ်ပြန်ချက်အရဆိုရင် ၂၀၂၅ ခုနှစ်အရောက်မှာ တရုတ်နိုင်ငံတစ်ဝန်း ဟိုက်ဒရိုဂျင်စွမ်းအင်သုံး ယာဉ်အစီးရေ ၅၀၀၀၀ ခန့်အထိ ရှိလာစေဖို့မျှော်မှန်းထားတယ်လို့ သိရပါတယ်။

ထို့အတူ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အရင်းအမြစ်တွေကနေ တစ်နှစ်ကို ဟိုက်ဒရိုဂျင်တန်ချိန် ၁ သိန်းကနေ ၂ သိန်း ကြားထုတ်လုပ်သွားဖို့လည်း ပြင်ဆင်ထားပါတယ်။ လက်ရှိမှာဆိုရင် တရုတ်နိုင်ငံတစ်ဝန်းမှာ ဟိုက်ဒရိုဂျင်စွမ်းအင်ဖြည့်ဆိုင်ပေါင်း   ၂၇၀   အထိရှိလာပြီ ဖြစ်ပါတယ်။                    

Ref:IE