ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ်  ငါးဦးတွေ့ရှိ

ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ်  ငါးဦးတွေ့ရှိ

နေပြည်တော်   ဇန်နဝါရီ   ၂၅

ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉သံသယလူနာများ၊   ဓာတ်ခွဲအတည်ပြုလူနာနှင့်   အနီးကပ် ထိတွေ့ခဲ့သူများနှင့် အသွားအလာကန့်သတ်ထားရှိသူများအား ကိုဗစ်-၁၉ ရောဂါ   ရှိ၊ မရှိ ဓာတ်ခွဲစစ်ဆေးခြင်း ပုံမှန်ဆောင်ရွက်လျက်ရှိပြီး ၂၄-၁-၂၀၂၃ ရက်၊  ည ၈ နာရီမှ ၂၅-၁-၂၀၂၃ ရက်၊ ည ၈ နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း ၃၈၇၇ ခုအား  စစ်ဆေးပြီးစီးခဲ့ရာ     ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲအတည်ပြုလူနာသစ် ငါးဦးတွေ့ရှိရသဖြင့် ရောဂါပိုးတွေ့ရှိမှုရာခိုင်နှုန်းမှာ  သုညဒသမ ၁၃ ရာခိုင်နှုန်းရှိပါသည်။

သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာ စုစုပေါင်း ၉၉၁၉၇၉၆ ခုအား စစ်ဆေးခဲ့ပြီး ကိုဗစ်-၁၉  ဓာတ်ခွဲအတည်ပြုလူနာစုစုပေါင်း ၆၃၃၈၁၄ ဦးရှိပြီဖြစ်သည်။

ဓာတ်ခွဲအတည်ပြုလူနာများအားနေအိမ်တွင် သီးခြားထားရှိခြင်းနှင့် ဆေးရုံများတွင် သီးခြားထားရှိကုသမှု ပေးခြင်းများ ဆောင်ရွက်ခဲ့ရာ ယနေ့တွင် ပြန်လည်ကောင်းမွန်လာသူ ကိုးဦးရှိသဖြင့် ယနေ့အထိ ပြန်လည်ကောင်းမွန်လာသူစုစုပေါင်း ၆၁၄၂၆၅ ဦးရှိပြီဖြစ်သည်။  ယနေ့တွင်  ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံးသူမရှိသဖြင့် ယနေ့အထိ သေဆုံးသူစုစုပေါင်း ၁၉၄၉၀ ဦးရှိသည်။

ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် တိုင်းဒေသကြီး/ပြည်နယ်များတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ဦးတည်အုပ်စုများသတ်မှတ်၍ ထိုးနှံပေးလျက်ရှိရာ ၂၄-၁-၂၀၂၃ ရက်နေ့အထိ အသက် ၁၈ နှစ်နှင့်အထက် လူဦးရေစုစုပေါင်း ၃၀၈၉၇၇၀၉ ဦးနှင့် အသက် ၁၈ နှစ်အောက် လူဦးရေစုစုပေါင်း  ၆၈၀၇၈၇၁ ဦးတို့အား ထိုးနှံထားရှိပြီးဖြစ်ပါသည်။

သုတေသနတွေ့ရှိချက်များအရ ကိုဗစ်-၁၉ ရောဂါ  ကာကွယ်ဆေးထိုးနှံထားသူများတွင်ရောဂါပြင်းထန်မှု၊ ဆေးရုံတက်ရောက် ကုသခံယူရမှုနှင့် သေဆုံးမှုတို့ကို လျှော့ချနိုင်ပြီး    ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံထားခြင်းဖြင့်  ရောဂါပြင်းထန်မှု၊  ဆေးရုံတက်ရောက်ကုသခံရမှုနှင့် သေဆုံးမှုတို့ကို ပိုမိုလျှော့ချ နိုင်ကြောင်းကို တွေ့ရှိရကြောင်း ကျန်းမာရေးဝန်ကြီးဌာနက    သတင်းထုတ်ပြန်ထားသည်။