စမတောင်တော်ပေါ်ရှိ ကမ္ဘာ့ကပ်ကျော်စေတီတော် ထုံးသင်္ကန်း ဆက်ကပ် လှူဒါန်းပွဲနှင့် အောင်ပွဲအခမ်းအနား ကျင်းပ

စမတောင်တော်ပေါ်ရှိ ကမ္ဘာ့ကပ်ကျော်စေတီတော် ထုံးသင်္ကန်း ဆက်ကပ် လှူဒါန်းပွဲနှင့် အောင်ပွဲအခမ်းအနား ကျင်းပ

နေပြည်တော်  ဇန်နဝါရီ  ၂၅

ပြည်ထောင်စုနယ်မြေ   နေပြည်တော် လယ်ဝေးမြို့နယ် စမတောင်တော်ပေါ်၌ တည်ထားကိုးကွယ်ထားသော   ကမ္ဘာ့ကပ်ကျော်စေတီတော် ထုံးသင်္ကန်းဆက်ကပ် လှူဒါန်းပွဲနှင့် အောင်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါစေတီတော် ပရိဝုဏ်၌ကျင်းပသည်။

အခမ်းအနားသို့ စမတောင်တော် ကမ္ဘာ့ကပ်ကျော် စေတီတော် ဆရာတော် ဘဒ္ဒန္တ ဉာန္နောဘာသ အမှူးပြုသော ဆရာတော်၊ သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်၊ နေပြည်တော်ကောင်စီဝင်များနှင့်   တာဝန်ရှိသူများ၊  ဧည့်ပရိသတ်များ  တက်ရောက် ကြည်ညိုကြသည်။

အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ ဖွင့်လှစ်ပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်  တာဝန်ရှိသူများ၊ ဧည့်ပရိသတ်များက ကမ္ဘာ့ကပ်ကျော် စေတီကြီးအား ထုံးသင်္ကန်းဆက်ကပ် လှူဒါန်း၍ ဘုရားကျောင်းကန်အတွင်း သန့်ရှင်းရေး ဆောင်ရွက်ကြသည်။

ထို့နောက် ဆရာတော် ဘဒ္ဒန္တဉာန္နောဘာသထံမှ ငါးပါးသီလ ခံယူဆောက်တည်၍ ဆရာတော်၊  သံဃာတော်များ  ရွတ်ပွားသရဇ္ဈာယ်သည့် ပရိတ်တရားတော်များကို နာယူကြည်ညိုကြသည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဆရာတော်၊ သံဃာတော်များအား လှူဖွယ်ဝတ္ထု ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး အနုမောဒနာတရား နာကြားကြကာ  လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းလောင်း အမျှပေးဝေကြသည်။

အလားတူ ပြည်ထောင်စုနယ်မြေ   နေပြည်တော်အတွင်းရှိ မြို့နယ်ရှစ်မြို့နယ်၌လည်း ခရိုင်^မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများ ဦးဆောင်၍ မြို့နယ်များ အတွင်းရှိ ဘုရား၊  စေတီများတွင်  ထုံးသင်္ကန်းများ ဆက်ကပ်လှူဒါန်းခြင်းနှင့်  ဘုရားကျောင်းကန်များ အတွင်း သန့်ရှင်းရေး ဆောင်ရွက်ခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း  သိရသည်။