စွမ်းအင်နဲ့လျှပ်စစ်ကို ကမ္ဘာကြည့် ကြည့်မယ်

စွမ်းအင်နဲ့လျှပ်စစ်ကို ကမ္ဘာကြည့် ကြည့်မယ်

 အမှတ်စဉ် (၃၄)

ကမ္ဘောဒီးယားရဲ့ အဓိကဦးတည်ချက်ကတော့ ရေအားလျှပ်စစ်အရင်းအမြစ် မဂ္ဂါဝပ် ၁၀၀၀၀ လောက် သူ့မှာကြွယ်ဝတာကို အကျိုးရှိအောင် ထုတ်ယူမယ်လို့ဆိုပါတယ်။ ဒီမဂ္ဂါဝပ်ထဲမှာ မဲခေါင်မြစ်ကိုပိတ်ပြီးဆောက်လုပ်မယ့် လျှပ်စစ်က ၅၀ ရာခိုင်နှုန်းလောက် ထည့်တွက်ထားတာဖြစ်ပါတယ်။ နောက် ၄၀ ရာခိုင်နှုန်းကလည်း မဲခေါင်မြစ်ရဲ့ လက်တက်မြစ်များက ထုတ်မှာဖြစ်ပြီး ကျန်တဲ့ ၁၀ ရာခိုင်နှုန်းသာ အခြားမြစ်လက်တက်များက ထုတ်ယူမှာဖြစ်ပါတယ်။ ဒါပေမဲ့ ၂၀၁၈ ခုနှစ်ဆန်းထိတော့ ကမ္ဘောဒီးယားဟာ မဲခေါင်ပင်မမြစ်ပေါ်မှာ ဘာတမံမှတော့ စပြီးမတည်ဆောက် ရသေးပါဘူး။

ကမ္ဘောဒီးယားနိုင်ငံရဲ့ လူတစ်ဦး တစ်နှစ်ဓာတ်အားသုံးစွဲနိုင်မှုဟာ ၂၀၁၄ ခုနှစ်မှာ ၂၇၀ ကီလိုဝပ်နာရီ (Killo watt-hour) ဖြစ်နေပြီဆိုတာ တွေ့ရပါတယ်။ ဒီနှုန်းဟာ ၂၀၁၇ ခုနှစ် မြန်မာရဲ့နှုန်းနဲ့အတူခန့်ဖြစ်နေပြီဆိုတာ တွေ့ရပါတယ်။ (Source; Cambodia Electricity Consumption per Capita-2014)

ကမ္ဘောဒီးယားရဲ့ ဓာတ်အားခဟာ အရှေ့တောင်အာရှမှာ အတော်ဈေးကြီးတယ်လို့ဆိုရမှာပါ။ အကြောင်းကတော့ ရေအားလျှပ်စစ်နဲ့ မောင်းနှင်မှုအချိုးဟာ ၄၃ ရာခိုင်နှုန်းခန့်သာရှိပြီး မီးထိုးဆီ၊ ဒီဇယ်ဆီ၊ ကျောက်မီးသွေးတို့နဲ့ ထုတ်လုပ်နေတာဟာ ၅၆ ရာခိုင်နှုန်းခန့် ဖြစ်နေလို့ပါပဲ။ ၂၀၁၇ ခုနှစ်မှာ သုံးစွဲနေသူတွေ ပေးချေနေရတဲ့နှုန်းဟာ ဓာတ်အားတစ်ကီလိုဝပ်နာရီအတွက် အမေရိကန်ဒေါ်လာ သုည ဒသမ ၁၄ (14 US cent) ထိ မြင့်နေပါတယ်။ (Source; Electricity Prices to be cut for big Industry, July 6, 2017 by / sun Manet / Khmer Time)

အခန်း( ၉ )

ဖက်စပ်ရေအားလျှပ်စစ်ဆိုတာဘာလဲ

ရေအားလျှပ်စစ်စက်ရုံအသစ်တွေ တည်ဆောက်နေသလို တစ်ဖက်မှာလည်း လည်ပတ်ဆဲစက်ရုံတွေရဲ့ စွမ်းဆောင်ရည်ကို အပြည့်အဝ အသုံးချနိုင်အောင် စီမံဖို့လည်း လိုပါတယ်။ ရေအားလျှပ်စစ်စက်ရုံတွေထဲမှာ နိုင်ငံပိုင် ၂၂ ရုံ၊ ဖက်စပ်ပိုင် သုံးရုံနှင့် ပုဂ္ဂလိကပိုင် နှစ်ရုံ ပါပါတယ်။ ၂၀၁၈ ခုနှစ် မတ်လထိ စုစုပေါင်း တပ်ဆင်အင်အားဟာ ၃၂၂၁ မဂ္ဂါဝပ် ရှိပါတယ်။

နိုင်ငံပိုင်စက်ရုံတွေဖြစ်စေ၊ ဖက်စပ်နဲ့ ပုဂ္ဂလိကစက်ရုံတွေဖြစ်စေ ထုတ်နိုင်သမျှ ဓာတ်အားကိုရောင်းရပါမှ စီးပွားရေးတွက်ခြေ ကိုက်မှာပါ။ ဒါမှသာ ချေးငွေတွေ အချိန်မီပြန်ဆပ်နိုင်မယ်။ မူလတွက်ချက်ထားတဲ့ အရင်းကြေကာလမှာ အရင်းကြေမယ်။ ဓာတ်အားခလည်း သက်သာပါမယ်။ ရောင်းသူရော ဝယ်သူပါ အကျိုးများပါမယ်။         

ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံများရဲ့ သဘာဝ

ရေအားလျှပ်စစ်ရဲ့ သဘောသဘာဝအရ စက်ရုံတစ်ရုံမှာ အနည်းဆုံးစက်နှစ်လုံးနဲ့အထက် တပ်ဆင်ထားပါတယ်။ ဒီရည်ရွယ်ချက်က ရေအနည်းအများနဲ့ သုံးစွဲမှုအနည်းအများ ဖြစ်ပေါ်မှုနဲ့အညီ လိုသလိုမောင်းနှင်ပေးဖို့ပါပဲ။ စက်တစ်လုံးတည်း ကြီးကြီး တပ်ဆင်လို့ မဖြစ်ပါဘူး။ စက်ပစ္စည်းအစိတ်အပိုင်းတွေ သယ်ဆောင်တပ်ဆင်ရာမှာ ကြီးမားလေးလံလွန်းရင် တပ်ဆင်ရ၊ သယ်ပို့ရခက်ပြီး စရိတ်ကြီးတာကလည်းပါသလို စက်တွေကို အခါအားလျော်စွာ ပြုပြင်ရေးလုပ်တဲ့အခါ အလှည့်ကျစက်တစ်လုံးချင်း ရပ်နားပြုပြင် လို့ရတဲ့အတွက် ဓာတ်အားပြတ်တောက်မှုမဖြစ်တော့ပါဘူး။ ဒါကြောင့် စက်ရုံတစ်ရုံတည်ဆောက်ရာမှာ စက်အရေအတွက် သတ်မှတ်တော့မယ်ဆိုရင် အောက်ပါအချက်တွေကို ထည့်သွင်းစဉ်းစားရပါမယ်။

(က)     မြစ်ချောင်းတစ်လျှောက် အများဆုံးနဲ့ အနည်းဆုံး နှစ်စဉ်ပျမ်းမျှရေထုစီးနှုန်း၊ (Annual Inflow)

(ခ)       ရေလှောင်တမံအမျိုးအစားဖြစ်ပါက ရေလှောင်တမံမှ သိုလှောင်နိုင်မယ့်ရေပမာဏ၊ (Storage Capacity)

(ဂ)       ဓာတ်အားသုံးစွဲရာမှာ အမြင့်ဝန် (Peak Load) ၊ အလယ်အလတ်ဝန် (Intermediate Load)၊ အနိမ့်ဝန် (Off-Peak Load) ဆိုပြီး အချိန်သုံးမျိုးရှိရာ မိမိတည်ဆောက်မယ့်စက်ရုံဟာ ဘယ်အချိန်အတွက် အဓိကဖြည့်ဆည်းပေးမယ့် စက်ရုံဖြစ်တယ် ဆိုတာကို စဉ်းစားရပါမယ်။ (Type of Plant)

(ဃ)     စက်ပစ္စည်းအလေးချိန်၊ အရွယ်အစားနဲ့အညီ လမ်းများရဲ့ခံနိုင်ဝန် တပ်ဆင်ရာမှာ အသုံးပြုမည့် ဝန်ချီစက်အရွယ်အစား၊ သယ်ယူမည့် ယာဉ်အရွယ်အစား စတဲ့ဆက်စပ်လုပ်ငန်းအားလုံးကိုပါ ကြိုတင်စဉ်းစားရပါမယ်။ (Weight and size of Electromechanical Equipment)

(င)       စီမံကိန်းကုန်ကျစရိတ်ကို ဘယ်သူကျခံမည်လဲ၊ နိုင်ငံတော်ကလား၊ ပုဂ္ဂလိကလား၊ ဖက်စပ်လား စဉ်းစားပြီး ကုန်ကျမယ့်ငွေကို နှစ်စဉ် ကြိုတင်လျာထားနိုင်ခြင်း ရှိ/မရှိ၊ ချေးငွေဖြစ်ပါက ချေးငှားမည့်ကာလ၊ ကိုယ်ရောင်းချမယ့် ဓာတ်အားခဈေးနှုန်း၊ အတိုးစတာတွေကိုပါ ကြိုတင်တွက်ချက်ရပါမယ်။ (Financial Analysis)

နမူနာ ဖက်စပ်ဓာတ်အားပေးစက်ရုံ

ရွှေလီ(၁) ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံမှာ ၆၀၀ မဂ္ဂါဝပ် တပ်ဆင်ထားပါတယ်။ ၁၀၀ မဂ္ဂါဝပ် ခြောက်လုံးပါ။ မြန်မာဘက်ကို လေးလုံးချိတ်ဆက်ပြီး တရုတ်ဘက်ကို နှစ်လုံးချိတ်ဆက်ထားပါတယ်။ ဒီလိုခွဲထားရတာကလည်း ဓာတ်အားစနစ် အရည်အသွေးချ င်းမတူတာကြောင့်ပါပဲ။ မိမိတို့ အကုန်လုံးလိုချင်ရင် အကုန်လုံးဝယ်ယူလို့ရပါတယ်။ ဓာတ်အားခဈေးကတော့ ဖက်စပ်ကုမ္ပဏီနဲ့ ညှိနှိုင်းဝယ်ယူရမယ့်ဈေးပါပဲ။ နွေဈေး၊ မိုးဈေး၊ ဆောင်းဈေး ခွဲရောင်းပါတယ်။ ဘယ်လိုခွဲရောင်းရောင်း တရုတ်ဓာတ်အားစနစ်ထဲက ဈေးဟာ အခြားနိုင်ငံတွေထက်နည်းတဲ့အတွက် ရောင်းဈေးလည်း နည်းပါတယ်။ တရုတ်က တစ်ပြည်လုံး ဓာတ်အားခ သက်သာအောင် ရေအား၊ ကျောက်မီးသွေး၊ နျူကလီးယား သုံးမျိုးကို အဓိကထားမောင်းနေလို့ ဓာတ်အားခ သက်သာနေတာပါ။ ထိုင်းကတော့ ဓာတ်ငွေ့နဲ့ LNG ကို ပိုသုံးပြီး မောင်းနေတာဖြစ်လို့ သူ့ကိုရောင်းရင်တော့ ဈေးကောင်းရပါမယ်။ ရွှေလီမှာ နွေရာသီကာလ စက်နှစ်လုံးစာခန့်သာ  ရေစီးအားရှိတော့တဲ့အတွက် ၂၀၀ မဂ္ဂါဝပ်ခန့်သာ ပုံမှန်ထွက်ရှိပါတယ်။ ဒီလိုအချိန်မှာ မြန်မာဘက်ကိုသာ ဓာတ်အားပို့လွှတ်ပေးပါတယ်။ ထီးချိုင့်အနီးက တကောင်းတောင် နီကယ်ထုတ်လုပ်ရေးစက်ရုံကိုလည်း ဓာတ်အားမပြတ်တမ်းပေးရတာဖြစ်လို့ သူကတော့ ဦးစားပေး ပို့လွှတ်ရတယ်။ အများဆုံး ၃၀ မဂ္ဂါဝပ်ခန့် သုံးပါတယ်။ တရုတ်ဘက် သီးခြားဆက်သွယ်ထားတဲ့ စက်နှစ်လုံးထဲက ပေးတာပါ။ မပြတ်တမ်းပေးရတာဖြစ်လို့ တာဝန်ယူ အာမခံကြေးအဖြစ် သူ့ကိုရောင်းတဲ့ ဈေးဟာ ပုံမှန်ထက် 0.5 US cent (အမေရိကန်ဒေါ်လာ ဝ.၀၀၅) လောက် ဈေးပိုပါတယ်။ တကယ်လို့ စက်ရုံက မပေးနိုင်ရင်တောင် တရုတ်ဓာတ်အားစနစ်က ဝယ်ပေးနိုင်အောင် ဖက်စပ်နဲ့ ကြိုတင်စာချုပ်ချုပ်ထားကြပါတယ်။ ဒါဖက်စပ်ကုမ္ပဏီက ဆောင်ရွက်တာပါ။ ဓာတ်အားရောင်းသမျှရငွေဟာ ဖက်စပ်ကုမ္ပဏီစက်ရုံဝင်ငွေပါ။

နွေရာသီမှာ မိမိတို့နိုင်ငံမှာ အခြားရေအားစက်ရုံများလည်း ရေနည်း လာပါတယ်။ ဒီအချိန်မှာ တစ်နိုင်ငံလုံး ပူပြင်းတဲ့အချိန်ဖြစ်လို့ အများစုက လေအေးပေး စက်၊ ရေခဲစက်တွေ ပိုသုံးလာကြတာနဲ့ တိုက်ဆိုင်နေပါတယ်။ ဒါပေမဲ့ မိုးဖြိုင်ဖြိုင်ရွာလို့ ရေအားလျှပ်စစ် တမံတွေထဲ ရေဝင်လာချိန်၊ ရေပြည့်လာချိန်မှာ ဓာတ်အားအသုံးနည်းလာချိန်မှာတော့ ရေအားစက်ရုံတွေက အင်အားပြည့် ထုတ်လုပ်နိုင်ပေမယ့် ဓာတ်အားစနစ်က လိုအပ်ချက် လျော့နေလို့ လက်မခံတော့ပါဘူး။ ဒီအချိန်မှာ ရေအားလျှပ်စစ်စက်အချို့ နာရီပိုင်းရပ်နားထားရတာတွေဖြစ်ပြီး အသုံးချရမယ့်ရေတွေဟာ တမံရေကျော်ကနေ ရေလျှံကျနေပါတော့တယ်။ ဒါက ရေအား လျှပ်စစ်ရဲ့ သဘာဝကို မြင်သာအောင်ဖော်ပြတာပါ။

ဖက်စပ်များရဲ့ဒုက္ခ

တမံရေကျော်ကနေ ဖြစ်သင့်တာထက်ပိုပြီး ရေတွေလျှံနေတဲ့အထိ စက်တွေလျှော့မောင်းထားရတဲ့အတွက် ရေအားလျှပ်စစ် စက်ရုံတစ်ရုံရဲ့ နှစ်စဉ်အမြင့်ဆုံး ထုတ်လုပ်ပေးနိုင်တဲ့ ဓာတ်အားပမာဏ(ဓာတ်အားယူနစ်) ကျသွားတာမျိုးလည်း ရှိပါတယ်။ မူလရေအားလျှပ်စစ်စက်ရုံတစ်ရုံ တည်ဆောက်စဉ်က ရေအရင်းအမြစ်ရရှိနိုင်မှုအပေါ်မူတည်ပြီး တွက်ချက်ခဲ့မှုအရ ယူနစ်သန်းပေါင်း ၁၀၀ နှစ်စဉ်ထွက်မယ်လို့ ခန့်မှန်းတယ်ဆိုရင် ဓာတ်အားစနစ်က အနည်းဆုံး ၉၀ မှ ၉၅ ထိ ဝယ်ယူပေးမှသာ ရင်းနှီးမြှုပ်နှံသူများဟာ မူလတွက်ချက်ထားတဲ့ စီးပွားရေးတွက်ခြေကိုက်မှုဆန်းစစ်ချက် (Financial Analysis) အရ တွက်ခြေကိုက်ပါမယ်။ ချေးငွေတွေ အချိန်မီဆပ်နိုင်ကြပါမယ်။ အရင်းကျေကာလသတ်မှတ်ချက်အတိုင်း အရင်းကျေကြပါမယ်။ ဒါမှသာ ရင်းသူကလည်း ရင်းကြမှာ ဖြစ်ပါတယ်။

ဆက်လက်ဖော်ပြပါမည်။

မော်သာထွေး(မန္တလေး)