မန်းရွှေစက်တော်ရာ ဘုရားပွဲတော်ကာလအတွင်း အသုံးပြုနိုင်ရန်အတွက် မန်းချောင်းရေလှောင်တမံဆည်မှ ရေစတင်ပေးဝေ

မန်းရွှေစက်တော်ရာ ဘုရားပွဲတော်ကာလအတွင်း အသုံးပြုနိုင်ရန်အတွက် မန်းချောင်းရေလှောင်တမံဆည်မှ ရေစတင်ပေးဝေ

မင်းဘူး(စကု)၊ လူမှုရေး

မကွေးတိုင်းဒေသကြီး မင်းဘူး(စကု) မြို့နယ်ရှိ မန်းရွှေစက်တော်ရာဘုရားပွဲတော် ကာလအတွင်း အသုံးပြုနိုင်ရန်အတွက် မန်းချောင်းရေလှောင်တမံဆည်မှ ဇန်နဝါရီ ၂၅ ရက်တွင်ဖွင့်လှစ်သည့်   မန်းရွှေစက်တော်ရာ ဘုရားပွဲတော်ဖွင့်ပွဲအမီ ဇန်နဝါရီ ၂၄ ရက် မှစ၍ဆည်ရေ (၁၀၀-ကုဗပေ/စက္ကန့်) စတင်ပေးဝေနေပြီဖြစ်ကြောင်း သိရသည်။

ယခုနှစ်   မန်းရွှေစက်တော်ရာဘုရားပွဲမဖွင့်မီ တည်းခိုဆောင်များဆောက်လုပ်ရန် နှင့် ရေအသုံးပြုနိုင်ရန် ပန်းထိန်းမန်းချောင်း ရေကို ပေးဝေထားပြီး ဇန်နဝါရီ ၂၄ ရက် မှစ၍ မန်းချောင်းတမံဆည်ရေ (၁၀၀- ကုဗပေ/စက္ကန့်) လွှတ်ပေးနေပြီဖြစ်ရာ မန်းချောင်း တစ်လျှောက် ရေအနည်းငယ် တိုးလာမည်ဖြစ်သည်။

ဘုရားဖူးပြည်သူများနှင့် တည်းခိုဆောင် များ အဆင်ပြေစေရေးအတွက် ဘုရားပွဲ တော်ကာလတစ်လျှောက် ဆည်ရေ (၁၀၀ နှင့် ၁၅၀ ကုဗပေ/စက္ကန့်) ကြားပုံမှန်ရေပေး ဝေမည်ဖြစ်ကြောင်းနှင့် ၂၀၂၂ ခုနှစ် မိုး ရာသီတွင် ဆည်အတွင်းရေဝင်ရောက်မှု နည်းပါးသော ကြောင့် ဆည်ရေကိုချိန်ဆ၍ ပေးဝေမည်ဖြစ်ကြောင်း ငဖဲမြို့နယ်ဆည် မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ဦးစီးမှူး ဦးမျိုးဇင်သက်က ပြောသည်။

ငဖဲမြို့နယ်ရှိ မန်းချောင်းရေလှောင် တမံဆည်သည် ငဖဲမြို့နယ်နှင့် မင်းဘူး (စကု) မြို့နယ်အတွင်းရှိ နွေ၊ မိုး၊ ဆောင်း သီးနှံများ စိုက်ပျိုးရန်အတွက်သာမက မန်းရွှေစက်တော်ရာဘုရားပွဲတော်စည်ကားသိုက် မြိုက်စွာ ကျင်းပနိုင်ရေး၊ ဘုရားဖူးပြည်သူများ စိတ်အေးချမ်းသာစွာ ရေကစားနိုင်ရေး၊  အနားယူနိုင်ရေး၊  မီးဘေးကြိုတင် ကာကွယ်ရေးတို့အတွက်ပါ ဘက်စုံအကျိုး ပြုနေသော ဆည်တစ်ခုဖြစ်ကြောင်း  သိရ သည်။                 

မယု(ငဖဲ)