နေပြည်တော် ဇန်နဝါရီ ၂၅
မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့ အမှတ်(၁၀)ရပ်ကွက် မဟာဝိသုတာရာမ(အလယ်)တိုက် ပဓာနနာယက နိုင်ငံတော်သြဝါဒါစရိယ ဘဒ္ဒန္တဝိစာရ မဟာထေရ်မြတ်ကြီး ဘဝနတ်ထံပျံလွန်တော်မူ
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အမှတ်(၁၀)ရပ်ကွက်၊ မဟာဝိသုတာရာမ(အလယ်)တိုက် ပဓာနနာယက၊ နိုင်ငံတော်သြဝါဒါစရိယ ဘဒ္ဒန္တဝိစာရ (အဘိဓဇမဟာရဋ္ဌဂုရု၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ) မဟာထေရ်မြတ်ကြီးသည် သက်တော်(၉၁)နှစ်၊ သိက္ခာတော်(၇၁)ဝါအရ ၁၃၈၄-ခုနှစ်၊ တပို့တွဲလဆန်း(၄)ရက်၊ ဇန်နဝါရီ ၂၄ ရက်၊ အင်္ဂါနေ့၊ ည ၁၀ နာရီ ၁၀ မိနစ်တွင် ဘဝနတ်ထံပျံလွန်တော်မူကြောင်း သာသနာရေးဦးစီးဌာနမှ သတင်းရရှိသည်။ (သတင်းစဉ်)
နိုင်ငံတော်သြဝါဒါစရိယ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အမှတ်(၁၀)ရပ်ကွက် မဟာဝိသုတာရာမ(အလယ်)တိုက် ပဓာနနာယက ဆရာတော် ဘဒ္ဒန္တဝိစာရ (အဘိဓဇမဟာရဋ္ဌဂုရု၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ)၏ ထေရုပ္ပတ္တိအကျဉ်း
ဖွားမြင်တော်မူခြင်း
ဆရာတော်လောင်းလျာသည် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ မြစ်သာကျေးရွာတွင် ခမည်းတော် ဦးတေး+မယ်တော် ဒေါ်ငွေရှင်တို့မှ ၁၂၉၄-ခုနှစ်၊ နယုန်လဆန်း(၅)ရက်၊ ဗုဒ္ဓဟူးနေ့တွင် ဖွားမြင်တော်မူသော သားရတနာဖြစ်ပါသည်။
ရှင်ရဟန်းပြုတော်မူခြင်း
ဆရာတော်လောင်းလျာသည် ၁၃၁၀ ပြည့်နှစ်၊ ဝါဆိုလဆန်း(၉)ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့နယ်၊ နဂါးပေါက် ကျေးရွာ၊ ရွှေမြင်တင်မြောက်ကျောင်းဆရာတော် ဘဒ္ဒန္တအာလောကကို ဥပဇ္ဈာယ်ပြု၍ မိဘနှစ်ပါးတို့၏ ပစ္စယာနုဂ္ဂဟကိုခံယူကာ ရှင်သာမဏေပြုခဲ့ပါသည်။ ၁၃၁၃ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း(၁၂)ရက်နေ့တွင် မြင်းခြံမြို့နယ်၊ မြစ်သာကျေးရွာ ခဏ္ဍသိမ်၌ ဖက်ပင်အိုင်ကျောင်းဆရာတော် ဘဒ္ဒန္တစန္ဒောဘာသ မဟာထေရ်ကို ဥပဇ္ဈာယ်ပြု၍ ဦးသိန်းမောင်+ဒေါ်ကြွေတို့၏ ပစ္စယာနုဂ္ဂဟကို ခံယူကာ မြင့်မြတ်သော ရဟန်းအဖြစ်သို့ ရောက်ရှိတော်မူခဲ့ပါသည်။
ပရိယတ္တိစာပေသင်ယူဆည်းပူးတော်မူခြင်း
ဆရာတော်လောင်းလျာသည် ပခုက္ကူမြို့၊ မဟာဝိသုတာရာမကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တနန္ဒဝံသ၊ ရတနာသိဒ္ဓိကျောင်းတိုက် အုပ်ဆရာတော် ဘဒ္ဒန္တနန္ဒိယ၊ တိလောကာလင်္ကာရကျောင်း တိုက်အုပ်ဆရာတော် ဘဒ္ဒန္တ မာဃိန္ဒ၊ ဓမ္မောဒယကျောင်းဆရာတော် ဘဒ္ဒန္တနေမိန္ဒ၊ သာသနာ့ဇောတိပါလကျောင်းကြီးဆရာတော် ဘဒ္ဒန္တနန္ဒာစရိယ၊ ဈေးကျောင်းဆရာတော် ဘဒ္ဒန္တနာယက၊ သဒ္ဓမ္မ ဇောတိကကျောင်းဆရာတော် ဘဒ္ဒန္တပညိန္ဒ၊ သာသနာလင်္ကာရကျောင်းဆရာတော် ဘဒ္ဒန္တဂန္ဓမာ၊ မန္တလေးမြို့၊ ဘုရားကြီးတိုက်၊ နယားကျောင်းဆရာတော် ဘဒ္ဒန္တမေဃိယ၊ အမရပူရကျောင်းဆရာတော် ဘဒ္ဒန္တဥက္ကံသ၊ ရွှေရေးဆောင်တိုက်ဆရာတော် ဘဒ္ဒန္တပဏ္ဍ၀ စသည့် ဆရာတော်များထံမှ ပရိယတ္တိစာပေများကို သင်ယူဆည်းပူးခဲ့ပြီး “သာသနဓဇဓမ္မာစရိယ၊ အဘိဓမ္မပါဠိပါရဂူ” ဘွဲ့တို့ကို ရရှိတော်မူခဲ့ပါသည်။
သာသနာရေးအားပေးဆောင်ရွက်တော်မူခြင်း
ဆရာတော်သည် သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်တွင် ပထမအကြိမ် မြို့နယ်ဝိနည်းဓိုရ်၊ တိုင်းဒေသကြီးဝိနည်းဓိုရ်၊ နိုင်ငံတော် ဝိနည်းဓိုရ်၊ ဒုတိယအကြိမ် သက်တမ်းတစ်ဝက်နှင့် တတိယအကြိမ် သက်တမ်း တစ်ဝက်၌ မြို့နယ်သံဃနာယက ဒုတိယ ဥက္ကဋ္ဌဆရာတော်အဖြစ်လည်းကောင်း၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အဖွဲ့ဝင်နှင့် တွဲဖက်အကျိုးတော်ဆောင်အဖြစ် ဆောင်ရွက်တော်မူခဲ့ခြင်းနှင့် နိုင်ငံတော်သြဝါဒါစရိယဆရာတော်အဖြစ် သာသနာ့တာဝန်များကို ဆောင်ရွက်တော်မူခဲ့ပါသည်။
ဘွဲ့တံဆိပ်တော်အလှူခံရရှိတော်မူခြင်း
ဤသို့လျှင် ဗုဒ္ဓသာသနာအကျိုးကို ထက်သန်သော ဝီရိယဖြင့် သယ်ပိုးဆောင်ရွက်တော်မူခဲ့သော သာသနဓုရာဝဟဂုဏ်၊ အဂ္ဂမဟာပဏ္ဍိတ လဒ္ဓလဉ္ဆနဂုဏ်၊ ရတ္တညူမဟာနာယကဂုဏ်၊ ပိဋကတ္တယဆေကဂုဏ်၊ ပရဟိတာဝဟဂုဏ်၊ သာသနဟိတဓရဂုဏ်၊ ခမာဇာဂရိယဂုဏ်၊ လဇ္ဇီပေသလ သိက္ခာကာမဂုဏ် စသည်တို့နှင့် ပြည့်စုံတော်မူခြင်းတို့ကြောင့် နိုင်ငံတော်အစိုးရက ဆရာတော်ကြီး အား ၁၉၉၂ ခုနှစ်တွင် “အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ”၊ ၁၉၉၃ ခုနှစ်တွင် “အဂ္ဂမဟာပဏ္ဍိတ”၊ ၂၀၀၃ ခုနှစ်တွင် “အဂ္ဂမဟာ သဒ္ဓမ္မ ဇောတိကဓဇ”၊ ၂၀၁၅ ခုနှစ်တွင် “အဘိဓဇမဟာရဋ္ဌဂုရု” ဘွဲ့တံဆိပ်တော်မြတ်တို့ကို ဆက်ကပ်လှူဒါန်း ခဲ့ပါသည်။
ဘဝနတ်ထံပျံလွန်တော်မူခြင်း
ဆရာတော်ကြီးသည် သာသနာတော်အကျိုးကို သယ်ပိုးဆောင်ရွက်တော်မူရင်း သက်တော်(၉၁)နှစ်၊ သိက္ခာတော်(၇၁)ဝါအရ ၁၃၈၄-ခုနှစ်၊ တပို့တွဲလဆန်း(၄)ရက်၊ (၂၄-၁-၂၀၂၃)၊ အင်္ဂါနေ့၊ ည (၁၀း၁၀) နာရီအချိန်တွင် ဘဝနတ်ထံပျံလွန်တော်မူကြောင်း သာသနာရေး ဦးစီးဌာနမှ သတင်းရရှိသည်။
(၅၀၀)