နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်နိုင်မည့် လုပ်ငန်းများ ဆိုလာပါဝါစနစ်နှင့် စိုက်ပျိုးရေး နည်းစနစ်များ အသုံးပြုနိုင်မည့်ကိစ္စများ ဆွေးနွေး

နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်နိုင်မည့် လုပ်ငန်းများ ဆိုလာပါဝါစနစ်နှင့် စိုက်ပျိုးရေး နည်းစနစ်များ အသုံးပြုနိုင်မည့်ကိစ္စများ ဆွေးနွေး

မန္တလေး  ဇန်နဝါရီ  ၂၆

    မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမောင်ကိုသည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ အပြည်ပြည်ဆိုင်ရာ One Belt One Road ဥက္ကဋ္ဌ Mr.Chen En Tian ဦးဆောင်သော အဖွဲ့အား ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး နှစ်ထပ်ဆောင် အစည်းအဝေးခန်းမ၌ ရင်းနှီးစွာ လက်ခံတွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံရာတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် မြန်မာနိုင်ငံသည်  နှစ်ပေါင်းများစွာကတည်းက ဆွေမျိုးပေါက်ဖော်များဖြစ်ခဲ့ကြောင်း၊ တစ်နိုင်ငံနှင့် တစ်နိုင်ငံ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ကိစ္စရပ်များတွင်လည်း ယနေ့ထိတိုင် ကူညီ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည့် အထောက် အထား များစွာရှိခဲ့ကြောင်း၊  တစ်နိုင်ငံနှင့် တစ်နိုင်ငံ ဥပဒေစည်းကမ်းများကို လိုက်နာပြီး  ချစ်ကြည်ရင်းနှီးစွာ လုပ်ကိုင်ခြင်းဖြင့် နှစ်နိုင်ငံအကျိုးရှိပြီး ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

၎င်းနောက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အပြည်ပြည်ဆိုင်ရာ One Belt One Road ဥက္ကဋ္ဌ Mr.Chen En Tian နှင့်အဖွဲ့မှ တွေ့ဆုံရခြင်း၏ ရည်ရွယ်ချက်များ၊  One Belt One Road  ၏ ဆောင်ရွက်နေသည့် စီမံကိန်းများနှင့် ရှေ့ဆက် ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များ၊ ဘက်စုံဖွံ့ဖြိုးတိုးတက် ရေးအတွက် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်နိုင်မည့် လုပ်ငန်းများ၊ စီးပွားရေး ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာကိစ္စရပ်များ၊ လမ်းပန်းဆက်သွယ်ရေး၊ ဆိုလာပါဝါစနစ်နှင့် စိုက်ပျိုးရေးနည်းစနစ်များ အသုံးပြုနိုင်မည့် ကိစ္စများနှင့် ပတ်သက်၍   ရှင်းလင်းဆွေးနွေးရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က တိုင်းအတွင်း ရင်းနှီးမြှုပ်နှံမှု ဆောင်ရွက်နိုင်မည့် လုပ်ငန်းများနှင့် ပတ်သက်၍ တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့်  လိုအပ်သည်များကို မူဘောင်များနှင့်အညီ  ကူညီဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးပြောကြားခဲ့ကာ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သိရသည်။