၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲလုပ်ငန်းများကို လုပ်ထုံးလုပ်နည်းနှင့် အညီ စည်းမျဉ်းစည်းကမ်း တိကျစွာလိုက်နာ၍ စနစ်တကျ ဆောင်ရွက်ပေးကြရမည်

၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲလုပ်ငန်းများကို လုပ်ထုံးလုပ်နည်းနှင့် အညီ စည်းမျဉ်းစည်းကမ်း တိကျစွာလိုက်နာ၍ စနစ်တကျ ဆောင်ရွက်ပေးကြရမည်

နေပြည်တော်  ဇန်နဝါရီ  ၂၆

    ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲသည် (KG + 12) စနစ်သစ် သင်ရိုးသစ်ဖြင့် ကျင်းပဖြေဆိုကြရမည် ဖြစ်သဖြင့် ဘာသာရပ်အလိုက် မေးခွန်းပုံစံနှင့် မေးခွန်းနမူနာ တို့ကို ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ ကြိုတင်သိရှိပြီး သင်ကြားလေ့လာနိုင်ရန် အတွက် ၂၀၂၃ ခုနှစ် ဇွန်လ ကျောင်းဖွင့်ရက်မတိုင်မီ မေလဆန်းတွင် ထုတ်ပြန်ပေးနိုင်ရေး ဆွေးနွေးညှိနှိုင်း ပြုစုကြရန် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာညွန့်ဖေက တက္ကသိုလ် ဝင်တန်းစာမေးပွဲ  စာစစ်မှူးချုပ်များနှင့် တာဝန်ရှိသူများကို ယနေ့နံနက်ပိုင်းတွင် မှာကြားလိုက်သည်။

နေပြည်တော်ရှိ ပညာရေး ဝန်ကြီးဌာန၌ ကျင်းပသည့် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲမေးခွန်းပုံစံ ညှိနှိုင်း အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ထိုသို့မှာကြား ခဲ့ခြင်းဖြစ်ပြီး ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ လုပ်ငန်းများကို လုပ်ထုံးလုပ်နည်းနှင့်အညီ  စည်းမျဉ်းစည်းကမ်း တိကျစွာလိုက်နာ၍ စနစ်တကျ ဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း၊ အခြေခံပညာ KG + 12 နှင့် ချိတ်ဆက်မိသော တက္ကသိုလ်သင်ရိုး ညွှန်းတမ်းများကို ဆက်လက်ရေးဆွဲ ပြုစုကြရမည်ဖြစ်ကြောင်း ဆက်လက်ပြောကြားခဲ့သည်။

ယင်းအစည်းအဝေးတွင် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က  သတ်မှတ်ကာလအတွင်း ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်ကို လည်းကောင်း၊ စာစစ်မှူးချုပ်များက ဘာသာရပ်အလိုက်   ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို လည်းကောင်း ဆွေးနွေးတင်ပြခဲ့ကြပြီး  ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ  ပေါင်းစပ် ညှိနှိုင်းပေးခဲ့သည်။