နှစ်နိုင်ငံအကြား ကုန်သွယ်မှုလမ်းကြောင်းများ ရှာဖွေဖော်ထုတ်ရေးနှင့် ရုရှားကုမ္ပဏီများ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်လုပ်ဆောင်ရန်ဆွေးနွေး

နှစ်နိုင်ငံအကြား ကုန်သွယ်မှုလမ်းကြောင်းများ ရှာဖွေဖော်ထုတ်ရေးနှင့် ရုရှားကုမ္ပဏီများ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်လုပ်ဆောင်ရန်ဆွေးနွေး

နေပြည်တော်  ဇန်နဝါရီ  ၂၆

 

အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန   ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်သည် ရုရှား-မြန်မာချစ်ကြည် ရေးနှင့်  ပူးပေါင်းဆောင်ရွက်ရေးအသင်း ဒုတိယဥက္ကဋ္ဌ မစ္စတာအန်နာသိုလီဘူးလော့ချ် နိကော့ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ အား ယနေ့နံနက် ၁၀ နာရီခွဲတွင် နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၌  လက်ခံတွေ့ဆုံခဲ့သည်။

တွေ့ဆုံစဉ်  ပြည်ထောင်စုဝန်ကြီးက မြန်မာ-ရုရှား နှစ်နိုင်ငံသံတမန်ဆက်ဆံရေး ထူထောင်မှုသည် ယခုနှစ်တွင် စိန်ရတု နှစ်ပတ်လည်တိုင်ခဲ့ပြီဖြစ်ကြောင်း၊ ၁၉၅၀ ပြည့်လွန်ကာလများတွင်  နှစ်နိုင်ငံအကြား ဆက်ဆံရေးအထူးကောင်းမွန်ခဲ့ပြီး  ယခုတစ်ဖန် နှစ်နိုင်ငံဆက်ဆံရေးမှာ စာမျက်နှာ သစ်တစ်ခုဖွင့်လှစ်နိုင်ခဲ့ပြီ ဖြစ်ကြောင်း ပြောကြားခဲ့သည်။   ထို့နောက် ပြည်ထောင်စု ဝန်ကြီးက ပညာရေး၊ ပို့ဆောင်ရေး၊ ခရီးသွားလာရေး၊ လျှပ်စစ်၊ စွမ်းအင်၊ ဘဏ္ဍာရေးအစရှိသည့်ကဏ္ဍများတွင် ပူးပေါင်းဆောင် ရွက်မှုများ မြှင့်တင်နိုင်ရေး၊ နှစ်နိုင်ငံအကြား ကုန်သွယ်မှုလမ်းကြောင်းများ ရှာဖွေဖော်ထုတ်ရေးနှင့် ရုရှားကုမ္ပဏီများ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်လုပ်ဆောင်ရန် ကိစ္စတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးပြောကြားခဲ့သည်။

တွေ့ဆုံပွဲသို့ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနမှ အဆင့်မြင့် အရာရှိကြီးများနှင့် ရုရှား-မြန်မာချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအသင်းမှ ကိုယ်စားလှယ်များ    တက်ရောက်ခဲ့ကြသည်။