နှစ်နိုင်ငံအကြား ပို့ဆောင်ရေး၊ ခရီးသွားလုပ်ငန်း၊ လျှပ်စစ်၊ စွမ်းအင်၊ ကုန်သွယ်ရေးနှင့် ဘဏ္ဍာရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်နိုင်ရေးဆွေးနွေး

နှစ်နိုင်ငံအကြား ပို့ဆောင်ရေး၊ ခရီးသွားလုပ်ငန်း၊ လျှပ်စစ်၊ စွမ်းအင်၊ ကုန်သွယ်ရေးနှင့် ဘဏ္ဍာရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်နိုင်ရေးဆွေးနွေး

နေပြည်တော်  ဇန်နဝါရီ  ၂၆

 

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည် ရုရှား-မြန်မာ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး အသင်းဒုတိယဥက္ကဋ္ဌ မစ္စတာအန်နာသိုလီ ဘူးလော့ချ်နိကော့ ဦးဆောင်သော ကိုယ်စား လှယ်အဖွဲ့အား ယနေ့နံနက် ၁၁ နာရီခွဲတွင် နေပြည်တော်ရှိ  နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့သည်။

တွေ့ဆုံစဉ်     ပြည်ထောင်စုဝန်ကြီးက မြန်မာ-ရုရှား နှစ်နိုင်ငံသံတမန်ဆက်ဆံရေး ထူထောင်မှုသည် (၇၅)နှစ် စိန်ရတုနှစ်ပတ်လည်သို့ ရောက်ရှိပြီဖြစ်ကြောင်း၊  ၂၀၂၂ ခုနှစ် စက်တင်ဘာလအတွင်းက ရုရှားနိုင်ငံ ဗလာဒီဗော့စတော့မြို့၌   ပြုလုပ်ခဲ့သည့် အရှေ့ဖျားစီးပွားရေးဖိုရမ်ကာလအတွင်း နှစ်နိုင်ငံအကြီးအကဲများ    တွေ့ဆုံခဲ့မှုမှတစ်ဆင့် စီးပွားရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများ   အရှိန်မြှင့်ဆောင်ရွက်လျက်ရှိကြောင်း  စသည်ဖြင့် ဆွေးနွေးပြောကြားခဲ့သည်။

ဆက်လက်၍ နှစ်နိုင်ငံအကြား ပို့ဆောင်ရေး၊ ခရီးသွားလုပ်ငန်း၊ လျှပ်စစ်၊ စွမ်းအင်၊ ကုန်သွယ်ရေးနှင့် ဘဏ္ဍာရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်နိုင်မည့် အခြေအနေများနှင့်စပ်လျဉ်း၍   နှစ်ဖက် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ    အမြဲတမ်းအတွင်းဝန်နှင့်  အဆင့်မြင့်အရာရှိကြီးများနှင့် ရုရှား-မြန်မာချစ်ကြည်ရေးနှင့်   ပူးပေါင်းဆောင်ရွက်ရေးအသင်းမှ ကိုယ်စားလှယ်များ  တက်ရောက်ခဲ့ကြသည်။