လားရှိုးမြို့၌ သီရိသနန္တန ဓမ္မဟိန္ဒူ ဘုရားကျောင်းဖွင့်ပွဲပြုလုပ်

လားရှိုးမြို့၌ သီရိသနန္တန ဓမ္မဟိန္ဒူ ဘုရားကျောင်းဖွင့်ပွဲပြုလုပ်

နေပြည်တော်၊ ဇန်နဝါရီ - ၂၇

      ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၌၊ သီရိသနန္တနဓမ္မ ဟိန္ဒူဘုရားကျောင်း ဖွင့်ပွဲကို ယနေ့နေ့လယ်ပိုင်းတွင် ပြုလုပ်ရာ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် နိုင်နိုင်ဦး၊ ပြည်နယ်အစိုးရအဖွဲ့ခွဲ (ရှမ်းမြောက်)ဥက္ကဋ္ဌ ဦးမျိုးကျော်၊ ဘုရား ကျောင်းဥက္ကဋ္ဌ ဦးသိန်းလွင်၊ အထက်မြန်မာပြည် ဟိန္ဒူဘာသာရေး အဖွဲ့ခွဲ(မန္တလေး)နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ဂေါ်ရခါးအဖွဲ့ချုပ်နှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြ သည်။

      ဦးစွာ ဟိန္ဒူပန္တိတများက ကျမ်းစာများအား ရွတ်ဖက်ပူဇော်ကြသည်။ ထို့နောက် တိုင်းမှူးနှင့် အဖွဲ့ဝင်များက သီရိ သနန္တန ဓမ္မ ဟိန္ဒူဘုရားကျောင်းအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး ကျောက်စာကဗ္ဗည်းများအား အမွှေးနံ့သာရည်များပက်ဖျန်းကြသည်။ ယင်းနောက် တိုင်းမှူးနှင့် အဖွဲ့ဝင်များက  ဘုရားဆင်းတုတော်များအား ပန်း၊ ရေချမ်း၊ ဆီမီးနှင့် သစ်သီးများ ကပ်လှူပူဇော်ကြပြီး တက်ရောက်လာကြသူများက အလံ တင်ခြင်းနှင့် ဓမ္မသီချင်းများ ရွတ်ဖတ်ပူဇော်ကြသည်။ ၎င်းနောက် တိုင်းမှူးက သီရိသနန္တနဓမ္မ ဟိန္ဒူဘုရားကျောင်း အတွက် အလှူငွေများ ပေးအပ်လှူဒါန်းရာ ဘုရား ဂေါပကအဖွဲ့များနှင့် တာဝန်ရှိသူများက လက်ခံရယူကြပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

     အဆိုပါ ဘုရားကျောင်းကြီးအား လွန်ခဲ့သော ၁၇၆ နှစ်က လားရှိုးမြို့၌နေထိုင်ကြ သည့် ဟိန္ဒူဘာသာဝင်များက စတင်တည်ဆောက် ခဲ့ခြင်းဖြစ်ပြီး ယခုအခါ နှစ်ပေါင်း များစွာကြာမြင့်ခဲ့ပြီဖြစ်သောကြောင့် ဂေါပကအဖွဲ့များနှင့် အလှူရှင်များ စုပေါင်း၍ ပြန်လည်အသစ်ဆောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်းနှင့် အဆိုပါကျောင်း၌ အိန္ဒိယနိုင်ငံ၊ ဇေယျပူရ်(Jaipur)မြို့မှ ပင့်ဆောင်ခဲ့သည့် ဘုရားဆင်းတုတော်များကို တည်ထား ကိုးကွယ်ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။