ကချင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး ကျင်းပသည့် ဒုတိယအကြိမ် စာအောင်ဆုနှင်း သဘင် မင်္ဂလာပြုလုပ်

ကချင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး ကျင်းပသည့် ဒုတိယအကြိမ် စာအောင်ဆုနှင်း သဘင် မင်္ဂလာပြုလုပ်

နေပြည်တော်၊ ဇန်နဝါရီ - ၂၇

   ကချင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် ဒုတိယအကြိမ်စာအောင် ဆုနှင်းသဘင်မင်္ဂလာကို ယနေ့တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ အံ့တော်ရှင် တောင်တန်းသာသနာပြု ဗဟိုကျောင်းတိုက်၌ ပြုလုပ်ရာ ကချင်ပြည်နယ်၊ သံဃာ့ နာယကအဖွဲ့ အကျိုးတော်ဆောင် ဓမ္မရက္ခိတဝန်းသိုကျောင်းတိုက်ဆရာတော် အဂ္ဂမဟာပဏ္ဍိတဘဒ္ဒန္တကေတုမာလာ အမှူးပြုသော ပင့်သံဃာများ၊ စာအောင် သံဃာတော်များနှင့် စာအောင်သီလရှင် ဆရာလေးများ ကြွရောက်တော်မူကြပြီး ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုမောင်နှင့် အဖွဲ့ဝင်များ၊ ပြည်နယ်အစိုးရအဖွဲ့မှ ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ တပ်ရင်း၊ တပ်ဖွဲ့များမှ အရာရှိ၊ စစ်သည် မိသားစုဝင်များနှင့် ဧည့်ပရိတ်သတ်များ တက်ရောက်ကြသည်။

      ဦးစွာ ဓမ္မရက္ခိတ ဝန်းသိုကျောင်းတိုက် ဆရာတော်နှင့် သံဃာတော်များအား ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက နေ့ဆွမ်းများဆက်ကပ် လှူဒါန်းကြပြီး အခမ်းအနားကို နမောတဿ(၃) ကြိမ်ရွတ်ဆို၍ဖွင့်လှစ် ကြသည်။ထို့နောက် သံဃာတော်များထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြပြီး ပြည်နယ်အစိုးရအဖွဲ့မှ လူမှုရေးဝန်ကြီးက သာသနာရေးဆိုင်ရာများ လျှောက်ထား တင်ပြ၍ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက သံဃာတော်များထံ လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းကြသည်။

    ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ၂၀၂၂ ခုနှစ်အတွင်း ကချင်ပြည်နယ်၊ မြစ်ကြီးနား စာဖြေဌာနတွင် အစိုးရဓမ္မာစရိယ၊ ပါဠိပထမပြန်၊ နိကာယ်၊ အဘိဓမ္မာနှင့် ဝိသုဒ္ဓိမင်္ဂစာမေးပွဲအောင် သံဃာ ၁၀၂ ပါးနှင့် သီလရှင်ဆရာလေး ၁၄ ပါးတို့အား ဆုလက်မှတ်များနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်ပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက် လာကြသူများက သံဃာတော်များနှင့် သီလရှင်များအား ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လောင်းလှူ ပူဇော်ခဲ့ကြကြောင်း သတင်းရရှိပါသည်။