တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးတို့ရှိ ဘုရားစေတီပုထိုးများနှင့် ဘုန်းတော်ကြီး ကျောင်းများ၌ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်၍ စုပေါင်းကုသိုလ်ပြု

တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးတို့ရှိ ဘုရားစေတီပုထိုးများနှင့် ဘုန်းတော်ကြီး ကျောင်းများ၌ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်၍ စုပေါင်းကုသိုလ်ပြု

နေပြည်တော်၊ ဇန်နဝါရီ - ၂၇

       တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့နယ်များမှ ဘုရားစေတီများသို့ ဘုရားဖူးလာရောက်ကြမည့် ရဟန်းသံဃာတော်များနှင့် အများပြည်သူများ စိတ် အေးချမ်းသာစွာ တရားဘာဝနာပွားများ၍ ဖူးမြော်ကြည်ညိုနိုင်စေရေးအတွက် ဘုရား၊ စေတီ၊ ပုထိုးတော်များနှင့် ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရန် သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ နယ်မြေခံ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများက သန့်ရှင်းရေးလုပ်ငန်းများ ကုသိုလ်ပြု စုပေါင်းဆောင်ရွက်လျက်ရှိသည်။

   ထိုသို့ ဘုရားစေတီပုထိုးများနှင့် ဘုန်းတော်ကြီးကျောင်းများ၌ စုပေါင်းသန့်ရှင်း ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ အတွင်းရှိ မြို့နယ်(၈)နယ်တို့၌ လည်းကောင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း)အတွင်းရှိ မြို့နယ်(၃)မြို့နယ်တို့၌ လည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီး အတွင်းရှိ မြို့နယ် (၁၀)မြို့နယ်တို့၌ လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ မြို့နယ်(၂၆)မြို့နယ် တို့၌လည်းကောင်း၊ ရခိုင်ပြည်နယ် အတွင်းမြို့နယ်(၁၇)မြို့နယ်နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့၌လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး အတွင်းရှိ မြို့နယ်(၄) မြို့နယ်တို့၌လည်းကောင်း ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များ ရှင်းလင်းခြင်း၊ ရေနုတ်မြောင်းများ တူးဖော်ပေးခြင်း၊ ဘုရား၊ စေတီများနှင့် ရုပ်ပွားတော်များအား ရောင်တော်ဖွင့်ပေးခြင်း၊ ထုံးသင်္ကန်းများ ဆက်ကပ်ခြင်း စသည့် သန့်ရှင်းရေးလုပ်ငန်းများကို ကုသိုလ်ပြု ဆောင်ရွက်ကြသည်။

       ယင်းသို့ ဆောင်ရွက်နေမှုများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများ နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု အားပေးပြီး လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။