မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် မုပ္ပလင်ဘူတာနှင့် ကျိုက္ကသာဘူတာအကြား တံတားအမှတ်(၄၁)အား အကြမ်းဖက်သမားများက မိုင်းထောင် ဖောက်ခွဲဖျက်ဆီး

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် မုပ္ပလင်ဘူတာနှင့် ကျိုက္ကသာဘူတာအကြား တံတားအမှတ်(၄၁)အား အကြမ်းဖက်သမားများက မိုင်းထောင် ဖောက်ခွဲဖျက်ဆီး

နေပြည်တော်၊ ဇန်နဝါရီ - ၂၇

       ပဲခူး-မော်လမြိုင်လမ်းပိုင်းရှိ မွန်ပြည်နယ်၊ မုပ္ပလင်ဘူတာနှင့် ကျိုက္ကသာ ဘူတာအကြား မိုင်တိုင်အမှတ်၊ ၈၈/၂၂-၂၄ ရှိ တံတားအမှတ် (၄၁)အား  ဇန်နဝါရီ ၂၆ ရက် နံနက် ၄ နာရီခန့်တွင် အကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲခဲ့ရာ တံတားပျက်စီးခဲ့ပြီး မပေါက်ကွဲသေးသည့် လက်လုပ်မိုင်း(၁၀)လုံးကိုလည်း တွေ့ရှိရသဖြင့် မုပ္ပလင်-ကျိုက္ကသာ ရထားလမ်းပိုင်းအား နံနက်(၈) နာရီ(၅၀)မိနစ်တွင် ပိတ်ထားခဲ့ရကြောင်း သိရှိရသည်။

      မိုင်းပေါက်ကွဲမှုကြောင့် တံတား၏ အပေါ်ချုပ်တန်းမိန်းခုံ(Top Cord) ပျက်စီးခဲ့ပြီး တံတား ကြံ့ခိုင်မှုစစ်ဆေးပြုပြင်၍ ရထားများ အမြန်ဆုံး ပြန်လည်ဖြတ်သန်းနိုင်ရေးအတွက် မြန်မာ့မီးရထား ရုံးချုပ်မှ တာဝန်ရှိသူများ၏ ကြီးကြပ်မှုဖြင့် မြို့ပြအင်ဂျင်နီယာဌာန တံတားလုပ်ငန်းအဖွဲ့နှင့် တိုင်းအမှတ်(၈)ရှိ တာဝန်ရှိသူများက နေ့ရောညပါ အစွမ်းကုန်ကြိုးပမ်း ဆောင်ရွက်လျက်ရှိပြီး လမ်းပိုင်းအား အမြန်ဆုံးပြန်လည် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

       ရထားလမ်းပိတ်ဆို့မှုကြောင့် ဇန်နဝါရီ ၂၆ ရက် နံနက်(၈)နာရီတွင် ရန်ကုန်မှ ထွက်ခွာ လာသည့် ခရီးသည်(၄၃၀)ဦး လိုက်ပါလာသော အမှတ်(၈၉)အဆန် လူစီးရထားနှင့် နံနက်(၉)နာရီ တွင် မော်လမြိုင်မှ ထွက်ခွာလာသည့် ခရီးသည်(၆၅၇)ဦး လိုက်ပါလာသော အမှတ်(၉၀)အစုန် လူစီးရထားတို့အား တံတားတစ်ဖက် တစ်ချက်တွင် ရပ်တန့်စေကာ ခရီးသည်များအား  ရထားကူးပြောင်း လိုက်ပါစေခဲ့ရမှုကြောင့် လမ်းခရီးကြန့်ကြာမှုများ ဖြစ်ပေါ်ကာ ခရီးသည်များ အခက်အခဲကြုံတွေ့ခဲ့ရကြောင်း သိရှိရသည်။

    တံတား မိုင်းဖောက်ခွဲ ဖျက်ဆီးမှုကြောင့် ၂၇.၁.၂၀၂၃ ရက်နေ့မှစ၍ အဆိုပါ လမ်းပိုင်းအတွင်း ပြေးဆွဲလျက်ရှိသည့် အမြန်ရထား(၄)စီး ဖျက်သိမ်းထားရပြီး နေ့စဉ်ရထားစီး ခရီးသည် (၂၀၀၀) ကျော်ခန့် အခက်အခဲများစွာ ကြုံတွေ့နေ့ရကြောင်း သိရှိရသည်။

       အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များ အနေဖြင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ(၁)ရက်နေ့မှစ၍ ယခုအချိန်အထိ မြန်မာ့မီးရထား၏ ရန်ကုန်-ပဲခူး-မော်လမြိုင် လမ်းပိုင်းအတွင်း ရထားလမ်းများ၊ တံတားများအား ရည်ရွယ်ချက်ရှိရှိဖြင့် တံတားမိုင်းခွဲခံရမှု(၆)ကြိမ်၊ သံလမ်းမိုင်းခွဲခံရမှု (၃)ကြိမ်၊ လက်လုပ်မိုင်းပေါက်ကွဲ/တွေ့ရှိမှု (၇)ကြိမ် စုစုပေါင်း (၁၆)ကြိမ်နှင့် ဘူတာ/ဝန်ထမ်း နေအိမ်များအား မီးရှို့ဖျက်စီးခြင်း(၁)ကြိမ်တို့ကိုလည်းကောင်း၊ မြန်မာ့မီးရထားလမ်း ကွန်ယက်တစ်ခုလုံး အနေဖြင့် ရထားလမ်းနှင့် ရထားဘူတာ နယ်မြေများအတွင်း ဗုံးထောင်၊ မိုင်းခွဲ ဖျက်ဆီးခြင်း(၁၀၇)ကြိမ်၊ ရထားတံတားများအား မိုင်းခွဲဖျက်ဆီးခြင်း(၃၇)ကြိမ်၊ ဘူတာများအား မီးရှို့ဖျက်ဆီးခြင်း(၁၀)ကြိမ် တို့ကို လည်းကောင်း ကျူးလွန်ခဲ့ကြကြောင်း သိရှိရသည်။

    ယခုကဲ့သို့ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့ရှိ အများပြည်သူ ခရီးသွားလာမှုနှင့် ကုန်စည်ပို့ဆောင်မှု အဆင်ပြေချောမွေ့စေရေးအတွက် အဓိကအားထား နေရသည့် ပဲခူး-မော်လမြိုင် ရထားလမ်းပိုင်းတွင် လူစီးရထားများ၊ ကုန်ရထားခရီးစဉ်များ ပြေးဆွဲမှု နှောင့်နှေးကြန့်ကြာစေရေး၊ ခရီးသွားပြည်သူများနှင့် ကုန်စည်များ ထိခိုက်ဆုံးရှုံးမှု ဖြစ်ပေါ်စေရေး အတွက် ယုတ်မာရက်စက်စွာ အကြိမ်ကြိမ် မိုင်းထောင်ဖောက်ခွဲဖျက်စီးမှု ကျူးလွန်နေကြသည့် အကြမ်းဖက်သောင်းကျန်းသူ အဖွဲ့များအား ဒေသခံပြည်သူ တစ်ရပ်လုံးမှ စက်ဆုပ်ရွံရှာပြီး ပြင်းထန် စွာ ဆန့်ကျင် ကန့်ကွက်ရှုတ်ချ လျက်ရှိကြောင်း သတင်းရရှိသည်။