အမေရိကန်က ကမ္ဘာ့ငြိမ်းချမ်းရေးကိုဖျက်ဆီးနေဟု မြောက်ကိုရီးယားပြော

အမေရိကန်က ကမ္ဘာ့ငြိမ်းချမ်းရေးကိုဖျက်ဆီးနေဟု မြောက်ကိုရီးယားပြော

အမေရိကန်အနေဖြင့် ရုရှားကိုဦးတည်ကာ ကြားခံစစ်ဆင်နွှဲခြင်းသည်    ကမ္ဘာ့ငြိမ်းချမ်းရေးကို ဖျက်ဆီးနေခြင်းဖြစ်သည်ဟု မြောက်ကိုရီးယားအစိုးရက ပြောထားသည်။

အလားတူ  အမေရိကန်ဦးဆောင်သောအနောက်အုပ်စုက ယူကရိန်းနိုင်ငံသို့  ပင်မတိုက်ပွဲဝင်တင့်များ ပေးပို့မှုကိုလည်း မြောက်ကိုရီးယားကအပြစ်တင်ဝေဖန်ထားသည်။

ထို့ပြင် ယူကရိန်းအရေးတွင် အမေရိကန်ပါဝင်လာခြင်းသည် ဥရောပတိုက်တစ်ခုလုံးကို စစ်ပွဲအတွင်းသို့ ဆွဲသွင်းလိုက်ခြင်းပင်ဖြစ်ကြောင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်၏ညီမ ကင်ယိုဂျုံကပြောသည်ဟု   မြောက်ကိုရီးယားနိုင်ငံပိုင်သတင်းဌာနကဖော်ပြထားသည်။

အမေရိကန်နဲ့မဟာမိတ်တွေက ရုရှားရဲ့လုံခြုံရေးအရ စိုးရိမ်ပူပန်မှုတွေအပေါ် လုံးလုံးလျားလျားလျစ်လျူရှုပြီး ယူကရိန်းဆီကို အလွန်များပြားတဲ့ စစ်လက်နက်ပစ္စည်းတွေ ပေးပို့ခြင်းအားဖြင့် ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ ဒေသတွင်းလုံခြုံရေးကို ဖျက်ဆီးနေပါတယ်။  ဒါ့အပြင် ယူကရိန်းကိုတင့်တွေထောက်ပံ့ပေးမယ့် သူတို့ရဲ့ဆုံးဖြတ်ချက်က ရုရှားရဲ့ မဟာဗျူဟာမြောက်လုံခြုံရေးအပေါ် အဓိကစိန်ခေါ်ခြိမ်းခြောက်နေပါတယ်ဟု ကင်ယိုဂျုံကပြောသည်။

အမေရိကန်နိုင်ငံသည် ယူကရိန်းနိုင်ငံ၏အကြိမ်ကြိမ်အကူအညီတောင်းမှုကို ငြင်းပယ်ခဲ့သော်လည်း ယခုသီတင်းပတ်အစောပိုင်းတွင်မူ ယင်းနိုင်ငံသို့ ၎င်းတို့၏ M1  Abrams တိုက်ပွဲဝင်တင့် ၃၁ စီးပေးပို့သွားရန် သဘောတူထားသည်။

အမေရိကန်ကပေးပို့သောတင့်များသည် အစောဆုံးအနေဖြင့် သြဂုတ်လနောက်ပိုင်းမှသာ  ယူကရိန်းနိုင်ငံသို့ရောက်ရှိမည်ဖြစ်သော်လည်း  ဂျာမနီနှင့်ပိုလန်အပါအဝင် အမေရိကန်၏ မဟာမိတ်နိုင်ငံများက ၎င်းတို့၏ Leopard 2 တင့်များကို   ယူကရိန်းနိုင်ငံသို့ လာမည့်သီတင်းပတ်နှင့်လာမည့်လပိုင်းအတွင်း ပေးပို့သွားမည်ဟု ကတိပြုထားသည်။

အနောက်အုပ်စုက   ယူကရိန်းသို့ စစ်လက်နက်များပေးပို့ထောက်ပံ့ခြင်းသည် ယူကရိန်းပဋိပက္ခကိုသာ ပိုမိုရှည်ကြာစေ မည်ဖြစ်ကြောင်း၊ အမေရိကန်နှင့် အပေါင်းအပါများ၏ ယခုနောက်ဆုံးလုပ်ဆောင်ချက်သည်  ၎င်းတို့အနေဖြင့် ထိုပဋိပက္ခ၌ တိုက်ရိုက်ပါဝင်ပတ်သက်လာခြင်းကို ပြသခြင်းဖြစ်ကြောင်း ရုရှားအစိုးရက ထုတ်ပြန်ထားသည်ဟု သိရသည်။    

Ref:RT