စွမ်းအင်နဲ့လျှပ်စစ်ကို ကမ္ဘာကြည့် ကြည့်မယ် အမှတ်စဉ်(၃၇)

စွမ်းအင်နဲ့လျှပ်စစ်ကို ကမ္ဘာကြည့် ကြည့်မယ်

အမှတ်စဉ်(၃၇)

(ဃ) ရွှေလီ(၂) (ရွှေလီမြစ်) စီမံကိန်း

-                  တပ်ဆင်အင်အား    ၅၂၀ မဂ္ဂါဝပ်

-                  အခမဲ့ဓာတ်အား           ၁၀ ရာခိုင်နှုန်း

-                  အခမဲ့ရှယ်ယာ                       ၁၀ ရာခိုင်နှုန်း

-                  စီမံကိန်းလုပ်ကိုင်ခွင့်ကာလ         ၃၀ နှစ် +

                                                (5 Year Extendable)

-                  ပြည်တွင်းသုံးမည့်ဓာတ်အား          ၁၀၀ ရာခိုင်နှုန်း

-                  ဓာတ်အားခတစ်ယူနစ်ရောင်းဈေး       6Uscent

                   (၂၀၁၅ ခုနှစ် ညှိနှိုင်း)             (အမေရိကန်ဒေါ်လာ ဝ.၀၆)

                             (ရွှေလီ ၂ မှ ၃ ထိ     ဓာတ်အားလိုင်းဖိုးပါပြီး)

ဖော်ပြခဲ့တဲ့ ဖက်စပ်ရေအားလျှပ်စစ်စက်ရုံနဲ့ စာချုပ်များပါစီမံကိန်း အကျိုးအမြတ်ခွဲဝေမှုများဟာ နမူနာစက်ရုံ စီမံကိန်းများ အဖြစ်သာ ဖော်ပြခြင်းဖြစ်ပါတယ်။ အကယ်၍ ရာနှုန်းပြည့် ပြည်တွင်းသုံးမယ့် စီမံကိန်းများအတွက် စက်ရုံကထွက်သမျှဓာတ်အားရဲ့ ၉၅ ရာခိုင်နှုန်းခန့်အထိ မိမိတို့က မဝယ်နိုင်ပါက ဓာတ်အားခဈေးနှုန်း မြင့်သွားနိုင်ပါတယ်။ စာချုပ်ချုပ်ဆိုရမှာဖြစ်လို့ စာချုပ်ပျက်ကွက်မှုရှိခဲ့ရင် အလျော်အစားရှိပါတယ်။ နိုင်ငံက ရာခိုင်နှုန်းပြည့်သုံးမယ့်စီမံကိန်းများဟာ ဓာတ်အားလိုင်းကို ပြည်ပသို့ လုံးဝသွယ်တန်းထားမှာမဟုတ်တဲ့အတွက် မိမိမယူနိုင်တဲ့အခါ ဖက်စပ်စက်ရုံအနေနဲ့လည်း အခြားသို့ ရောင်းစရာဓာတ်အားလိုင်းမရှိပါ။ ဘယ်စက်ရုံကို မိမိပြည်တွင်း ရာနှုန်းပြည့်သုံးမယ်၊ ဘယ်စက်ရုံရဲ့ဓာတ်အား ဘယ်အချိုးကိုတော့ ပြည်ပကိုရောင်းထားမယ်၊ မိမိနိုင်ငံ နှစ်စဉ်ဓာတ်အားလိုအပ်ချက်နဲ့ အမှန်တကယ်ဓာတ်အားဖြန့်ဖြူးနိုင်မှုကို လက်တွေ့ကျကျလေ့လာပြီး ဘက်စုံချင့်ချိန်ဆုံးဖြတ်ကြရမှာပါ။ ပညာရပ်ပိုင်းဆိုင်ရာ ကျယ်ပြန့်နက်နဲပြီး ပါဝင်ပတ်သက်သူစုံသည့်အတွက် တစ်စုံတစ်ရာ အားနည်းချက်ဖြစ်ခဲ့လျှင်  အလျော်အစားပါလာမှာဖြစ်လို့   အထူးအလေးအနက်ထား ဆောင်ရွက်ရပါမယ်။

ဖက်စပ်စက်ရုံရဲ့ သဘောသဘာဝ

ဖက်စပ်များကိစ္စ ဆက်ရှင်းပြပါမယ်။ နိုင်ငံတွင်းမှာ လာရောက်ရင်းနှီးမြှုပ်နှံကြသူများဟာ လျှပ်စစ်ရဲ့ ဈေးကွက်ကို ဦးစွာလေ့လာပြီး နိုင်ငံတော်ရဲ့ တည်ဆဲဥပဒေ၊ နည်းဥပဒေများနဲ့အညီ  ထုတ်လုပ်ဖြန့်ဖြူး ကြရတယ်။ အချို့ကို နိုင်ငံခြားသို့တင်ပို့ပြီး အချို့ကို ပြည်တွင်းမှာ ဖြန့်ကြတယ်။ ကိုယ်ထုတ်လုပ်မယ့် လျှပ်စစ်အတွက် ဈေးကွက်ရှာရာမှာ ပြည်တွင်းဈေးကွက်က တွက်ခြေကိုက်ရင် ဘယ်နိုင်ငံခြားကိုမှ ရောင်းကြမှာမဟုတ်ပါဘူး။ ပြည်ပကိုရောင်းရင် ဓာတ်အားလိုင်းတွေ ရှည်လျားစွာ ဆွဲရမှာကြောင့် ရင်းရတဲ့စရိတ်ပါ ပိုကုန်ပါသေးတယ်။ ပြည်တွင်းမှာ စက်ရုံတွေ တစ်ရုံပြီး တစ်ရုံတိုးလာသလောက်  နိုင်ငံက ဓာတ်အားပို့လွှတ်မှုနဲ့  ဖြန့်ဖြူးမှု အားလုံးကို အချိန်ကိုက်လိုက်ပါဆောင်ရွက်ဖို့ဆိုတာ အများကြီးကျယ်ပြန့်ပါတယ်။ ဘာကြောင့်လဲဆိုတော့  စက်ရုံတစ်ရုံတည်တာ  ငါးနှစ်၊ ဒေါ်လာသန်း ၅၀၀ ကုန်မယ်ဆိုရင် နိုင်ငံတွင်း ပို့လွှတ်မှုနဲ့ ဓာတ်အားဖြန့်ဖြူးမှုမှာ ၅ နှစ်အတွင်း ဒေါ်လာသန်း ၅၀၀ သုံးစွဲနိုင်ဖို့ခက်ပါတယ်။ ဘာကြောင့်လဲဆိုတော့ လက်ရှိစီမံခန့်ခွဲမှုပုံစံနဲ့ ဥပဒေများအရ ဓာတ်အားပို့လွှတ်မှုနဲ့ ဖြန့်ဖြူးမှုစနစ်ကို နိုင်ငံတော်ကပဲ တာဝန်ခံရင်းနှီးမြှုပ်နှံနေလို့ပါ။

တစ်ရုံပြီးတစ်ရုံ ဆက်တိုက်သာ ပြီးစီးလာရင် ပိုဆိုးမှာပါ။

ဥပမာအားဖြင့် မြန်မာနိုင်ငံမှာ ၂၀၁၅ ခုနှစ်မှာ ဓာတ်အားလွှမ်းခြုံမှု ၃၀ ရာခိုင်နှုန်းရှိရာကနေ ၂၀၃၀-၂၀၃၁ ခုနှစ်မှာ ၉၈ ရာခိုင်နှုန်းအထိ လွှမ်းခြုံနိုင်ဖို့အတွက် အနည်းဆုံးတပ်ဆင်အင်အား မဂ္ဂါဝပ် ၁၄၀၀၀ ခန့်ရှိနေမှဖြစ်မှာပါ။ လက်ရှိ ၅၀၀၀ မဂ္ဂါဝပ်လောက်ရှိနေတဲ့အတွက် ထပ်မံလိုအပ်မှာက မဂ္ဂါဝပ် ၉၀၀၀ ကျော်လောက်ဖြစ်ပါတယ်။ ဒီမဂ္ဂါဝပ် ၉၀၀၀ ကို တကယ်ပုဂ္ဂလိကနဲ့ ဖက်စပ်လုပ်မယ်၊ ဒါမှမဟုတ်  ပုဂ္ဂလိက သက်သက်လုပ်မယ်ဆိုရင်  ၁၀  နှစ်အတွင်း   ပြီးစီးနိုင်ပါတယ်။ လက်ရှိဆောင်ရွက်ဆဲရော ဖြစ်နိုင်ခြေရှိတဲ့ အရင်းအမြစ်စုံ၊ ရေအား၊ ကျောက်မီးသွေး၊ ဓာတ်ငွေ့၊ နေ၊ လေ စတဲ့ စက်ရုံအသစ်တွေပါ သူ့အချိုးနဲ့သူ လုပ်စေမယ်ဆိုရင် ပြီးစီးပါတယ်။  ထုတ်လုပ်မှုဈေးကတော့ ဘယ်အရင်းအမြစ်ကို ဦးစားပေးသုံးသလဲဆိုတာပေါ် မူတည်ပါမယ်။

ဆက်လက်ဖော်ပြပါမည်။