အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် ပါမောက္ခချုပ်ဆရာတော် ဓမ္မဒူတဒေါက်တာ အရှင်ဆေကိန္ဒ၏ ဝိဇာတမွေးနေ့ အလှူတော်မင်္ဂလာအခမ်းအနား ကျင်းပ

အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် ပါမောက္ခချုပ်ဆရာတော် ဓမ္မဒူတဒေါက်တာ အရှင်ဆေကိန္ဒ၏ ဝိဇာတမွေးနေ့ အလှူတော်မင်္ဂလာအခမ်းအနား ကျင်းပ

နေပြည်တော်၊ ဇန်နဝါရီ - ၂၉

          အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် ပါမောက္ခချုပ်ဆရာတော် ဓမ္မဒူတ ဒေါက်တာ အရှင်ဆေကိန္ဒ၏ ဝိဇာတမွေးနေ့ အလှူတော်မင်္ဂလာအခမ်း အနားကို ယနေ့နံနက်ပိုင်းတွင် အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္က သိုလ်၌ပြုလုပ်ရာ  နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယဉက္ကဋ္ဌ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲမြို့၊ သီဟိုဠ်ပရိယတ္တိစာသင်တိုက် ပဓာနနာယက၊ ကျောက်မဲ ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာ ဘဒ္ဒန္တ စန္ဒနသာရ မထေရ်မြတ် အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့် တာဝန်ရှိသူများ၊ အလှူရှင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။

          ဦးစွာ တက်ရောက်လာကြသူများက မင်္ဂလာဒုံမြို့နယ်၊ ကန်သုံးဆင့်စာသင်တိုက် ပဓာန နာယက၊ ကန်သုံးဆင့်ကျောင်းဆရာ‌တော် အဘိဓဇမဟာရဋ္ဌဂုရု အဂ္ဂမဟာပဏ္ဍိတဘဒ္ဒန္တဂုဏိကာဘိဝံသ မထေရ်မြတ်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြသည်။

          ထို့နောက် ဝိဇတမွေးနေ့ အလှူတော်မင်္ဂလာအခမ်းအနားကို ကြွရောက်တော် မူကြသည့် ဆရာတော်၊ သံဃာတော်များက ရွတ်ပွားသရဇ္ဈာယ်ချီးမြှင့်တော်မူသော  မေတ္တာသုတ်ပရိတ်တရားတော်များ နာယူကြည်ညိုကြပြီး အလှူရှင်များက သင်္ကန်းနှင့် လှူဖွယ်ပစည်းများ ဆက်ကပ်လှူဒါန်းကြသည်။

          ဆက်လက်၍ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယဉက္ကဋ္ဌ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲမြို့၊ သီဟိုဠ်ပရိယတ္တိစာသင်တိုက် ပဓာနနာယက၊ ကျောက်မဲ ဆရာတော်ထံမှ အနုမောဒနာ တရားနာကြားကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကြသည်။

          ယင်းနောက် အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း ၍ ရုတ်သိမ်းကာ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ကြွရောက်တော်မူကြသည့် ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။