ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့ပေါ်ရှိ နိုင်ငံတော်ပိုင် ဌာနဆိုင်ရာအဆောက်အဦများအား KNU အဖွဲ့မှ အကြမ်းဖက်မှုကိုလိုလားသူများနှင့် PDF အမည်ခံအကြမ်းဖက်သမားများက မီးရှို့ဖျက်ဆီး

ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့ပေါ်ရှိ နိုင်ငံတော်ပိုင် ဌာနဆိုင်ရာအဆောက်အဦများအား KNU အဖွဲ့မှ အကြမ်းဖက်မှုကိုလိုလားသူများနှင့် PDF အမည်ခံအကြမ်းဖက်သမားများက မီးရှို့ဖျက်ဆီး

နေပြည်တော်၊ ဇန်နဝါရီ ၂၉

            CRPH နှင့် NUG လက်ဝေခံ PDF အမည်ခံအကြမ်းဖက်သမားများသည် အချို့သောဒေသ များတွင် အေးချမ်းစွာနေထိုင်ကြသော ပြည်သူများအား အကြောင်းမဲ့လုပ်ကြံသတ်ဖြတ်ခြင်း၊ နိုင်ငံပိုင်အဆောက် အဦများ၊ အများပြည်သူနှင့်သက်ဆိုင်သော ဆေးရုံများ၊ ကျောင်းများ၊ နေအိမ်များ၊ ကျေးရွာများ၊ ဈေးများ၊ နိုင်ငံပိုင်ဘဏ်များ၊ ပုဂ္ဂလိကပိုင်ဘဏ်များနှင့် ဌာနဆိုင်ရာ ရုံးများအား မိုင်းထောင်ဖောက်ခွဲခြင်း၊ မီးရှို့ဖျက်ဆီးခြင်းနှင့် ပစ္စည်းများအား လုယက်ခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်လျက်ရှိသည်။

            ထိုသို့ အကြမ်းဖက်လုပ်ရပ်များကျူးလွန်လျက်ရှိရာ ယနေ့ နံနက် ၆ နာရီ ၁၅ မိနစ်ခန့်တွင် ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့၊ အမှတ်(၃) ရပ်ကွက်၊ မြို့မဈေးလမ်းရှိ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနရုံးအား KNU အဖွဲ့မှ အကြမ်းဖက်မှုကို လိုလားသူများနှင့် PDF အမည်ခံအကြမ်းဖက်သမားများက ဝင်ရောက်မီးရှို့ခဲ့သဖြင့် မီးလောင်မှု ကြောင့် မြေစာရင်းရုံးအတွင်းရှိ ၁ ထပ်၊ သွပ်မိုးအုတ်ညှပ်အဆောက်အဦ ၁ လုံး၊ သွပ်မိုး ပျဉ်ထောင် နေအိမ်လိုင်းခန်း ၁ လုံးနှင့် မြေစာရင်းရုံးနှင့် ကပ်လျက်ရှိ မြန်မာ့ဆက်သွယ်ရေးရုံး အတွင်းရှိ MPT ဆက်သွယ်ရေးလုပ်ငန်းနှင့်ပတ်သက်သော ဆက်စပ်ပစ္စည်းများ ထားရှိသည့် သွပ်မိုး/ အုပ်ညှပ် အဆောက်အဦ အခန်း ၁ ခန်းတို့ မီးလောင်ပျက်စီး ဆုံးရှုံးခဲ့ကြောင်း သိရသည်။

            အထက်ပါ ဖြစ်စဉ်မှ အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေးနှင့် နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင် များအနေဖြင့် လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ  ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိသည်။