လဟယ်မြို့၌ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ ဘက်စုံအသုံးပြုနိုင်သည့် (Synthetic) ပြေးလမ်းပါ ဘက်စုံသုံး အားကစားကွင်းအဖြစ် အဆင့်မြှင့်တင် တည်ဆောက်ပေးသွားမည်

လဟယ်မြို့၌ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ ဘက်စုံအသုံးပြုနိုင်သည့် (Synthetic) ပြေးလမ်းပါ ဘက်စုံသုံး အားကစားကွင်းအဖြစ် အဆင့်မြှင့်တင် တည်ဆောက်ပေးသွားမည်

နေပြည်တော်  ဇန်နဝါရီ  ၂၉

အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ  စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်း၊ အတွင်းရေးမှူး ဦးနေမင်းသူနှင့်အတူ ယနေ့နံနက် ၈ နာရီတွင် စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့ရှိ ထေရဝါဒဗုဒ္ဓသာသနာပြု(ဗဟို)ကျောင်းသို့ သွားရောက်၍   လှူဖွယ်ပစ္စည်းများနှင့် ဝတ္ထုငွေများ လှူဒါန်းသည်။

ယင်းနောက် ထေရဝါဒဗုဒ္ဓသာသနာပြု (သီလရှင်)ကျောင်းသို့   သွားရောက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပေးအပ် လှူဒါန်းလိုက်သော မြဝတီစာပေတိုက်မှ ထုတ်ဝေသည့် စာအုပ်၊ စာစောင်များကို လှူဒါန်းခဲ့ပြီး သုတဥယျာဉ် စာကြည့်တိုက်အတွင်းရှိ ဗဟုသုတ ရရှိစေမည့် သုတ၊ ရသ စာအုပ်စာပေများ ထားရှိမှုများကို ကြည့်ရှုသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် လဟယ်မြို့ရှိ နာဂရိုးရာနှစ်သစ်ကူးပွဲတော်  အခမ်းအနားကျင်းပသည့် ရွှေပြည်သာ အားကစားကွင်းသို့ သွားရောက်ကြည့်ရှု၍   နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ ဘက်စုံအသုံးပြုနိုင်သည့် (Synthetic)ပြေးလမ်းပါ ဘက်စုံသုံး အားကစားကွင်းအဖြစ်  အဆင့်မြှင့်တင် တည်ဆောက်ပေးသွားမည်ဖြစ်ကြောင်း၊  ဘောလုံးကွင်း ဧရိယာကို သတ်မှတ်စံချိန် စံညွှန်းများနှင့်အညီ ဖြစ်စေရေးအတွက် စနစ်တကျတိုင်းတာ ဆောင်ရွက်ပေးသွားမည်ဖြစ်ရာ တိုးချဲ့ရန် လိုအပ်သည့် မြေနေရာကို ဒေသအာဏာပိုင်အဖွဲ့ အပါအဝင် တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးစေလိုကြောင်း၊ ဘောလုံးကွင်းကို အသစ်ပြန်လည် တည်ဆောက်ပြီးပါက မြက်ခင်းများ စိမ်းလန်းစိုပြည်စေရေး၊   ရေစီးရေလာ ကောင်းမွန်စေရေးနှင့် ရေရှည်ထိန်းသိမ်း နိုင်ရန်အတွက် စနစ်တကျဆောင်ရွက်ရမည့် နည်းလမ်းများကို မှာကြားခဲ့ကြောင်း သိရသည်။