ပြည်ထောင်စုနယ်မြေ နေပြည်တော်၌ ဆီထွက်သီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိ

ပြည်ထောင်စုနယ်မြေ နေပြည်တော်၌ ဆီထွက်သီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိ

ပြည်ထောင်စုနယ်မြေ နေပြည်တော်တွင် ဆီထွက်သီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးလုပ်ငန်း ဆောင်ရွက်ချက်များနှင့် ပတ်သက်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးဦးစီးဌာန နေပြည်တော်တိုင်းဦးစီးမှူး ဦးဝင်းထိန်နှင့် တွေ့ဆုံမေးမြန်းမှုများကို တင်ပြလိုက်ရပါသည်။

မေး။   ။     မင်္ဂလာပါဆရာ။ ပြည်ထောင်စုနယ်မြေ၊   နေပြည်တော်စိုက်ပျိုးရေးဦးစီးဌာနအနေနဲ့   လက်ရှိကာလမှာအကောင်အထည်ဖော်ဆောင်ရွက်နေတဲ့  စီမံကိန်း(ဒါမှမဟုတ်) လုပ်ငန်းတွေရှိတယ်ဆိုရင်လည်း ပြောပြပေးပါဦးဆရာ။

ဖြေ။   ။ လက်ရှိအချိန်မှာ  စီမံကိန်းတွေအနေနဲ့ ဆီထွက်သီးနှံဖွံ့ဖြိုးရေး လုပ်ငန်းစီမံကိန်း၊ ဝါအထွက်နှုန်းတိုးတက်ရေးလုပ်ငန်းစီမံကိန်းတွေကို အကောင်အထည်ဖော်ဆောင်ရွက်နေပါတယ်၊၊

မေး။   ။ ပြည်ထောင်စုနယ်မြေ နေပြည်တော်ရဲ့ လက်ရှိဆီထွက်သီးနှံ စိုက်ပျိုးထုတ်လုပ်မှုအခြေအနေကို ရှင်းပြပေးစေချင်ပါတယ်၊၊

ဖြေ။   ။ ပြီးခဲ့တဲ့မိုးရာသီနဲ့ အခုလက်ရှိဆောင်းရာသီမှာ ဆီထွက်သီးနှံမျိုးစုံကို ဧက ၁၅၀၀၀၀ ကျော်ခန့် စိုက်ပျိုးနိုင်ခဲ့ပါတယ်၊၊ နွေသီးနှံစိုက်ပျိုးတဲ့ရာသီမှာလည်း နွေနှမ်း၊ နွေနေကြာ  စတဲ့ဆီထွက်သီးနှံတွေကို စိုက်ပျိုးထုတ်လုပ်ဖို့အတွက်  လျာထားဆောင်ရွက်

လျက်ရှိပါတယ်၊၊

မေး။    ။ ပြည်ထောင်စုနယ်မြေ  နေပြည်တော်ရဲ့ အခုလက်ရှိလူဦးရေအနေအထားနဲ့တွက်ကြည့်မယ်ဆိုရင် ဒေသတွင်းဆီထွက်သီးနှံစိုက်ပျိုးထုတ်လုပ်မှုက ရရှိနေတဲ့ စားသုံးဆီပမာဏနဲ့ ဖူလုံနိုင်မှုရှိ/မရှိဆိုတဲ့ အခြေအနေကိုလည်း သုံးသပ်ပေးပါဦးဆရာ။

ဖြေ။   ။ ပြည်ထောင်စုနယ်မြေ  နေပြည်တော်ရဲ့ လက်ရှိလူဦးရေအနေအထားနဲ့  နှစ်စဉ်ဒေသတွင်း ဆီထွက်သီးနှံ စိုက်ပျိုးထုတ်လုပ်မှုကရရှိနေတဲ့ စားသုံးဆီပမာဏကို  နှိုင်းယှဉ်ကြည့်မယ်ဆို လောက်ငမှုရှိရုံသာမကဘဲ  ပိုလျှံနေတဲ့အနေအထားရှိပါတယ်။ ပြီးခဲ့တဲ့နှစ်ကဆိုရင်  မြေပဲ၊ နှမ်း၊ နေကြာစတဲ့ ဆီထွက်သီးနှံမျိုးစုံကို  ဧကတစ်သိန်းခွဲကျော်ခန့် စိုက်ပျိုးနိုင်ခဲ့ပါတယ်။ ရိတ်သိမ်းရရှိတဲ့ ဆီထွက်သီးနှံတွေရဲ့ အထွက်နှုန်း၊ ဆီထွက်နှုန်းတွေကို အခုလက်ရှိလူဦးရေရဲ့ ဆီစားသုံးမှုပမာဏကို နှိုင်းယှဉ်ကြည့်မယ်ဆိုရင် စားသုံးဆီဖူလုံမှု ၁၃၁ ရာခိုင်နှုန်းရှိခဲ့ပါတယ်၊၊

ယခုနှစ်ဆီထွက်သီးနှံ  စိုက်ပျိုးထုတ်လုပ်မှုအခြေအနေမှာဆိုရင်လည်း အရင်နှစ်ကထက် ဧက ၄၀၀၀ ကျော်   ပိုမိုစိုက်ပျိုးလာတာကို  တွေ့ရပါတယ်၊၊

တောင်သူတွေအနေနဲ့  ဆီထွက်သီးနှံကို  စိုက်ပျိုးထုတ်လုပ်ဖို့အတွက် ပိုပြီးစိတ်ဝင်စားမှုများပြားလာပါတယ်။  အခုနှစ်   မိုးရာသီဆီထွက်သီးနှံစိုက်ပျိုးထုတ်လုပ်မှုပမာဏနဲ့   ဆောင်းရာသီဆီထွက်သီးနှံစိုက်ပျိုးထုတ်လုပ်မှုပမာဏကို    ဆီထွက်နှုန်းနဲ့ ခန့်မှန်းတွက်ချက်ကြည့်ရင် ဒေသတွင်းစားသုံးဆီဖူလုံမှု ၁၃၈ ရာခိုင်နှုန်း အထိရှိလာနိုင်မယ်လို့ ခန့်မှန်းရပါတယ်။  လာမယ့်နွေရာသီမှာ  နွေနှမ်းကိုလျာထားချက်အတိုင်းဆည်ရေနဲ့  စိုက်ပျိုးနိုင်မယ်ဆိုရင် ဒေသတွင်းစားသုံးဆီဖူလုံမှုရာခိုင်နှုန်းက  အခုထက်ပိုပြီး  မြင့်မားလာမှာဖြစ်ပါတယ်၊၊

မေး။   ။ ဆရာ့ရဲ့ပြောပြချက်အရ  ပြည်ထောင်စုနယ်မြေ နေပြည်တော်ရဲ့  လက်ရှိလူဦးရေပမာဏနဲ့ ဆီထွက်သီးနှံစိုက်ပျိုးထုတ်လုပ်မှုပမာဏကို တွက်ကြည့်မယ်ဆိုရင်  လောက်ငမှုရှိတဲ့အပြင်  ပိုလျှံပြီးတော့ပါ  ထုတ်လုပ်နိုင်နေတာကို တွေ့ရပါတယ်။  အဲဒီလို ပိုလျှံထွက်ရှိလာမယ့် စားသုံးဆီတွေက ဒေသတွင်းနဲ့ နိုင်ငံတစ်ဝန်းမှာဖြစ်ပေါ်နေတဲ့ စားသုံးဆီဈေးနှုန်း ကြီးမြင့်မှုအပေါ် ဘယ်လိုသက်ရောက်မှုတွေရှိလာနိုင်မယ်လို့ ထင်ပါသလဲခင်ဗျာ။

ဖြေ။   ။ ပြည်ထောင်စုနယ်မြေ နေပြည်တော်အနေနဲ့ လက်ရှိ စားသုံးဆီဖူလုံမှုပမာဏ ၁၃၀ ရာခိုင်နှုန်းရဲ့ အထက်မှာရှိနေတဲ့အတွက်  ပိုလျှံစားသုံးဆီ  ၃၀ ရာခိုင်နှုန်းကျော်ရှိတဲ့ ဒေသတစ်ခုဖြစ်လာပါပြီ၊၊ နောင်လာမယ့်နှစ်တွေမှာဆိုရင်လည်း ဆီထွက်သီးနှံစိုက်ပျိုးထုတ်လုပ်မှုပမာဏက အခုထက်ပိုပြီး  တိုးတက်မြင့်မားလာမှာဖြစ်တဲ့အတွက်  ပိုလျှံဆီပမာဏက အခုထက်ပိုပြီး ရာခိုင်နှုန်းမြင့်တက်လာမှာဖြစ်ပါတယ်၊၊

အဲဒီပိုလျှံစားသုံးဆီတွေကို  နီးစပ်ရာဒေသတွေကို ဈေးနှုန်းချိုသာစွာနဲ့  ဖြန့်ဖြူးရောင်းချပေးနိုင်မှာ ဖြစ်တဲ့အတွက်  နိုင်ငံတော်ရဲ့စားသုံးဆီလိုအပ်ချက်ကို ရာခိုင်နှုန်းအများကြီးမဟုတ်ရင်တောင်မှ  အတိုင်းအတာတစ်ခုအထိ  ဖြည့်ဆည်းပေးနိုင်မှာဖြစ်တာကြောင့်  ပြည်တွင်းစားသုံးဆီ ဈေးနှုန်းလျော့ကျရေးအတွက် သာမကဘဲ ပြည်ပတင်သွင်းမှုကိုပါ ပမာဏတစ်ခုအထိလျှော့ချနိုင်မှာ ဖြစ်တဲ့အတွက် နိုင်ငံခြားငွေသုံးစွဲမှုကိုလည်း အထိုက်အလျောက်လျှော့ချပေးနိုင်မယ်လို့ ထင်ပါတယ်၊၊

မေး။   ။တောင်သူတွေအနေနဲ့  ဆီထွက်သီးနှံတစ်ခုဖြစ်တဲ့  နေကြာသီးနှံကို   စိုက်ပျိုးချင်တယ်ဆိုရင် ဘယ်လိုမျိုးဆက်သွယ်ဆောင်ရွက်ရမလဲဆိုတာကိုလည်း ရှင်းပြပေးစေချင်ပါတယ်ဆရာ၊၊

ဖြေ။   ။ အကယ်၍ တောင်သူတွေအနေနဲ့ ဆီထွက်သီးနှံတစ်မျိုးဖြစ်တဲ့   နေကြာမှသာမဟုတ်ပါဘူး။ အခြားမည်သည့်ဆီထွက်သီးနှံကိုမဆို  စိုက်ပျိုးချင်တယ်ဆိုရင်  ကျွန်တော်တို့ဌာနတင်မဟုတ်ပါဘူး။ ဆီထွက်သီးနှံဖူလုံရေးနဲ့ ပတ်သက်ပြီး  တာဝန်ရှိတဲ့ ဆက်စပ်ဌာနတွေအားလုံးကို ဆက်သွယ်ဆောင်ရွက်နိုင်ပါတယ်၊၊  ကျွန်တော်တို့ဌာနအနေနဲ့ စိုက်ပျိုးလိုတဲ့မျိုးကောင်းမျိုးသန့်များ ရှာဖွေပေးခြင်း၊ မျိုးစေ့ထုတ်ကုမ္ပဏီများနဲ့   ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် ကူညီဆက်သွယ်ပေးခြင်း  စတာတွေကို ကူညီဆောင်ရွက်ပေးနေပါတယ်၊၊ စိုက်နည်းစနစ်တွေနဲ့ပတ်သက်ပြီး သိချင်တယ်ဆိုရင်လည်း  ကျွန်တော်တို့ဦးစီးဌာနရဲ့ Website လိပ်စာဖြစ်တဲ့  www.moali.gov.mm မှာ  ဝင်ရောက်လေ့လာ ကြည့်ရှုနိုင်သလို သက်ဆိုင်ရာ   မြို့နယ်ဦးစီးမှူးရုံးတွေမှာလည်း လက်တွေ့သွားရောက်လေ့လာ မေးမြန်းနိုင်ပါတယ်၊၊ ကျွန်တော်တို့ဦးစီးဌာနနဲ့  ဆက်စပ်ဌာနတွေဖြစ်တဲ့ ဆည်မြောင်း၊   မြေစာရင်းဦးစီးဌာန တွေမှာလည်း သွားရောက်စုံစမ်းမေးမြန်းနိုင်ပါတယ်၊၊   မြေသြဇာသုံးစွဲမှုနဲ့ စိုက်နည်းစနစ်တွေကို လက်တွေ့လေ့လာချင်တယ်ဆိုရင်လည်း  စမ်းသပ်ကွက်တွေနဲ့   စံပြကွက်တွေကို  လာရောက်လေ့လာနိုင်ပါတယ်၊၊ စိတ်ပါဝင်စားလို့    စိုက်ပျိုးချင်တယ်ဆိုရင်လည်း ကျွန်တော်တို့ဌာနအနေနဲ့  အတတ်နိုင်ဆုံးကူညီဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်၊၊

မေး။   ။ ဆီထွက်သီးနှံစိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးလုပ်ငန်းတွေကို   ဘယ်နှခုနှစ်လောက်ကစပြီး အကောင်အထည်ဖော်ဆောင်ရွက်ခဲ့တယ်ဆိုတာ သိချင်ပါတယ်ဆရာ။

ဖြေ။   ။ ဆီထွက်သီးနှံဖူလုံပိုလျှံရေးအတွက် နိုင်ငံတော်အကြီးအကဲတွေရဲ့   ညွှန်ကြားချက်နဲ့အညီ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်မှာ  စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်၊၊

မေး။   ။ အရင်နှစ်စိုက်ပျိုးထုတ်လုပ်မှုအခြေအနေတွေအရ  တောင်သူတွေအတွက်  စီးပွားရေးအရ တွက်ခြေကိုက်မှုရှိ၊ မရှိဆိုတဲ့  အခြေအနေကိုလည်း သုံးသပ်ပေးပါဦးဆရာ၊၊

ဖြေ။   ။ ပြည်ထောင်စုနယ်မြေ  နေပြည်တော်ရဲ့ နေကြာစိုက်ပျိုးထုတ်လုပ်မှုအခြေအနေကို ပြန်ကြည့်မယ်ဆိုရင် လွန်ခဲ့တဲ့ ၁၃ နှစ်ခန့်က  နေကြာစိုက်ဧက တစ်သောင်းကျော်စိုက်ပျိုးခဲ့ပြီး  ဒေသတွင်းစိုက်ဧက   မြင့်ဆုံးနေရာအထိ  ရောက်ရှိခဲ့ပါတယ်၊၊ ဒါပေမဲ့   အဲဒီအချိန်ကာလမှာဖြစ်ပေါ်ခဲ့တဲ့ နေကြာသီးနှံရဲ့ ဈေးနှုန်းမတည်ငြိမ်မှုနဲ့ နေကြာဆီဈေးကွက်နည်းပါးမှုတွေကြောင့်  နောက်ပိုင်းကာလ တွေမှာ တစ်နှစ်ထက်တစ်နှစ် စိုက်ဧကတွေလျော့ကျလာတာကို  တွေ့ရပါတယ်၊၊ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် မှာဆိုရင် မိုးနေကြာစိုက်ဧကနဲ့ ဆောင်းနေကြာစိုက်ဧကနှစ်ခုပေါင်း ဧကနှစ်ထောင်နီးပါးသာ စိုက်ပျိုးခဲ့တာကိုတွေ့ရပါတယ်၊၊  နိုင်ငံတော်အကြီးအကဲတွေရဲ့လမ်းညွှန်ချက်နဲ့အညီ ဆီထွက်သီးနှံဖူလုံပိုလျှံရေးစီမံကိန်းကို စတင်ဆောင်ရွက်ပြီးတဲ့နောက်ပိုင်းမှာ တောင်သူတွေအနေနဲ့ နေကြာသီးနှံကို စိတ်ဝင်စားမှု ပြန်လည်များပြားလာတဲ့အတွက်    အခုနှစ်မှာ နေကြာစိုက်ပျိုးမှု ဧကတစ်သောင်းနီးပါး  ပြန်လည်ရရှိနေပြီ ဖြစ်ပါတယ်၊၊ တောင်သူတွေအနေနဲ့ နေကြာသီးနှံစိုက်ပျိုးမှုနဲ့ နှစ်ရှည်ဝေးကွာခဲ့တာဖြစ်တဲ့အတွက် ဌာနကဝန်ထမ်းတွေအနေနဲ့ အတော်လေးပြန်လည်မိတ်ဆက်စည်းရုံးခဲ့ရပါတယ်၊၊ တစ်ဧကအထွက်နှုန်းတိုးတက်မြင့်မားရေးအတွက်     စိုက်နည်းစနစ်နဲ့ပတ်သက်ပြီး   လေ့ကျင့်ပညာပေးခြင်း၊   စည်းရုံးဟောပြောခြင်းတွေကို  စတင်ဆောင်ရွက်ဆဲကာလဖြစ်တဲ့အတွက် နောင်လာမယ့်နှစ်တွေမှာ တောင်သူတွေအနေနဲ့  နေကြာသီးနှံစိုက်ပျိုးမှုနဲ့ပတ်သက်တဲ့ ကိစ္စတွေမှာ ကျွမ်းကျင်လာမှာဖြစ်ပြီး တစ်ဧကအထွက် နှုန်းတိုးတက်ရေးအတွက် ကြိုးစားဆောင်ရွက်လာကြလိမ့်မယ်လို့ ယုံကြည်ပါတယ်၊၊ 

မေး။    ။  ပြီးခဲ့တဲ့နှစ်မှာဖြစ်ပေါ်ခဲ့တဲ့ နေကြာသီးနှံရဲ့ ဈေးကွက်ပေါက်ဈေး၊   တစ်ဧကအထွက်နှုန်း၊ တစ်ဧကကုန်ကျစရိတ်တွေကို ခြုံငုံသုံးသပ်ကြည့်မယ်ဆိုရင်  နေကြာစိုက်တောင်သူတွေအတွက်  ပျမ်းမျှအနေနဲ့ တစ်ဧကကိုအကျိုးအမြတ်  ဘယ်လောက် အထိရရှိခဲ့လဲဆိုတာကို သိချင်ပါတယ်၊၊

ဖြေ။   ။  ပြီးခဲ့တဲ့နှစ်မှာနေကြာသီးနှံကို   စိုက်ပျိုးထုတ်လုပ်ခဲ့ကြတဲ့ တောင်သူတွေအနေနဲ့    နေကြာတစ်တင်းကို အနိမ့်ဆုံးဈေးနှုန်း ငွေကျပ် ၁၅၀၀၀ကနေ ၂၅၀၀၀ အထိ  ရရှိခဲ့ကြပါတယ်။ စတင်စိုက်ပျိုးတဲ့နှစ်ဖြစ်တာကြောင့် စိုက်နည်းစနစ်မှန်ကန်မှုမရှိခြင်း၊ မြေသြဇာသုံးစွဲမှု  စနစ်တကျမရှိခြင်း၊ သီးနှံစိုက်ပျိုးမှုနဲ့ပတ်သက်တဲ့ အသိပညာအားနည်းခြင်း စတဲ့အချက်တွေကြောင့်  ပန်းတိုင်အထွက်နှုန်းအထိ မရရှိခဲ့တာကြောင့် စီးပွားရေးအရတွက်ခြေကိုက်မှု  နည်းပါးကောင်း   နည်းပါးနိုင်ပါတယ်၊၊

ဒါပေမဲ့ အခုနှစ်မှာတော့  တောင်သူတွေအနေနဲ့ သီးနှံနဲ့ပတ်သက်တဲ့အတွေ့အကြုံတွေကို   ရရှိပြီးဖြစ်တဲ့အပြင်   နေကြာနဲ့ပတ်သက်တဲ့စီမံကိန်းတွေကို စတင်အကောင်အထည်ဖော် ဆောင်ရွက်လာတာဖြစ်တဲ့အတွက် မျိုးစေ့တွေရဲ့ဈေးနှုန်းက သိသိသာသာမြင့်တက် လာခဲ့ပါတယ်၊၊ နေကြာမျိုးစေ့နဲ့ နေကြာမျိုးဆန်တွေရဲ့တန်ဖိုး    မြင့်တက်လာတာဖြစ်တဲ့အတွက် နေကြာတစ်တင်းရဲ့ ဈေးနှုန်းကလည်းမြင့်တက်လာပါတယ်၊၊ ဆင်းရွှေကြာလိုနေကြာမျိုးကို  မျိုးအနေနဲ့ ရောင်းချမယ်ဆိုရင် တစ်တင်းကို ငွေကျပ် ၆၀၀၀၀လောက်အထိ ဈေးနှုန်းမြင့်တက်လာတာကို တွေ့ရပါတယ်။ မျိုးဆန်အနေနဲ့  ရောင်းချမယ်ဆိုရင်လည်း ငွေကျပ် ၃၅၀၀၀ ကနေ ၄၅၀၀၀  လောက်အထိ ပေါက်ဈေးရရှိနေတဲ့အတွက်   အရင်နှစ်ကထက် စီးပွားရေးအရပိုပြီး တွက်ခြေကိုက်တဲ့ဆီထွက်သီးနှံတစ်မျိုး ဖြစ်လာပါတယ်၊၊

မေး။   ။ နေကြာစိုက်တောင်သူတွေအနေနဲ့ ရာသီအလိုက်စိုက်ပျိုးစရိတ်ချေးငွေတွေ  ရယူစိုက်ပျိုးနိုင်ဖို့အတွက် ဘယ်လိုဆက်သွယ်ဆောင်ရွက်လို့ရနိုင်မလဲဆိုတာ သိချင်ပါတယ်။

ဖြေ။   ။ နေကြာစိုက်တောင်သူတွေအတွက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က ပုံမှန်ထုတ်ချေးပေးနေတဲ့ ချေးငွေတွေအပြင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနကလည်း မြစိမ်းရောင်ချေးငွေဆိုပြီး ဆီထွက်သီးနှံဖွံ့ဖြိုးရေးစီမံကိန်းအတွက် ချေးငွေတွေထုတ်ချေးပေးနေပါတယ်။  ဆီထွက်သီးနှံကို တိုးချဲ့စိုက်ပျိုးချင်တဲ့    တောင်သူတွေအနေနဲ့ သက်ဆိုင်ရာဌာန၊ သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ပူးပေါင်းပြီးဆောင်ရွက်မယ်ဆိုရင် ချေးငွေကိစ္စအတွက် စိတ်ပူစရာမလိုတဲ့ အနေအထားမှာ ရှိနေပါတယ်၊၊

မေး။   ။ ပြည်ထောင်စုနယ်မြေ   နေပြည်တော် စိုက်ပျိုးရေးဦးစီးဌာနအနေနဲ့ ဆီထွက်သီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးအတွက် ဆက်လက် ဆောင်ရွက်သွားမယ့် အစီအစဉ်တွေကိုလည်း ပြောပြပေးစေချင်ပါတယ်၊၊

ဖြေ။   ။ ပြည်ထောင်စုနယ်မြေ နေပြည်တော် စိုက်ပျိုးရေးဦးစီးဌာနအနေနဲ့  ဒေသတွင်းစားသုံးဆီလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရုံသာမကဘဲ အခြားတိုင်းဒေသကြီးနဲ့ပြည်နယ်တွေကိုလည်း ဖြန့်ဖြူးရောင်းချပေးနိုင်ဖို့အတွက် ဆီထွက်သီးနှံဖွံ့ဖြိုးရေးစီမံကိန်းကို ဆက်စပ်ဌာနတွေနဲ့ပူးပေါင်းပြီး ဆက်လက်တွန်းအားပေးဆောင်ရွက်သွားမှာဖြစ်ပါတယ်၊၊ ဒီလိုဆောင်ရွက်တဲ့နေရာမှာလည်း ဌာနရဲ့အဓိကလုပ်ငန်းတွေဖြစ်တဲ့ မျိုးကောင်းမျိုးသန့်များဖြန့်ဖြူးပေးခြင်း၊  စိုက်နည်းစနစ်နဲ့ ပြုစုစောင့်ရှောက်နည်းစနစ်တွေကို စနစ်တကျဖြစ်စေဖို့ အသိပညာပေးဆောင်ရွက်ခြင်း၊ စမ်းသပ်ကွက်များ၊ စံပြကွက်များဆောင်ရွက်ခြင်း၊  စိုက်ပျိုးရေးဆိုင်ရာအလေ့အကျင့်ကောင်းများနှင့် ပတ်သက်သည့် အသိပညာပေးဆွေးနွေးခြင်းသင်တန်းများ ဖွင့်လှစ်ပို့ချခြင်းတွေကို  တောင်သူတွေအတွက်သာမကဘဲ ဌာနကဝန်ထမ်းတွေကိုလည်း သင်ကြားပို့ချပေးသွား

ဖို့ စီစဉ်ထားပါတယ်၊၊     ။

ပြည့်ဖြိုး(မြဝတီ)