သွေးသစ်ဝင်းလှိုင်က ထွန်းထွန်းမင်းကို အမှတ်ဖြင့်အနိုင်ယူ

သွေးသစ်ဝင်းလှိုင်က ထွန်းထွန်းမင်းကို အမှတ်ဖြင့်အနိုင်ယူ

ရန်ကုန် ဇန်နဝါရီ ၂၉

TGL#3 The Great Lethwei ရိုးရာလက်ဝှေ့ပြိုင်ပွဲကို ယနေ့နေ့လယ်ပိုင်းတွင် ကျင်းပခဲ့ရာ CANAL+ Sports 1 ရုပ်သံလိုင်းနှင့် CANAL+Application တို့မှ တိုက်ရိုက်ထုတ်လွှင့်ပြသခဲ့သည်။ ယင်းပြိုင်ပွဲတွင် အဓိကတွဲဆိုင်း ဖြစ်သည့် ထွန်းထွန်းမင်းနှင့် သွေးသစ်ဝင်းလှိုင်တို့ယှဉ်ပြိုင်ထိုးသတ်ရာ ထွန်းထွန်းမင်းကို သွေးသစ်ဝင်းလှိုင်က အမှတ်ဖြင့်အနိုင်ရရှိသည်။ 

TGL#3 The Great Lethwei ရိုးရာလက်ဝှေ့ပြိုင်ပွဲ၏ အဓိကခေါင်ပွဲဖြစ်သည့် ပထမတန်း ချန်ပီယံလက်ဝှေ့ကျော်ထွန်းထွန်းမင်းနှင့် လက်ဝှေ့ကျော်သွေးသစ်ဝင်းလှိုင်တို့ပြိုင်ပွဲ၌  ပထမအချီ၊ ဒုတိယအချီတို့တွင်  အမှတ်ရရှိရေး   ထိုးသတ်ခဲ့ကြသည်။

သွေးသစ်ဝင်းလှိုင်၏ လက်သီးတွဲလုံးများကြောင့် လေးချီမြောက်တွင် ထွန်းထွန်းမင်းအမှတ်စဉ်နှစ်ကြိမ် ရေတွက်ခံရပြီး ငါးချီ၌တစ်ဦးနှင့် တစ်ဦးအမှားမခံဘဲ ငါးချီပြီးခဲ့သော်လည်း သွေးသစ်ဝင်းလှိုင်က အမှတ်ဖြင့် အနိုင်ရရှိသွားသည်။

ယနေ့ပြိုင်ပွဲ၏ ၅၇-၆၀ ကီလို(လိုက်ဝိတ်တန်း)တွင် စောနိုင်လင်းနှင့်ကျားရိုင်း၊ ၅၄-၅၇ ကီလို(ဖယ်သာဝိတ်တန်း)တွင် စိုးမင်းထိုက်နှင့်ကစောထူး၊ ၆၃ ဒသမ ၅-၆၇ ကီလို(ဝယ်လ်တာဝိတ်တန်း)တွင် စောကဲနှင့် သားစိုး၊ စောဂျွန်နှင့်စောထွန်းဝင်းအောင်၊ ၅၇-၆၀ ကီလို(လိုက်ဝိတ်တန်း)တွင် ရှမ်းတောက်နှင့် သွေးလင်းထက်၊ ၆၀-၆၃ ဒသမ ၅ ကီလို(လိုက်ဝယ်လ်တာဝိတ်တန်း)တွင် စောရွှေလေးနှင့်မိုးထက်အောင်၊  ဒုခေါင်တွဲဆိုင်းဖြစ်သည့်  ၆၃ ဒသမ ၅-၆၇ ကီလို(ဝယ်လ်တာဝိတ်တန်း)တွင် အဲမွီနှင့်ကမ္ဘာရှား၊  ခေါင်တွဲဆိုင်းဖြစ်သည့် ၇၄-၇၇ ကီလိုတန်းတွင် ထွန်းထွန်းမင်းနှင့် သွေးသစ်ဝင်းလှိုင်တို့ ယှဉ်ပြိုင်ထိုးသတ်ခဲ့ကြသည်။

ပြိုင်ပွဲ၏   ၆၀-၆၃ ဒသမ ၅ ကီလို(လိုက်ဝယ်လ်တာဝိတ်တန်း) စောရွှေလေးနှင့် မိုးထက်အောင်တို့ပွဲတွင်  ပထမအချီ ၂ မိနစ် ၂၉ စက္ကန့်အရောက်တွင်  မိုးထက်အောင်က ဒူးတိုက်ချက်သုံး၍ စောရွှေလေးအားလည်းကောင်း၊ ၅၇-၆၀ ကီလို(လိုက်ဝိတ်တန်း) ရှမ်းတောက်နှင့် သွေးလင်းထက်တို့ပွဲတွင် ဒုတိယအချီ ၂ မိနစ်နှင့် ၆ စက္ကန့်၌ သွေးလင်းထက်၏ညာခြေကန်ချက်ကြောင့်  ရှမ်းတောက်အနာတရ ဖြစ်သွားပြီး  သွေးလင်းထက်က ရှမ်းတောက်အားလည်းကောင်း၊ ၆၃ ဒသမ ၅-၆၇ ကီလို(ဝယ်လ်တာဝိတ်တန်း) စောဂျွန်နှင့်စောထွန်းဝင်း အောင်တို့ပွဲတွင် ပထမအချီမှာပင် စောဂျွန်၏ညာလက်သီးထိမှန်ပြီး ဆက်လက်မယှဉ်ပြိုင်နိုင်သည့်အတွက်  စောဂျွန်က စောထွန်းဝင်းအောင်အားလည်းကောင်း၊ ၆၃ ဒသမ ၅-၆၇ ကီလို(ဝယ်လ်တာဝိတ်တန်း) စောကဲနှင့် သားစိုးတို့ပွဲတွင်  ပထမအချီမှာပင် စောကဲက သားစိုးကိုအလဲထိုးဖြင့် လည်းကောင်း အသီးသီးအနိုင်ရရှိခဲ့ကြသည်။

ထို့အတူ ၅၄-၅၇ ကီလို(ဖယ်သာဝိတ်တန်း)တွင် စိုးမင်းထိုက်က ကစောထူးအားလည်းကောင်း၊  ၅၇-၆၀ ကီလို(လိုက်ဝိတ်တန်း)တွင် စောနိုင်လင်းက ကျားရိုင်းအားလည်းကောင်း၊ ၆၃ ဒသမ ၅-၆၇ ကီလို(ဝယ်လ်တာဝိတ်တန်း)တွင် အဲမွီကကမ္ဘာရှားအားလည်းကောင်းအမှတ်ဖြင့် အနိုင်ရရှိခဲ့ကြကြောင်း သိရသည်။            

ဝန်းရံခ