မြန်မာနိုင်ငံရှိပြည်သူများ အရည်အသွေး ပြည့်ဝသော ဆေးဝါးများ လက်လှမ်းမီရရှိစေရန် အိန္ဒိယနိုင်ငံထုတ် ဆေးဝါးများကို ကျန်းမာရေး ဝန်ကြီးဌာနမှ ဆေးရုံများတွင် အသုံးပြုနိုင်ရေး နိုင်ငံတော်ဘတ်ဂျက်ဖြင့်  နှစ်စဉ်ဝယ်ယူ ဖြန့်ဖြူးပေးလျက်ရှိ

မြန်မာနိုင်ငံရှိပြည်သူများ အရည်အသွေး ပြည့်ဝသော ဆေးဝါးများ လက်လှမ်းမီရရှိစေရန် အိန္ဒိယနိုင်ငံထုတ် ဆေးဝါးများကို ကျန်းမာရေး ဝန်ကြီးဌာနမှ ဆေးရုံများတွင် အသုံးပြုနိုင်ရေး နိုင်ငံတော်ဘတ်ဂျက်ဖြင့်  နှစ်စဉ်ဝယ်ယူ ဖြန့်ဖြူးပေးလျက်ရှိ

ရန်ကုန်   ဇန်နဝါရီ   ၂၉

    ရန်ကုန်မြို့ရှိ အိန္ဒိယ-မြန်မာကုန်သည်ကြီးများအသင်း India-Myanmar Chamber of Commerce-IMCC) ၏ ဖိတ်ကြားချက်အရ ကျန်းမာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် ယနေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ အိန္ဒိယစင်တာ၌ ကျင်းပသည့်    တွေ့ဆုံဆွေးနွေးပွဲသို့ ဂုဏ်ထူးဆောင်  ဧည့်သည်တော်အဖြစ် တက်ရောက်သည်။

တွေ့ဆုံဆွေးနွေးပွဲတွင် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး   H.E. Mr. Vinay Kumar က  ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြား၍ အိန္ဒိယ-မြန်မာ နှစ်နိုင်ငံအကြား နယ်ပယ်ကဏ္ဍ အသီးသီးတွင်   ပူးပေါင်းဆောင်ရွက်နေမှုကို ရှင်းလင်း ပြောကြားသည်။

ယင်းနောက်  ပြည်ထောင်စုဝန်ကြီးက နှစ်နိုင်ငံ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု အခြေအနေများ ပိုမိုတိုးမြှင့် ဆောင်ရွက်လျက်ရှိရာ အိန္ဒိယ-မြန်မာ ကုန်သည်ကြီးများအသင်းသည် အရေးပါသော အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်း၊ အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ ဆက်သွယ်ဆောင်ရွက်မှုများသည် ရှေးယခင်ကာလကတည်းကပင် တည်ရှိ၍ နှစ်နိုင်ငံနယ်နိမိတ် နီးကပ်လျက်ရှိခြင်းကြောင့်    ဆက်သွယ်ဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်နိုင်ခဲ့ကြောင်း၊ အိန္ဒိယနိုင်ငံသည်   မြန်မာနိုင်ငံ၏ အဓိက ကုန်သွယ်မှုမိတ်ဖက်နိုင်ငံဖြစ်ပြီး(၂၀၂၁-၂၀၂၂)ခုနှစ်တွင် ကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၁ ဒသမ ၈၉ ဘီလီယံခန့် ရှိပြီး ဆက်လက်တိုးတက်ရန် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ဆေးဝါးပစ္စည်းများသည် အိန္ဒိယနိုင်ငံမှ မြန်မာနိုင်ငံသို့အဓိက သွင်းကုန်ပစ္စည်းဖြစ်ကြောင်း၊    မြန်မာနိုင်ငံရှိ ပြည်သူများ   အရည်အသွေးပြည့်ဝသော ဆေးဝါးများ လက်လှမ်းမီရရှိစေရန် အိန္ဒိယနိုင်ငံထုတ် ဆေးဝါးများကို ကျန်းမာရေးဝန်ကြီးဌာနမှ ဆေးရုံများတွင် အသုံးပြုနိုင်ရေး နိုင်ငံတော်ဘတ်ဂျက်ဖြင့်   နှစ်စဉ်ဝယ်ယူ ဖြန့်ဖြူးပေးလျက်ရှိကြောင်း၊    အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနမှလည်း တင်သွင်းလာသည့် ဆေးနှင့်ဆေးပစ္စည်းများ  သွင်းကုန်လိုင်စင် လျင်မြန်စွာရရှိရေး၊ ပြည်သူများ   ဘေးကင်းလုံခြုံစိတ်ချစွာ အသုံးပြုနိုင်ရေး  ဆောင်ရွက်ပေးလျက်ရှိကြောင်း။

 အိန္ဒိယနိုင်ငံသည် ဆေးပညာရပ်ပိုင်း ဆိုင်ရာ တိုးတက်ကောင်းမွန်သော နိုင်ငံဖြစ်ပြီး အိန္ဒိယနိုင်ငံမှ ဆေးပညာရှင်များ မြန်မာနိုင်ငံသို့ လာရောက်၍ မြန်မာဆေးပညာရှင်များ နှင့်ပူးပေါင်းကာ ဆေးကုသမှုများ ဆောင်ရွက်ရန်နှင့် ဆေးဝါးစက်ရုံများ တည်ထောင်၍ ရင်းနှီးမြှုပ်နှံရန်   တိုက်တွန်းကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း မြန်မာ နိုင်ငံအတွက် လိုအပ်သည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ၊  Oxygen Plantများ၊ ဆေးနှင့်ဆေးပစ္စည်းများ လှူဒါန်းမှု အတွက် ကျေးဇူးတင်ရှိကြောင်း၊ နယ်ပယ်အသီးသီးတွင်  တွေ့ကြုံရသော အခက်အခဲများကို ပူးပေါင်းဖြေရှင်း၍  နှစ်နိုင်ငံ ကျန်းမာရေး ကဏ္ဍဆိုင်ရာ  စီးပွားဆက်ဆံရေး တိုးမြှင့်ဆောင်ရွက်ကြစေလိုကြောင်း  ဆွေးနွေးပြောကြားသည်။

ထို့နောက် အိန္ဒိယ-မြန်မာ ကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌ Mr. Naresh Kumar Dinodiya နှင့် အတွင်းရေးမှူးတို့က အိန္ဒိယ-မြန်မာ ကုန်သည်ကြီးများအသင်း၏ ဆောင်ရွက်မှုကို ရှင်းလင်းပြောကြားပြီး   တွေ့ဆုံပွဲသို့ တက်ရောက်လာကြသော အိန္ဒိယလုပ်ငန်းရှင်များ၏ မေးမြန်းမှုများကို   ကျန်းမာရေးဝန်ကြီးဌာန   ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက အသေးစိတ် ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြသည်။ ယင်းနောက် အိန္ဒိယ သံအမတ်ကြီး  H.E. Mr. Vinay Kumar က ပြည်ထောင်စုဝန်ကြီးအား အမှတ်တရ လက်ဆောင်ပေးအပ်ခဲ့ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ခဲ့ကြသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ ကျန်းမာရေး ဝန်ကြီးဌာန ကုသရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနမှ  ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနမှူးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။