မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေး စီမံကိန်းတစ်ခုဖြစ်သည့် National Land-mark Sculpturing and Painting Youth Camp for LMC Fine Arts Students စီမံကိန်းဖွင့်ပွဲ အခမ်းအနား ကျင်းပ

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေး စီမံကိန်းတစ်ခုဖြစ်သည့် National Land-mark Sculpturing and Painting Youth Camp for LMC Fine Arts Students စီမံကိန်းဖွင့်ပွဲ အခမ်းအနား ကျင်းပ

မန္တလေး  ဇန်နဝါရီ ၂၉

    မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေး စီမံကိန်းတစ်ခုဖြစ်သည့်  National Land-mark Sculpturing and Painting Youth Camp for LMC Fine Arts Students ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မန္တလေးမြို့   ရတနာပုံခန်းမ၌  Virtual စနစ်ဖြင့် ကျင်းပသည်။

ဦးစွာ အခမ်းအနားကို အမှတ်စဉ် ရေတွက်၍ ဖွင့်လှစ်ခဲ့ပြီး မြန်မာ့ရိုးရာနတ်ယိမ်း အကဖြင့် ဖျော်ဖြေတင်ဆက်သည်။

ထို့နောက် သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက မဲခေါင်-လန်ချန်း မြစ်ဝှမ်းတစ်လျှောက် ရှေးယခင်ကတည်းက တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ လာအိုနိုင်ငံ၊ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့သည် မဲခေါင်မြစ်ကို အမှီသဟဲပြု၍ အတူတကွ တည်ရှိခဲ့ကြသည့် ဒေသတွင်း အဖွဲ့ဝင်နိုင်ငံများဖြစ်ကြောင်း၊ ယနေ့ခေတ်တွင် အဖွဲ့ဝင်နိုင်ငံများအကြား၌ ဘာသာစကား၊ ဓလေ့ထုံးတမ်းများ၊ ရိုးရာယဉ်ကျေးမှု အနုပညာရပ်များကို ပွင့်လင်း မြင်သာမှုရှိစွာနှင့် လူမှုအသိုက်အဝန်းများ အားကောင်းလာစေရန်၊ ယဉ်ကျေးမှု ဖလှယ်ခြင်းနှင့် အပြန်အလှန် နားလည်မှုကိုမြှင့်တင်ရန် အရေးကြီးလာကြောင်း၊ နည်းပညာ ဖွံ့ဖြိုးတိုးတက် လာသည်နှင့်အမျှ   အချို့သော လက်မှုအနုပညာရပ်များသည် ပျောက်ကွယ်လုနီးပါး အခြေအနေနှင့် ရင်ဆိုင်နေကြရသည့်အတွက်    မဲခေါင်-လန်ချန်းဒေသတွင်းရှိ အဖွဲ့ဝင်ခြောက်နိုင်ငံမှ ပန်းချီ၊ ပန်းပုအနုပညာရှင်လူငယ်များ ပါဝင်သည့် National Landmark Sculpturing and Painting Youth Camp for LMC Fine Arts  Students     စီမံကိန်းကို ဇန်နဝါရီ  ၂၉ ရက်မှ ၃၀ ရက်အထိ သာသနာရေးနှင့်  ယဉ်ကျေးမှုဝန်ကြီးဌာန အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(မန္တလေး)က တာဝန်ယူပြီး  မြန်မာနိုင်ငံ၏ ယဉ်ကျေးမှု မြို့တော်ဖြစ်သည့် မန္တလေးမြို့၌ ယခုကဲ့သို့   လက်ခံကျင်းပရခြင်း ဖြစ်ကြောင်း။ 

 ယခုကျင်းပမည့် National Landmark Sculpturing and Painting Youth Camp for LMC Fine Arts Students စီမံကိန်းတွင် ဒေသတွင်း အဖွဲ့ဝင် ခြောက်နိုင်ငံမှ တစ်နိုင်ငံလျှင် ပန်းချီ၊ ပန်းပု လူငယ်အနုပညာရှင်လေးဦးနှင့်ခေါင်းဆောင် တစ်ဦး စုစုပေါင်းငါးဦးစီ   ဖိတ်ကြားဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး အဖွဲ့ဝင်နိုင်ငံများမှ ပန်းချီ၊ ပန်းပုအနုပညာရှင်များက မိမိတို့နိုင်ငံ၏ နိုင်ငံအမှတ်အသား ပန်းချီ၊  ပန်းပုအနုပညာလက်ရာများ ဖန်တီးခြင်းနှင့် မိမိတို့ ဖန်တီးထားသော အနုပညာလက်ရာများ အကြောင်း ရှင်းလင်းဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ကြမည်ဖြစ်ကြောင်း။

 ယခုစီမံကိန်းမှတစ်ဆင့်  မဲခေါင်-လန်ချန်း ဒေသတွင်းနိုင်ငံများရှိ အနုပညာ ရှင်လူငယ်များ အကြား အချင်းချင်း အပြန်အလှန် ချစ်ခင်ယုံကြည်မှု၊ တစ်ဦး၏ ယဉ်ကျေးမှု ကို တစ်ဦးကအပြန်အလှန် လေးစားတန်ဖိုးထားမှု၊ အချင်းချင်း  အတူတကွ ပူးပေါင်း ဆောင်ရွက်တတ်မှု၊ အတွေးအမြင်သစ်များ အပြန်အလှန်ဖလှယ်နိုင်မှုများ  တိုးတက်ရရှိစေရန် ဆုမွန်ကောင်း တောင်းလိုက်ကြောင်း ပြောကြားသည်။

ဆက်လက်၍ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမောင်ကို၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးမှ Minister Counselor Dr. Zheng Zhihong နိုင်ငံခြားရေး ဝန်ကြီးဌာနမှ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးဝင်းဇေယျာထွန်းတို့က ကြိုဆိုနှုတ်ခွန်းဆက် စကားများ ပြောကြားခဲ့ကြသည်။

ထို့နောက် တရုတ်နိုင်ငံမှ ပန်းချီ၊ ပန်းပု ကျွမ်းကျင်ပညာရှင် Ms. Jixian Huang နှင့် မြန်မာနိုင်ငံမှ ပန်းချီ၊ ပန်းပုကျွမ်းကျင်ပညာရှင် ဒေါက်တာပြည့်ဖြိုးကျော်တို့က မဲခေါင်-လန်ချန်း ဒေသတွင်းနိုင်ငံများရှိ ပန်းချီ၊ ပန်းပု အနုပညာသမိုင်းကြောင်းများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားကြပြီး  လန်ချန်း-မဲခေါင် ဂုဏ်ပြုသီချင်းအကဖြင့် တင်ဆက်သည်။ မွန်းလွဲပိုင်းတွင် သက်ဆိုင်ရာနိုင်ငံအသီးသီး မှ လူငယ်ပန်းချီ အနုပညာရှင်များက မိမိတို့ နိုင်ငံအသီးသီး၏ ထင်ရှားသော နိုင်ငံ့အမှတ်အသားများကို ရေးဆွဲထားသည့် ပန်းချီကား များအကြောင်း ဆွေးနွေးကြသည်။

လန်ချန်း-မဲခေါင် National Landmark Sculpturing and Painting Youth Camp for LMC Fine Arts Students  စီမံကိန်းကို ဇန်နဝါရီ ၃၀ ရက်တွင် ဒုတိယနေ့အဖြစ် ဆက်လက် ကျင်းပသွားမည်ဖြစ်ကြောင်း  သိရသည်။