တရုတ်-လာအို-ထိုင်း သုံးနိုင်ငံမီးရထားလမ်းချိတ်ဆက်နိုင်ရေး ဆွေးနွေးမှုများလုပ်ဆောင်နေ
ကုန်စည်ပို့ဆောင်မှုကုန်ကျစရိတ်ကို ၃၀ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်းအထိကျဆင်းစေမည့် တရုတ်-လာအို-ထိုင်း သုံးနိုင်ငံမီးရထားလမ်း ချိတ်ဆက်နိုင်ရေးအတွက် ထိုင်းနှင့်လာအိုတို့မှ တာဝန်ရှိသူများက ဆွေးနွေးမှုများ လုပ်ဆောင်နေကြောင်း သိရသည်။
ထိုသို့ဆွေးနွေးနိုင်ရေးအတွက် ထိုင်းနိုင်ငံမီးရထားပို့ဆောင်ရေးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် အကောက်ခွန်ဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်တို့အနေဖြင့် မကြာသေးမီက လာအိုနိုင်ငံသို့ သွားရောက်ကြောင်း မီးရထားပို့ဆောင်ရေးဌာနက ယခုသီတင်းပတ်အကုန်တွင် ထုတ်ပြန်ထားသည်။
အဆိုပါ မြန်နှုန်းမြင့်မီးရထားလမ်းကွန်ရက်သည် လက်ရှိအခြေခံအဆောက်အအုံများကိုပါ ဖွံ့ဖြိုးတိုးတက် စေမည် ဖြစ်သည့်အပြင် ထိုင်းနိုင်ငံနှင့်အိမ်နီးချင်းနိုင်ငံများကိုပါ အကျိုးဖြစ်ထွန်း စေမည်ဖြစ်ကြောင်း လေ့လာသူများကပြောသည်။
လာအိုနိုင်ငံနှင့် ထိုင်းနိုင်ငံတို့ကြားရှိ နောင်ခိုင်စစ်ဆေးရေးဂိတ်မှ ၂၀၂၂ ခုနှစ်အတွင်း ကုန်သွယ်မှုပမာဏသည် ထိုင်း ဘတ် ၉၉ ဒသမ ၂ ဘီလီယံရှိသည်။
ထိုင်း-လာအို မီးရထားလမ်းကွန်ရက်အနေဖြင့် နေ့စဉ်မီးရထား ၁၄ စင်းခုတ်မောင်းသွားမည်ဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုများကိုလည်း ဆွဲဆောင်နိုင်မည်ဟု တာဝန်ရှိသူများက မျှော်လင့်ထားကြောင်း သိရသည်။
Ref: Bangkok Post