နေရောင်ခြည်စွမ်းအင်ကိုထိရောက်စွာ အသုံးပြုပြီး လျှပ်စစ်ဓာတ်အားခများကိုလျှော့ချနိုင်စေဖို့

နေရောင်ခြည်စွမ်းအင်ကိုထိရောက်စွာ အသုံးပြုပြီး လျှပ်စစ်ဓာတ်အားခများကိုလျှော့ချနိုင်စေဖို့

 

ယမန်နေ့မှအဆက်

အရင်တုန်းကဆိုရင်   အပြင်ကနေပြန်ရောက်တာနဲ့ အအေးဓာတ်ကိုခံစားရစေဖို့အတွက် အိမ်ကနေထွက် ကတည်းက လေအေးပေးစက်များကို ဖွင့်ထားတတ်ကြပါတယ်။

အခုတော့ ခေတ်မီလေအေးပေးစက်များကို ကိုယ့်ရဲ့မိုဘိုင်းဖုန်းကနေတစ်ဆင့် အဝေးကနေထိန်းချုပ်နိုင်နေပါပြီ။ ဒါကြောင့် ကိုယ်အိမ်ပြန်မရောက်မီ အနည်းငယ်အလိုမှသာ  ကိုယ့်အိမ်ကလေအေးပေးစက်ကို ဖွင့်ဖို့ ဖုန်းကနေတစ်ဆင့် ညွှန်ကြားနိုင်ပါတယ်။ ဒါဆိုရင် လျှပ်စစ်ဓာတ်အားသုံးစွဲမှုကို  ကောင်းကောင်းကြီး လျှော့ချနိုင်မှာပါ။

နောက်တစ်ခု လူအများစုက သက်သောင့်သက်သာရှိတဲ့  အိမ်တစ်လုံးကိုဖန်တီးဖို့အတွက် ဈေးပေါတဲ့ ဆိုလာစနစ်ကို အသုံးပြုကြလေ့ရှိပါတယ်။ ဒါဟာလည်း မှားယွင်းတဲ့အချက်တစ်ချက်လို့ ဆိုနိုင်ပါတယ်။

အကောင်းဆုံးကတော့  ဈေးအသင့် အတင့်ရှိတဲ့ စမတ်ကွန်ထရိုလာတွေကို ဝယ်ယူတပ်ဆင်ခြင်းဖြစ်ပါတယ်။ သူတို့ရဲ့ စွမ်းဆောင်ရည်က အခန်းထဲမှာလူမရှိဘူးလား၊ ပြတင်းပေါက်တံခါးတွေပွင့်နေတာလား၊ အခန်းကို အအေးဓာတ်ပေးရမလား၊ အပူဓာတ်ပေးရမလားဆိုတာတွေကို သိရှိခံစားပြီး လိုအပ်သလို ထိန်းချုပ်နိုင်ခြင်းပါပဲ။

လျှပ်စစ်စွမ်းအင်ကိုအများဆုံးအသုံးပြုတဲ့ နောက်ထပ်အိမ်သုံးပစ္စည်းတစ်ခုကတော့ ရေပူစက်များပါပဲ။ သူတို့ရဲ့ လျှပ်စစ်စွမ်းအင်အသုံးပြုမှုက တစ်အိမ်လုံးအသုံးပြုမှုရဲ့ လေးပုံတစ်ပုံမှသည် သုံးပုံတစ်ပုံလောက်အထိ ရှိတတ်ပါတယ်။

နေအားလျှပ်စစ်ကို အလျှံပယ်ရရှိလာချိန်၊ လျှပ်စစ်ဓာတ်အားခတွေကြီးမြင့်လာချိန်တို့မှာ သမားရိုးကျ အပူပေးရေပူစက် များထက် အပူစီးဆင်းစေတဲ့ရေပူစက်များက အကောင်းဆုံးသောရွေးချယ်မှုဖြစ်လာပါတယ်။

သူတို့ကိုအသုံးပြုမှုအတွက်  ကနဦးကုန်ကျစရိတ်က သမားရိုးကျအပူပေးရေပူစက်များနဲ့ တန်းတူ ဖြစ်ပေမယ့်လည်း နောက်ပိုင်းမှာတော့ လျှပ်စစ်ဓာတ်အားခအတွက် ကုန်ကျစရိတ်သက်သာသွားတာကို တွေ့ရမှာပါ။

ဒီထက်မကကုန်ကျစရိတ်သက်သာစေဖို့ဆိုရင် နေရောင်ခြည်စွမ်းအင် အမြင့်ဆုံးရရှိချိန်မှာ   အဲဒီရေပူစက်များကို ဖွင့်ကာ ပူလာတဲ့ရေများကို   သိုလှောင်ထားခြင်းအားဖြင့် ကိုယ်ရေချိုးမယ့်အချိန်မှာ ရေပူကိုအလကား သက်သက်ပုံစံမျိုးနဲ့ရရှိမှာပဲဖြစ်ပါတယ်။

အလားတူပဲ မီးဖိုချောင်မှာဆိုရင် အခုနောက်ဆုံးပေါ်လျှပ်စစ်ပစ္စည်းများကို အသုံးပြုပေးခြင်းက  လျှပ်စစ်ဓာတ်အားခကို လျှော့ချပေးနိုင်ဦးမှာပါ။

ဒါမှမဟုတ်  နေရောင်ခြည်စွမ်းအင်အပြည့်အဝရရှိချိန်မှာသာ အသုံးပြုမယ်ဆိုပြီး ခေတ်မီလျှပ်စစ်ပစ္စည်းများကို ကြိုတင်အစီအစဉ် ပေးထားတယ်ဆိုရင်လည်း လျှပ်စစ်ဓာတ်အားခကို လျှော့ချနိုင်မှာဖြစ်ပါတယ်။

အသုံးပြုချိန်ကိုထိန်းချုပ်ဖို့ စမတ်နည်းပညာကိုအသုံးပြုပါ

ကိုယ့်အိမ်မှာတပ်ဆင်ထားတဲ့  နေအားလျှပ်စစ်ကို  အကောင်းဆုံးနည်းလမ်းနဲ့အသုံးချဖို့ဆိုရင် စွမ်းအင်အလေအလွင့် ဖြစ်မှုကိုရှောင်ရှားရမှာဖြစ်ပြီး ကိုယ့်အိမ်ရဲ့လျှပ်စစ်လိုအပ်ချိန်နဲ့     နေရောင်ခြည်စွမ်းအင် ရရှိချိန်တို့ကို အချိန်ကိုက်ထားရမှာ ဖြစ်ပါတယ်။

တစ်အိမ်လုံးအတွက်ဖြစ်စေ၊  သီးခြားလျှပ်စစ်ပစ္စည်းများအတွက်ဖြစ်စေ ဒီလိုအခြေအနေမျိုးကို ရရှိဖို့အတွက်ဆိုရင်တော့ စမတ်နည်းပညာသုံးထိန်းချုပ်မှုစနစ်ကို အသုံးပြုခြင်းက အကောင်းဆုံးဖြစ်ပါလိမ့်မယ်။

ဒီစနစ်ကနေတစ်ဆင့် အိမ်သုံးလျှပ်စစ်ပစ္စည်းများ အားလုံးအတွက် ခုနစ်ရက်စာလုပ်ဆောင်ဖွယ်ရာ အစီအစဉ်များကို ကြိုတင်သတ်မှတ်ပေးထားနိုင်ပါတယ်။

ကိုယ်ကအိမ်အပြင်ထွက်သွားတဲ့အခါ လျှပ်စစ်မီးအလင်းရောင်နဲ့ လေအေးပေးစက်တို့ကို အဲဒီစနစ်က အလိုအလျောက် ပိတ်ပေးနိုင်ပါတယ်။

ရာသီဥတုပူတဲ့နေ့တွေမှာဆိုရင်တော့ ကိုယ်ပြန်မရောက်ခင်မှာ   ပြတင်းပေါက်လိုက်ကာကိုချပြီး လေအေးပေးစက်ကြိုတင်ဖွင့်ပေးထားခြင်းတို့ကို အဲဒီလိုစနစ်မျိုးကပဲ လုပ်ဆောင်ပေးနိုင်မှာပါ။

ဒါ့အပြင် နေရောင်ခြည်ကနေပြောင်းလဲရရှိလာတဲ့ လျှပ်စစ်စွမ်းအင်ကို ထိန်းသိမ်းထားခြင်းကလည်း ညအခါနဲ့ နေမသာတဲ့နေ့မျိုးတွေမှာ လျှပ်စစ်ဓာတ်အားအသုံးပြုနိုင်ဖို့ အရေးကြီးတဲ့အချက်တစ်ချက်ဖြစ်ပါတယ်။

နောက်တစ်ခုက လျှပ်စစ်ကားများကို နည်းလမ်းနောက်တစ်မျိုးနဲ့အသုံးပြုခြင်း ဖြစ်ပါတယ်။ အများစုက လျှပ်စစ်ကားများကို ခရီးသွားလာဖို့အတွက်ပဲအသုံးပြုရမယ်လို့ထင်ထားကြတာပါ။ တကယ်တမ်းကျတော့ သူတို့ကို စွမ်းအင်သိုလှောင်တဲ့ ဘက်ထရီများအဖြစ်လည်း အသုံးပြုနိုင်ပါတယ်။

အသုံးပြုရမယ့်ပုံစံကတော့  နေရောင်ခြည်စွမ်းအင်ကနေရရှိတဲ့ လျှပ်စစ်ဓာတ်အားကိုအသုံးပြုပြီး လျှပ်စစ်ကားများကို အားသွင်းထားပါမယ်။ လျှပ်စစ်ဓာတ်အားလိုအပ်ချိန်မှာ သူ့ဆီကနေဓာတ်အားပြန်ထုတ်ပြီး အသုံးပြုမယ်။ ဒါဆိုရင် လျှပ်စစ်ဓာတ်အားခကို လျှော့ချနိုင်မှာပါ။

အခုဆိုရင် ကမ္ဘာတစ်ဝန်းမှာ လျှပ်စစ်ကားများကို တွင်ကျယ်စွာအသုံးပြုလာကြပါပြီ။ ဒီလိုအသုံးပြုလာချိန်မှာ သူတို့ကို အားသွင်းဖို့အတွက် ဓာတ်အားလိုင်းကပေးတဲ့ လျှပ်စစ်ဓာတ်အားကိုအားမကိုးဘဲ နေရောင်ခြည်စွမ်းအင်မှပြောင်းလဲရရှိလာတဲ့ လျှပ်စစ်ဓာတ်အားကိုအသုံးပြုခြင်းက လျှပ်စစ်ဓာတ်အားခကို လျှော့ချဖို့အတွက် အကောင်းဆုံးဖြစ်တယ်လို့ ဆိုထားပါတယ်။

ဒါကြောင့်  ပြောရမယ်ဆိုရင် လျှပ်စစ်ဓာတ်အားခတွေဈေးကြီးနေတဲ့ အခုလိုအချိန်မှာ ကိုယ်အသုံးပြုလိုက်တဲ့ လျှပ်စစ်ပစ္စည်း တွေကြောင့် ဘူးလေးရာဖရုံဆင့်ဆိုသလို စရိတ်တွေပိုထောင်းလာနိုင်ပါတယ်။

ဒီအတွက် ကိုယ့်ရဲ့ဘယ်လျှပ်စစ်ပစ္စည်းက လျှပ်စစ်ဓာတ်အားဘယ်လောက်အသုံးပြုတယ်။   အဲဒီလျှပ်စစ်ဓာတ်အားကို ဓာတ်အားလိုင်းကနေရယူတာလား။ ကိုယ့်အိမ်မှာတပ်ထားတဲ့ နေအားလျှပ်စစ်ကနေ

ရယူတာလားဆိုတာကို  ကွဲကွဲပြားပြားသိဖို့ အရေးကြီးပါတယ်။

ပြီးတဲ့အခါ ဓာတ်အားလိုင်းကနေရယူနေတဲ့လျှပ်စစ်ဓာတ်အားကို ကိုယ့်အိမ်မှာရှိတဲ့ နေအားလျှပ်စစ်ကနေ ပြောင်းလဲရယူနိုင်ဖို့ လျှပ်စစ်ပစ္စည်းအသုံးပြုချိန်တွေကို ညှိနှိုင်းလိုက်ခြင်းအားဖြင့် အိမ်မှာဆိုလာပြားတွေ တပ်ထားလျက်နဲ့ လျှပ်စစ်ဓာတ် အားခတွေ များပြားစွာပေးချေနေရတာကို သိသိသာသာကြီး လျှော့ချသွားနိုင်စေမှာ ဖြစ်ကြောင်း ရေးသား တင်ပြလိုက်ရပါတယ်။

Ref: The Conversation