တရုတ်က ကမ္ဘာ့မော်တော်ကားတင်ပို့မှုတွင် တတိယနေရာရောက်ရှိလာ

တရုတ်က ကမ္ဘာ့မော်တော်ကားတင်ပို့မှုတွင် တတိယနေရာရောက်ရှိလာ

တရုတ်နိုင်ငံသည် ကမ္ဘာတစ်ဝန်းသို့ မော်တော်ကားများတင်ပို့မှုတွင် တတိယနေရာသို့ရောက်ရှိလာပြီဖြစ်ကြောင်း သိရသည်။

၂၀၂၂ ခုနှစ်အတွင်း တရုတ်နိုင်ငံမှ ကမ္ဘာ့မော်တော်ကားဈေးကွက်သို့တင်ပို့သော မော်တော်ကားအရေအတွက်သည် ၂ သန်းခွဲအထိ စံချိန်တင်ရောက်ရှိခဲ့သည့်အတွက် ကမ္ဘာ့တတိယမြောက် မော်တော်ကားတင်ပို့မှုအများဆုံးနိုင်ငံအဖြစ်သို့ ရောက်ရှိလာခြင်းဖြစ်ကြောင်း Bloomberg  သတင်းဌာနကဖော်ပြထားသည်။

ကမ္ဘာပေါ်တွင် မော်တော်ကားတင်ပို့မှုအများဆုံးနိုင်ငံများမှာ  ဂျပန်နိုင်ငံနှင့် ဂျာမနီနိုင်ငံတို့ဖြစ်ပြီး တရုတ်နိုင်ငံ၏နောက်၌ အမေရိကန်နှင့် တောင်ကိုရီးယားနိုင်ငံတို့ ရပ်တည်နေသောကြောင့် တရုတ်နိုင်ငံက ကမ္ဘာ့မော်တော်ကား ထုတ်လုပ်တင်ပို့သူများကြား ထိုးဖောက်ဝင်ရောက်လာနေပြီကို ဖော်ပြနေသည်။

အထူးသဖြင့် တရုတ်နိုင်ငံထုတ်မော်တော်ကားများကို အရှေ့အလယ်ပိုင်းနှင့် လက်တင်အမေရိကဒေသတို့က   လူကြိုက်များနေသည်။

ဥရောပဒေသတွင်မူ တက်စလာကုမ္ပဏီထုတ်လျှပ်စစ်ကားများနှင့်  တရုတ်ပိုင်ကုမ္ပဏီများကထုတ်လုပ်သော လျှပ်စစ် ကားများက ရေပန်းစားနေသည်။

အလားတူ တရုတ်ပြည်တွင်းကုမ္ပဏီများဖြစ်သော BYD နှင့် Nio တို့ကဲ့သို့သောအမှတ်တံဆိပ်များသည်လည်း လူကြိုက်များလျက်ရှိသည်။

အဓိကအားဖြင့် BYD ကုမ္ပဏီထုတ် လျှပ်စစ်ကားများသည် သြစတြေးလျကဲ့သို့ ဖွံ့ဖြိုးပြီးနိုင်ငံများရှိ လျှပ်စစ်ကားဈေးကွက်တွင် နေရာကောင်းများကိုရယူထားနိုင်သည်။

ကမ္ဘာပေါ်တွင်  မော်တော်ကားအများဆုံးတင်ပို့သူဖြစ်သည့် ဂျပန်နိုင်ငံက ၂၀၂၂ ခုနှစ်၏ ၁၁ လတာကာလအတွင်း ကမ္ဘာ့ဈေးကွက်သို့ မော်တော်ကားအစီးရေ ၃ ဒသမ ၂ သန်းတင်ပို့ထားသည်။

ဂျာမနီနိုင်ငံကမူ မော်တော်ကားအစီးရေ ၂ ဒသမ ၆၁ သန်းတင်ပို့ထားနိုင်ကာ ၎င်း၏တင်ပို့မှုပမာဏသည် ၂၀၂၁ ခုနှစ်ကထက် ၁၀ ရာခိုင်နှုန်းမြင့်တက်လာခြင်းဖြစ်ကြောင်း သိရသည်။            

Ref:RT