လက်ဖက်စိုက်ပျိုးရာဒေသများ၌ လက်ဖက်ခြံပြုစုချိန်တွင် လက်ဖက်စိုနှင့် လက်ဖက်ခြောက်များ ဈေးကောင်းရရှိ

လက်ဖက်စိုက်ပျိုးရာဒေသများ၌ လက်ဖက်ခြံပြုစုချိန်တွင် လက်ဖက်စိုနှင့် လက်ဖက်ခြောက်များ ဈေးကောင်းရရှိ

ပင်လောင်း၊ စိုက်ပျိုးစီးပွား

ပြည်တွင်းရှိ လက်ဖက်စိုက်ပျိုးရာဒေသများ၌ ယခုအချိန်သည် လက်ဖက်ခြံပြုစုချိန်ဖြစ်သည့်အပြင် ဈေးကွက်အတွင်း ဝယ်လိုအား ပုံမှန်ရှိနေ၍ လက်ဖက်စိုနှင့်လက်ဖက်ခြောက်များ   ဈေးကောင်းရရှိနေကြောင်း လက်ဖက်စိုက်ပျိုးရောင်းချသူများ၏ပြောပြချက်အရ သိရသည်။

လက်ဖက်ခြံများ၌ ဧပြီလမှ စက်တင်ဘာလအတွင်း လက်ဖက်နုများ ဆွတ်ခူးလေ့ရှိပြီး ကျန်အချိန်များတွင် အပင်ပြုစုခြင်းများ ဆောင်ရွက်လေ့ရှိသည်။

“ဧပြီလမှာ လက်ဖက်ရွက်နုစတင်ထွက်ရှိပါတယ်။ အဲဒီအချိန်ကျမှ လက်ဖက်စိုက်ပျိုးတဲ့ဒေသတိုင်းလိုလို စခူးကြတယ်။ အခုချိန်က ပေါင်းရှင်းတာတွေ လုပ်ဆောင်နေပါတယ်။ လက်ဖက်စိုက်သူအားလုံးလိုလိုက ပေါင်းသတ်ဆေးမသုံးပါဘူး။ လက်ဖက်ဈေးကွက် လည်း အရောင်းအဝယ်မကျဘဲ ကောင်းနေလို့ ဈေးပိုကောင်းနေပါတယ်။ ဒီတစ်နေရာတည်းမဟုတ်ဘဲ ဒေသတိုင်းလိုလို လက်ဖက် ဈေးကောင်းပါတယ်” ဟု ပင်လောင်းမြို့နယ်မှ လက်ဖက်စိုက်ပျိုး ထုတ်လုပ်ရောင်းချသူ ဦးမျိုးမင်းက ပြောသည်။

လက်ရှိတွင် ရွှေဖီရွေးသန့်လွတ် တစ်ပိဿာလျှင် ငွေကျပ် ၇၀၀၀၊ လက်ဖက်အစိုအညွန့် တစ်ပိဿာလျှင် ငွေကျပ် ၃၅၀၀၊ Green Tea အကျစ်ခြောက် တစ်ပိဿာလျှင် ငွေကျပ် ၁၃၀၀၀၊ Green Tea အပွခြောက်တစ်ပိဿာလျှင် ငွေကျပ် ၈၅၀၀ ဖြင့် ဈေးနှုန်း အသီးသီး ရရှိနေကာ ယခင်နှစ် လက်ဖက်ဆွတ်ခူးရာသီ နှောင်းပိုင်းကထက် အမျိုးအစားအလိုက် တစ်ပိဿာလျှင် ငွေကျပ် ၁၀၀၀ မှ ၁၅၀၀ ဝန်းကျင် ဈေးနှုန်းပိုမိုရရှိနေကြောင်း သိရသည်။

ပြည်တွင်းမှထွက်ရှိသည့် လက်ဖက်စိုများကို အမေရိကန်အပါအဝင် ပြည်ပနိုင်ငံတချို့သို့ တင်ပို့လေ့ရှိသည်။ ကျောက်မဲ၊ ပင်လောင်း  စသည့် ဒေသထွက်လက်ဖက်များမှာ နာမည်ကျော်ကြားကာ ဈေးကောင်းရရှိကြောင်း သိရသည်။ ထို့ပြင် ရှမ်းပြည်နယ်ရှိ လက်ဖက် စိုက်ပျိုးရာဒေသများ၌ စိုက်ပျိုးထုတ်လုပ်ရာတွင် ပြည်ပနည်းပညာအကူအညီများဖြင့် ဆောင်ရွက်လျက်ရှိရာ အရည်အသွေးပိုင်း ဆိုင်ရာတိုးတက်လျက်ရှိကြောင်း၊ ပင်လောင်းဒေသရှိ လက်ဖက်စိုက်တောင်သူများအား GAP လက်မှတ်များရရှိရန်လည်း ဆောင်ရွက် နေကြောင်း သိရသည်။                

 နဒီ