စွမ်းအင်နဲ့လျှပ်စစ်ကို ကမ္ဘာကြည့် ကြည့်မယ်

စွမ်းအင်နဲ့လျှပ်စစ်ကို ကမ္ဘာကြည့် ကြည့်မယ်

အမှတ်စဉ် (၃၈)

မဂ္ဂါဝပ် ၉၀၀၀ အတွက် လိုအပ်မယ့် တည်ဆောက်မှုစရိတ်ဟာ ဒေါ်လာသန်း ၁၅၀၀၀ ခန့် လိုအပ်မှာပါ။ ဒါကို ပုဂ္ဂလိက (ပြည်တွင်း/ ပြည်ပ)နဲ့လုပ်ရင်   နိုင်ငံတော်က ငွေစိုက်စရာမလိုဘဲ   သူ့ငွေနဲ့သူ လာရောက်ရင်းနှီးမြှုပ်နှံကြမှာပါ။ ဒါပေမဲ့   မဟာဓာတ်အားလိုင်းနဲ့ ဓာတ်အားခွဲရုံကြီးများ၊ ဖြန့်ဖြူးရေးလိုင်းနဲ့ ဖြန့်ဖြူးရေးဓာတ်အားခွဲရုံ အဆင့်ဆင့်အတွက် အသုံးစရိတ်ကလည်း ထုတ်လုပ်မှု အသုံးစရိတ်နဲ့ အညီအမျှလောက် မဖြစ်မနေသုံးရမှာပါ။ ဒီအလုပ်ကို နိုင်ငံတော်က ၁၀ နှစ်လောက်နဲ့ပြီးအောင်လုပ်ဖို့ နှစ်စဉ် ဒေါ်လာသန်း ၁၅၀၀ ခန့် သုံးရပါမယ်။ ဒီငွေဘယ်ကရမလဲ။ ပြည်ပက  ချေးမှာလား၊ ဒါဆိုရင်  ကြွေးမြီဝန်ထုပ်ဝန်ပိုးတစ်ခု တိုးလာပြီ။ ဒီအချက်က အကန့်အသတ်ဖြစ်တော့တာပါပဲ။ မဟာဓာတ်အားလိုင်းတွေ ဓာတ်အားခွဲရုံကြီးတွေကို ပုဂ္ဂလိကကို ပေးလိုက်ရင် မရဘူးလားလို့မေးရင် အပေါ်ယံကြည့်ပြောရင်တော့ ရပါတယ်လို့ပဲ ပြောကြမှာပါ။ ဒါပေမဲ့ ချက်ချင်းတော့ ဒီလိုလုပ်ဖို့ မသင့်ပါဘူး။ လျှပ်စစ်ကဏ္ဍရဲ့ အရေးအကြီးဆုံးအပိုင်းဖြစ်တဲ့ ပို့လွှတ်မှုနဲ့ ဓာတ်အားစနစ်ကို လောလောဆယ်ကာလမှာ နိုင်ငံပိုင်စီးပွားရေး ကော်ပိုရေးရှင်းပုံစံနဲ့ ကိုင်ထားသင့်ပါတယ်။

နိုင်ငံပိုင်စီးပွားရေး ကော်ပိုရေးရှင်းကလည်း ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်နိုင်ဖို့ လိုအပ်တဲ့ငွေကို ရှာဖို့လိုလာပါတယ်။ နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းကြီးလို့ အမည်ခံပြီး ပြည်သူ့ဘဏ္ဍာငွေ နှစ်စဉ်ဘီလီယံ ၄၀၀၊ ၅၀၀ ရှုံးနေသလိုလည်း လုပ်လို့မရပါဘူး။ ကိုယ့်ဝင်ငွေနဲ့ကိုယ် ရပ်တည်ရတော့မှာပါ။ ဒါဆိုရင် တန်ရာတန်ကြေးဓာတ်အားခရမှ ဒီလုပ်ငန်းကြီးကို စီးပွားရေးကော်ပိုရေးရှင်းပုံစံ ရပ်တည်နိုင်မှာပါ။ တစ်ဖက်ကလည်း စီမံခန့်ခွဲမှု စရိတ်လျှော့ရပါမယ်။ ဓာတ်အားပျောက်ဆုံးမှု သိသိသာသာလျှော့ရပါမယ်။ ဒါမှ ဒီအဖွဲ့အစည်း ရပ်တည်နိုင်ပါမယ်။ ဗီယက်နမ်၊ တရုတ်၊ ထိုင်းအားလုံးက ဒီနည်းကို သုံးတာပါ။

ချည်ပြီးတုပ်ပြီး ဓာတ်အားပြည်ပပို့ကုန်

နောက်တစ်ချက်က ဓာတ်အားရောင်းချတယ်ဆိုတာ သင်္ဘောနဲ့ကုန်ပို့သလို ထုပ်ပိုးပြီး ပို့လို့ရတာမဟုတ်သလို၊ ပိုလျှံနေလို့လည်း လှောင်ထားလို့မရပါဘူး။ နှစ် ၂၀ စာ၊ ၃၀ စာ ဓာတ်အားလိုအပ်ချက် ကြိုတင်တွက်ချက်ပြီး ပို့မယ့်ဓာတ်အားအတွက် ဓာတ်အားလိုင်း တွေ ကြိုတင်တည်ဆောက်ရတာပါ။ ဒီလိုတည်ဆောက်ရတဲ့ ဓာတ်အားလိုင်းတွေကိုလည်း သူ့စွမ်းရည်ရှိသလောက် သုံးမှ ရင်းနှီး မြှုပ်နှံရကျိုးနပ်ပြီး ဓာတ်အားခဈေးသက်သာမှာပါ။ ထုတ်လုပ်သူက ဝယ်သူနဲ့ညှိပြီး လိုင်း တည်ဆောက်ထားပြီးဖြစ်ရင် နှစ် ၃၀ စာလောက် ဈေးကွက်ထပ်ရှာစရာမလိုဘဲ မိမိဓာတ်အားကို ဝယ်သူက စာချုပ်အရ ဝယ်သုံးရတာပါပဲ။ အခြားကုန်ပစ္စည်း ကုန်သွယ်မှုက နှစ်စဉ်ပစ္စည်း အရည်အသွေးပြပြီး ဈေးကွက်ရှာရ၊ ရှာပြီးတွေ့ထားတဲ့ ဈေးကွက်ကိုလည်း အခြားသူက ဝင်နှောက်တာ ပဲဖြစ်ဖြစ်၊ နိုင်ငံရေးပယောဂကြောင့်ပဲဖြစ်ဖြစ် ကိုယ့်ပစ္စည်း လက်မခံပါဘူးဆိုရင် ဘာမှမတတ်နိုင်ပါဘူး။ လျှပ်စစ်သဘောကျတော့ နှစ် ၃၀ စာလောက် ဝယ်မယ်၊ ဘယ်လောက်ဝယ်မယ်၊ ဈေးက ဘယ်လိုဆိုတာ တစ်ပါတည်း စာချုပ်ထားတဲ့အတွက် ချည်ပြီးတုပ်ပြီး ကုန်သွယ်မှုလုပ်ငန်းဖြစ်သွားပါတယ်။ စာချုပ်ဖောက်ဖျက်သူက လျော်ရမှာပါပဲ။ အိန္ဒိယက ပဲမျိုးစုံမဝယ်တော့ဘူးဆိုမှ လယ်သမား တွေ ပဲစားပွဲတော်လုပ်ရမလိုလို၊ တရုတ်က ဆန်မဝယ်တော့ဘူးဆိုမှ ဆန်နဲ့လုပ်တဲ့ မုန့်စားပွဲတော်ပဲ လုပ်ရတော့မလိုလိုမျိုး လျှပ်စစ်ရောင်းဝယ်မှုမှာ မရှိပါဘူး။ ဒီလိုအားသာချက်ရှိတဲ့ လျှပ်စစ်ကုန်သွယ်မှုကို  ဒေသတွင်းမှာ လက်ဦးအောင် လုပ်ရပါမယ်။ ပြည်သူတွေကိုလည်း နားလည်အောင် ရှင်းပြဖို့လိုပါတယ်။ မိမိနိုင်ငံရာနှုန်းပြည့် ဓာတ်အားမရခင်ကတည်းက အိမ်နီးချင်း ဈေးကွက်ကို ထိုးဖောက်ထားတဲ့ မိမိတို့နဲ့ကပ်လျက် တရုတ်၊ လာအိုနဲ့ အိန္ဒိယနိုင်ငံတွေကို နမူနာယူဖို့လိုပါတယ်။ ကိုယ့်နိုင်ငံ ဓာတ်အားလုံလောက်ပြီး ရာနှုန်းပြည့်ဓာတ်အားရပြီးမှ ပြည်ပနဲ့ ဓာတ်အားကုန်သွယ်မှု လုပ်မယ် ဆိုရင် နောက်ကျသွားပါလိမ့်မယ်။

ကိုယ်ယူနိုင်ရင် အကုန်ယူလို့ရတဲ့ ဖက်စပ်

နောက်အရေးကြီးတစ်ချက်က မကြာခဏ ပြောဆိုသံကြားနေရတာက နိုင်ငံက ၁၀ ရာခိုင်နှုန်းပဲရပြီး သူများနိုင်ငံက ၉၀ ရာခိုင်နှုန်း ယူသွားတဲ့ စီမံကိန်းမျိုး လက်မခံဘူးဆိုတာလည်း အမှန်သိအောင် ရှင်းပြဖို့လိုပါတယ်။ ပြည်သူကို အစိုးရက အသိအမှတ်မပြုရင် အစိုးရကိုလည်း ပြည်သူက အသိအမှတ်ပြုမှာ မဟုတ်ပါဘူး။ ဒါကိုရှင်းပြဖို့ အစိုးရမှာ တာဝန်ရှိပါတယ်။ ယနေ့ထက်ထိ စာစောင်တွေမှာရော၊ ထုတ်ဝေနေတဲ့ စာအုပ်တွေမှာပါ လွဲမှားစွာရေးနေကြတယ်ဆိုတာ တာဝန်ရှိသူတွေ တာဝန်ပျက်ကွက်လို့ ရေးနေကြတာပါ။

အဖြစ်မှန်က မိမိနိုင်ငံရဲ့ ရေမြေကို သုံးလို့ဆိုပြီး အခမဲ့ဓာတ်အား ၁၀ ရာခိုင်နှုန်းနဲ့ အခမဲ့ရှယ်ယာ ၁၅ ရာခိုင်နှုန်း (အချို့စီမံကိန်း အနည်းငယ် အပြောင်းအလဲရှိပါတယ်။) ရယူတယ်ဆိုတာကို အချို့ပုဂ္ဂိုလ်များ ထင်နေတာက နိုင်ငံက ဓာတ်အား ၁၀ ရာခိုင်နှုန်း ပဲရတယ်လို့ ထင်နေတာပါပဲ။ အထက်မှာ စီမံကိန်းအချို့အကြောင်း ကောက်နုတ်ဖော်ပြခဲ့တာလည်း ဒါကို မြင်စေချင်လို့ ပြခဲ့တာပါ။ ဖက်စပ်ကုမ္ပဏီပဲဖြစ်ဖြစ်၊ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံသူ သက်သက်ပဲဖြစ်ဖြစ်၊ ရင်းနှီးမြှုပ်နှံမှုကုန်ကျစရိတ်ထဲမှာ နိုင်ငံတော်ပိုင်ငွေ  တစ်ပြားမှ ထည့်ဝင်မှု မလုပ်ဘဲလည်း စီမံကိန်းလုပ်လို့ရပါတယ်။ ကိုယ်ထည့်ဝင်နိုင်သလောက် ရှယ်ယာထည့်လို့လည်း ရပါတယ်။ ရွှေလီ(၁) စီမံကိန်း ဆောင်ရွက်နေစဉ် အစပိုင်းမှာ နိုင်ငံပိုင်လုပ်ဖို့   ပထမရည်ရွယ်ပြီးစခဲ့ရာမှ ၁၀ ရာခိုင်နှုန်းလောက် ရင်းထားပြီးကာမှ ဆက်ပြီးမရင်းနိုင်တော့လို့ ဖက်စပ်ပြောင်းလိုက်တဲ့အတွက် စိုက်ထုတ်ထားတဲ့ ၁၀ ရာခိုင်နှုန်းကို မိမိထည့်ဝင်ငွေ ရှယ်ယာအဖြစ် ပြောင်းလိုက်ရပါတယ်။ ဒါ့အပြင် မိမိတို့လိုအပ်တဲ့ ဓာတ်အားကို ဖက်စပ်ကုမ္ပဏီကနေ မဂ္ဂါဝပ် ၄၀၀ (စက်ရုံထုတ်လုပ်မှုရဲ့ ၆၆ ရာခိုင်နှုန်း)ထိ မိမိတို့က  ဝယ်ယူလိုက်ပါသေးတယ်။

ဒါကြောင့် ဖက်စပ်စက်ရုံဆိုတာ ကိုယ်ငွေထည့်ရင် ထည့်သလောက်ရှယ်ယာရမယ်။ မထည့်ရင်လည်း အရင်းအမြစ် သုံးစွဲမှုအတွက် ကိုယ်ရမယ့် အခမဲ့တွေ ရသင့်သလောက်ရမယ်။ သို့သော် ဖက်စပ်စက်ရုံမတည်ဆောက်မီမှာ ဒီအချက်တွေကို ကြိုတင်သဘောတူ စာချုပ်ချုပ်ကြရပါတယ်။

ဆက်လက်ဖော်ပြပါမည်။

မော်သာထွေး(မန္တလေး)