ကျောက်ဆည်မြို့နယ် ဥယျာဉ်ကျေးရွာ၌ စိုက်ပျိုးထားသည့် ခရမ်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

ကျောက်ဆည်မြို့နယ် ဥယျာဉ်ကျေးရွာ၌ စိုက်ပျိုးထားသည့် ခရမ်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

ကျောက်ဆည်၊ စိုက်ပျိုးစီးပွား

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ်ရှိ တောင်သူများအနေဖြင့် ဆောင်းရာသီတွင် သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ ဥယျာဉ် ကျေးရွာ၌ စိုက်ပျိုးထားသည့် ခရမ်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး နေ့စဉ်ဆွတ်ခူးရောင်းချရသောကြောင့် နေ့စဉ် ဝင်ငွေရရှိကာ မိသားစုများ စားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။

ခရမ်းစိုက်ပျိုးမည်ဆိုပါက   ရေသွင်း ရေထုတ်လွယ်ကူစေရန် မြေဘောင်များ ပြုလုပ်ပြီး တစ်ပင်နှင့်တစ်ပင် ၅ ပေခြား စိုက်ပျိုးကာ    အစိုဓာတ်မပြတ်စေရေး ရေသွင်းပေးရကြောင်း၊ အပင်ငယ်ချိန်တွင် မြေဆွပေး၍ တစ်လတစ်ခါ အပင်အခြေများ၌ အာမိုနှင့် ပုလဲမြေသြဇာသင့်တင့်ရုံကျွေးကာ လိုအပ်ပါက အပင်အားတိုးဆေးနှင့် ပိုးသတ်ဆေးများ ဖျန်းပေးရကြောင်း၊ ဆွတ်ခူးရောင်းချသည့် အခါ  ရောင်းဈေးအနေဖြင့် တစ်ပိဿာလျှင် ငွေကျပ် ၇၀၀ မှ ၁၀၀၀  အထိရရှိသဖြင့်  ခရမ်းစိုက်ပျိုးရောင်းချသည့်မိသားစုများ စားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း ခရမ်းအပင် ၅၀၀ ခန့် စိုက်ပျိုးထားသည့် ဥယျာဉ်ကျေးရွာမှ တောင်သူတစ်ဦးက ပြောသည်။

ခရမ်းစိုက်ပျိုးခြင်းနှင့်ပတ်သက်၍ အပင်သေပျောက်မှုမရှိစေရေး ခရမ်းမျိုးစေ့များကို ပျိုးထောင်ပြီး သန်မာသည့် မျိုးပင်များ ရွေးချယ်စိုက်ပျိုးကာ ပျိုးသက် တစ်လသား အရွယ်တွင် မြေပြင်ထားသော စိုက်ခင်းအတွင်းသို့ ပြောင်းရွှေ့စိုက်ပျိုးရကြောင်းနှင့် ခရမ်းအပင်ငယ်ချိန်တွင် သီးထပ်၊ သီးညှပ်အဖြစ် ချဉ်ပေါင်များ စိုက်ပျိုး၍ရကြောင်း သိရသည်။    

သက်မောင်(ကျောက်ဆည်)