ကျေးလက်ကုန်ထုတ်လမ်းဖောက်လုပ်လျက်ရှိ

နေပြည်တော်၊ ဒေသဖွံ့ဖြိုးရေး

ကျေးလက်ကုန်ထုတ်လမ်းဖောက်လုပ်လျက်ရှိ

နေပြည်တော်ကောင်စီနယ်မြေ ဥတ္တရသီရိမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂- ၂၀၂၃ ဘဏ္ဍာနှစ် သရက်တောကျေးရွာ၌ ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်နေမှု အခြေအနေများကို ဇန်နဝါရီ ၂၉ ရက်တွင် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးကြကြောင်း သိရသည်။

ထိုသို့စစ်ဆေးရာတွင်    ဥတ္တရသီရိမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဒေါ်ဇာကြည်မွန်နှင့် ဝန်ထမ်းများက ကျေးရွာကုန်ထုတ်လမ်းဖြစ်မြောက်ရေး ကော်မတီဝင်များနှင့်အတူ သရက်တောကျေးရွာ၌ ကျေးလက်ကုန်ထုတ်လမ်း မြေသား တင်ခြင်း လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများ၊ မြေနီကျောက်စရစ်ခင်းခြင်း လုပ်ငန်းဆောင်ရွက် နေမှုအခြေအနေများ၊ Slab Culvert နှစ်စင်း တည်ဆောက်ခြင်းလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးကြရာ တင်ဒါရ ကုမ္ပဏီမှ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြကြပြီး မြို့နယ်ဦးစီးမှူးက ကျေးရွာ ဖွံ့ဖြိုးရေး ကော်မတီဝင်များ၊ တင်ဒါရကုမ္ပဏီမှ တာဝန်ရှိသူများကို သတ်မှတ်ကာလအတွင်း စံချိန်စံညွှန်းပြည့်မီစွာ အချိန်မီပြီးစီးရေး၊ သတ်မှတ် အတိုင်းအတာပြည့်မီရေးတို့ကို အလေးထား ဆောင်ရွက်ကြရန် မှာကြားသည်။

ဥတ္တရသီရိမြို့နယ်   သရက်တောကျေးရွာ၌ နေပြည်တော်ကောင်စီရန်ပုံငွေကျပ် ၆၅ ဒသမ ၅၃၉၂ သန်းအသုံးပြု၍    အရှည် ၁ မိုင် ၄ ဖာလုံရှိသောကျေးလက်ကုန်ထုတ်လမ်းတွင် အကျယ် ၁၄ ပေ ၊ ထု ၁ ပေ မြေသားတင်ခြင်းလုပ်ငန်းနှင့် အကျယ် ၁၂ ပေ၊ ထု ၉ လက်မရှိသော မြေနီကျောက်စရစ်ခင်းခြင်းလုပ်ငန်း၊ အရှည် ပေ ၂၀၊ အကျယ် ၅ ပေ ၉ လက်မ၊ အမြင့် ၅ ပေ ၃ လက်မရှိသော Slab Culvert နှစ်စင်း တည်ဆောက်ခြင်းလုပ်ငန်းကို ၂၀၂၂ ခုနှစ် ဇူလိုင် ၃ ရက်မှစတင်ဆောင်ရွက်ရာ ယနေ့တွင် ၉၀ ရာခိုင်နှုန်းကျော် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။         

ကိုညို(ကျေးလက်)