ပညာရေးစုံညီပွဲတော်နှင့် ဆုပေးပွဲအခမ်းအနားကျင်းပ

မင်းဘူး၊ လူမှုရေး

ပညာရေးစုံညီပွဲတော်နှင့် ဆုပေးပွဲအခမ်းအနားကျင်းပ

မကွေးတိုင်းဒေသကြီး မင်းဘူးမြို့ အမှတ် (၃) ရပ်ကွက်ရှိ သမိဒ္ဓေါဒယ သုခကာရီသီလရှင်ပညာရေးကျောင်း၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ကာယ၊ ဉာဏ၊ ရသ ထူးချွန်ဆုများပေးအပ်ပွဲ အခမ်းအနားကို ဇန်နဝါရီ ၂၉ ရက်   နံနက်ပိုင်းတွင် ကျင်းပသည်။

အခမ်းအနားတွင် မင်းဘူးမြို့ သမိဒ္ဓေါဒယသုခကာရီသီလရှင်စာသင်တိုက် ပညာရေးကျောင်းမှ တိုက်အုပ်ဆရာကြီး ဒေါ်သုဓမ္မစာရီက   ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် ကျင်းပပေးရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး သားငယ်၊ သမီးငယ်လေး များသည် သီလရှင်ပညာရေးကျောင်းတွင် တက်ရောက်၍ ပညာသင်ယူကြသူများပီပီ လိမ္မာယဉ်ကျေးကာ စာကိုကြိုးစား သင်ယူကြပြီး လူတော်၊ လူကောင်းလေးများ အဖြစ်ဖြင့်အနာဂတ်၏ သားကောင်းရတနာ၊ သမီးကောင်း ရတနာလေးများဖြစ်အောင် ကြိုးစားကြစေလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူလေးများက ကြိုဆိုပါသည်စုံညီပွဲတော် သီချင်းဖြင့် ဧည့်ခံဖျော်ဖြေ၍ ၂၀၂၂-၂၀၂၃ ပညာသင် နှစ်တွင် ဘက်စုံထူးချွန်ကြသော ဆရာ၊ ဆရာမများနှင့် ကာယ၊ ဉာဏ၊ ရသ ထူးချွန်ဆုရ ကျောင်းသား၊ ကျောင်းသူလေးများအား တိုက်အုပ်ဆရာကြီး ဒေါ်သုဓမ္မစာရီ၊ ဒေါက်တာမင်းမင်းလတ်နှင့် တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်သည်။ ထို့နောက်  ကျောင်းသား၊ ကျောင်းသူများက တေးသီချင်းများ၊ တေးသရုပ်ဖော်များနှင့် ဖျော်ဖြေကြကြောင်း သိရသည်။

ဇေယျာထက်(မင်းဘူး)