ပွင့်ဖြူမြို့နယ်၌ မိုးစပါးစိုက်ပျိုးရာသီက စိုက်ပျိုးခဲ့သည့် စိုက်ဧက ၆၉၆၄၅ ဧက ရိတ်သိမ်းခြွေလှေ့ပြီးစီး

ပွင့်ဖြူမြို့နယ်၌ မိုးစပါးစိုက်ပျိုးရာသီက စိုက်ပျိုးခဲ့သည့် စိုက်ဧက ၆၉၆၄၅ ဧက ရိတ်သိမ်းခြွေလှေ့ပြီးစီး

ပွင့်ဖြူ၊ စိုက်ပျိုးစီးပွား

မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်၌ မိုးစပါးစိုက်ပျိုးရာသီက စိုက်ပျိုးခဲ့သည့် မိုးစပါးစိုက်ဧက ၆၉၆၄၅ ဧကကို ယခုအခါ ရိတ်သိမ်း ခြွေလှေ့ပြီးစီးပြီဖြစ်ရာ ယခင်နှစ်ကထက် စပါးဈေးကောင်းရရှိခဲ့သဖြင့် ဒေသခံတောင်သူများ အဆင်ပြေလျက်ရှိကြောင်း ပွင့်ဖြူမြို့ နယ် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဒေါ်မိုးမိုးဝေ၏ ပြောပြချက်အရ သိရသည်။

“မိုးစပါးစိုက်ပျိုးရာသီက မဲဇလီရေလွှဲဆည်ရေနဲ့ စိုက်ပျိုးခဲ့တဲ့ မိုးစပါးစိုက်ခင်းတွေ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလဆန်းလောက်ကစပြီး ရိတ်သိမ်းခြွေလှေ့ခဲ့ကြတာ လက်ရှိမှာ အားလုံးရိတ်သိမ်း ခြွေလှေ့ပြီးစီးသွားပြီ ဖြစ်ပါတယ်။ ဒီနှစ် မိုးစပါးစိုက်ပျိုးရာသီမှာ   တစ်မြို့နယ်လုံး လျာထားစိုက်ဧကအနေနဲ့  ၆၉၀၉၄  ဧကဖြစ်ပြီး  မြေပြင်စိုက်ပျိုးနိုင်မှုဧက စုစုပေါင်း ၆၉၆၄၅ ဧက စိုက်ပျိုးနိုင်ခဲ့ ပါတယ်။ စပါးအထွက်နှုန်းလည်း ကောင်းမွန်ပြီး တစ်ဧကကို  ပျမ်းမျှ ၈၂ ဒသမ ၃၂ တင်းခန့်ထွက်ရှိပါတယ်။ စပါးဈေးကလည်း အရင်နှစ်ကထက် ဈေးပိုရတာကြောင့် တောင်သူတွေ အဆင်ပြေကြပါတယ်။  အခုလို  တောင်သူတွေ  သီးနှံဝင်ငွေတိုးပွားစေဖို့၊ စိုက်နည်းစနစ် မှန်ကန်စေဖို့၊ သွင်းအားစုပစ္စည်းတွေ အချိုးကျသုံးစွဲတတ်စေဖို့နဲ့ ပိုးမွှားရောဂါကြိုတင်ကာကွယ်ရေးနည်းလမ်းတွေကို စိုက်ပျိုးရေးဦးစီးဌာနအနေနဲ့ ပံ့ပိုးကူညီဆောင်ရွက်ပေးထားပါတယ်” ဟု ဒေါ်မိုးမိုးဝေက ပြောသည်။

ပွင့်ဖြူမြို့နယ်၌ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် မိုးစပါးစိုက်ပျိုးရာသီတွင် မဲဇလီရေလွှဲဆည်ရေဖြင့်  တစ်မြို့နယ်လုံး   မိုးစပါးစိုက်ဧက ၆၉၆၄၅ ဧက စိုက်ပျိုးခဲ့ပြီး အဓိကစိုက်ပျိုးသည့် စပါးမျိုးများမှာ ဧရာမင်း၊ ပခန်းရွှေဝါ၊ ရတနာတိုး၊ ဆင်းသုခ၊ ပေါ်ဆန်းရင်၊ သီးထပ်ရင်၊   ချမ်းမြေ့မေ၊ မနောသုခ စပါးမျိုးများ ဖြစ်ကြောင်း သိရသည်။

လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)