စာချုပ်စာတမ်းများ မှတ်ပုံတင်ပေးခြင်းလုပ်ငန်းများကို ဥပဒေစည်းမျဉ်းစည်းကမ်းများနှင့်အညီ တိကျမှန်ကန်မြန်ဆန်စွာ ဆောင်ရွက် ရန်မှာကြား

ရန်ကုန် ဇန်နဝါရီ ၂၉      

စာချုပ်စာတမ်းများ မှတ်ပုံတင်ပေးခြင်းလုပ်ငန်းများကို ဥပဒေစည်းမျဉ်းစည်းကမ်းများနှင့်အညီ တိကျမှန်ကန်မြန်ဆန်စွာ ဆောင်ရွက် ရန်မှာကြား                    

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီးသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က ရန်ကုန်မြို့တော် စာချုပ်စာတမ်း မှတ်ပုံတင်ရုံးသို့ရောက်ရှိပြီး ရုံးလုပ်ငန်းများနှင့် စာချုပ်စာတမ်း မှတ်ပုံတင်လုပ်ငန်း စဉ်များ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။

ကြည့်ရှုစစ်ဆေးစဉ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ်နှင့် တာဝန်ရှိသူများက စာချုပ် စာတမ်းများ မှတ်ပုံတင်ခြင်းလုပ်ငန်းအဆင့်ဆင့်နှင့် မှတ်တမ်းများ ထိန်းသိမ်းဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်း တင်ပြရာ ဒုတိယဝန်ကြီးက စာချုပ်စာတမ်းများ မှတ်ပုံတင်ဥပဒေနှင့်အညီ ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းဆောင်ရွက်ရာတွင် စာချုပ် စာတမ်းများ တရားဝင်ဖြစ်စေရေး၊ ပြည်သူလူထု၏ ပစ္စည်းလွှဲပြောင်းမှုများ တရားဝင်ဖြစ်စေရေးနှင့် ပြည်သူလူထုအား လိမ်လည်မှုမှ အကာအကွယ်ပေးနိုင်ရေး အလေးထားဆောင်ရွက်ကြစေလိုကြောင်း၊ လယ်ယာမြေဥပဒေ၊ နည်းဥပဒေများအရ  လယ်ယာမြေနှင့် ပတ်သက်သည့် စာချုပ်စာတမ်းများ မှတ်ပုံတင်ပေးခြင်းလုပ်ငန်းများကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ထို့ကြောင့် တောင်သူ လယ်သမားများ၏  အကျိုးစီးပွားနှင့်အခွင့်အရေး ကာကွယ်ထိန်းသိမ်းစောင့်ရှောက်မှု လုပ်ငန်းများကိုပါ ဆောင်ရွက်နေကြရသည်ကို သတိမူ၍ ဥပဒေစည်းမျဉ်းစည်းကမ်းများနှင့်အညီ လုပ်ငန်းများကို တိကျမှန်ကန်မြန်ဆန်စွာ ဆောင်ရွက်ကြရန် ဆွေးနွေးမှာ ကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် ရန်ကုန်တိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ဝန်ထမ်းများနှင့်တွေ့ဆုံပြီး ဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများနှင့်မူဝါဒများကို ကျေကျေညက်ညက်သိရှိနားလည်ရန်၊ လက်ဆင့်ကမ်း သင်ကြား သင်ယူကြရန်၊ ဆက်စပ်ဌာနများအကြား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန်၊ ဝန်ထမ်းတစ်ဦးချင်း စွမ်းဆောင်ရည်တိုးတက်စေရန်နှင့် ဌာန၏ ဂုဏ်သတင်းတိုးတက်ရေး ကြိုးပမ်းဆောင်ရွက်ကြရန် မှာကြားသည်။

ညပိုင်းတွင် ဒုတိယဝန်ကြီးသည် Inya Lake Hotel ၌ ကျင်းပသည့် မြန်မာနိုင်ငံ ရေထွက်ပစ္စည်းထုတ်လုပ်သူများနှင့် ပို့ကုန်လုပ်ငန်း ရှင်များအသင်း နှစ်ပတ်လည်အသင်းသား စုံညီအစည်းအဝေးနှင့် မိတ်ဆုံညစာစားပွဲသို့ တက်ရောက်၍ ဂုဏ်ပြုအမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)