ပြည်သူများ၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရေး တည်ငြိမ်ပြည့်ဝသော လျှပ်စစ်ဓာတ်အားများအား စဉ်ဆက်မပြတ် ပို့လွှတ်ဖြန့်ဖြူးပေးနိုင်ရန်မှာကြား

တောင်ကြီး ဇန်နဝါရီ ၂၉

ပြည်သူများ၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရေး တည်ငြိမ်ပြည့်ဝသော လျှပ်စစ်ဓာတ်အားများအား စဉ်ဆက်မပြတ် ပို့လွှတ်ဖြန့်ဖြူးပေးနိုင်ရန်မှာကြား

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် ဇန်နဝါရီ ၂၆ ရက် ညနေပိုင်းတွင် ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့ရှိ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာနမှ ၁၃၂ ကေဗွီ တောင်ကြီးပင်မဓာတ်အားခွဲရုံကို ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ဓာတ်အားခွဲရုံမှူး ဦးသောင်းလွင်က ဓာတ်အားစနစ်နှင့်ချိတ်ဆက်၍ ဓာတ်အားပို့လွှတ် ဖြန့်ဖြူးပေးနေမှုကိုတင်ပြပြီး ညွှန်ကြားရေးမှူး ဦးလှဖုန်းက ဖြည့်စွက်တင်ပြရာ ဒုတိယဝန်ကြီးက ဓာတ်အားစနစ်အတွင်း အရေးပါသော ၁၃၂ ကေဗွီ ပင်မ ဓာတ်အားခွဲရုံဖြစ်သဖြင့် ခွဲရုံရေရှည်တည်တံ့ရေးအတွက် ထိန်းသိမ်းပြုပြင်မှုလုပ်ငန်းများကို အလေးထားဆောင်ရွက်ရန်၊ လုံခြုံရေး အသိ၊ သတိရှိကြရန်နှင့် ခွဲရုံအတွင်း/အပြင်နှင့် ဝန်ထမ်းအိမ်ရာ သန့်ရှင်းသာယာလှပရေး ပုံမှန်ဆောင်ရွက်ရန်တို့ကို မှာကြားပြီး ဝန်ထမ်းများ၏ တင်ပြချက်များကို ပေါင်းစပ် ဖြည့်ဆည်းပေးကာ လက်ဆောင်သစ်သီးခြင်းနှင့် ဂုဏ်ပြုငွေများ ပေးအပ်ခဲ့သည်။ ထို့နောက် ၎င်းပင်မဓာတ်အားခွဲရုံ၏ Switchyard အတွင်း ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

ဇန်နဝါရီ ၂၇ ရက် နံနက်ပိုင်းတွင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ ၆၆ ကေဗွီ အောင်သပြေ လျှပ်စစ်ဓာတ်အားဖြန့်ဖြူး ရေးခွဲရုံကို ကြည့်ရှုစစ်ဆေးပြီး ဓာတ်အားခွဲရုံမှူး ဦးသိန်းအောင်က လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးနေမှု ကိုတင်ပြရာ ဒုတိယဝန်ကြီးက နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရန် အခရာကျသည့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းများဆိုင်ရာ ဒေသကုန်ထုတ်စက်ရုံ၊ အလုပ်ရုံများ ပုံမှန်လည်ပတ်နိုင်ရန်နှင့် ပြည်သူများ၏ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင် ရန်တို့အတွက် တည်ငြိမ်ပြည့်ဝသော လျှပ်စစ်ဓာတ်အားများအား စဉ်ဆက်မပြတ် ပို့လွှတ်ဖြန့်ဖြူး ပေးနိုင်ရန်အတွက် လိုအပ်သည်များကို မှာကြားသည်။

မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ကလောမြို့ရှိ ၁၃၂ ကေဗွီ ကလော ပင်မဓာတ်အားခွဲရုံကိုစစ်ဆေးပြီး ဓာတ်အားခွဲရုံမှူး ဒေါ်ရွှေစင်အောင်က ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက ဓာတ်အားပြတ်တောက်မှုနှင့် ဓာတ်အားလေလွင့်ပျောက်ဆုံးမှု လျော့နည်း ကျဆင်းရေး အလေးထားဆောင်ရွက်ရန်၊ ခွဲရုံရှိ Shunt Reactor ၊ Transformer များ၊ Switchgear နှင့် အခြား ခွဲရုံသုံးပစ္စည်းများ  စဉ်ဆက်မပြတ် ထိန်းသိမ်းစစ်ဆေးရန်၊  ရေရှည်တည်တံ့ခိုင်မြဲသည့်ခွဲရုံဖြစ်ရေး အလေးပေး ဆောင်ရွက်ရန်နှင့် လိုအပ်သည်များ မှာကြားပြီး အမှတ်တရသစ်သီးခြင်းနှင့် ဂုဏ်ပြုငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

 (သတင်းစဉ်)