တပ်မတော်တွင် ဒုတိယအကြိမ် အသည်းအစားထိုး ခွဲစိတ်ကုသမှု ဆောင်ရွက်

တပ်မတော်တွင် ဒုတိယအကြိမ် အသည်းအစားထိုး ခွဲစိတ်ကုသမှု ဆောင်ရွက်

နေပြည်တော်၊ ဇန်နဝါရီ - ၃၀

       တပ်မတော်တွင်ပထမအကြိမ် အသည်းအစားထိုး ခွဲစိတ်ကုသမှုကို ၂၀၂၂ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက်နေ့နှင့် ၂၈ ရက်နေ့တို့တွင် အသည်းအစားထိုး လူနာ ၂ ဦးအား အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့သည်။ ယခုအခါ ဒုတိယအကြိမ်တွင် အသည်းအစားထိုး လူနာ ၃ ဦးအား ဆောင်ရွက်သွားမည်ဖြစ်ပြီး ပထမနေ့ အသည်းအစားထိုးခွဲစိတ် ကုသမှုကို ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ တပ်မတော်ဆေးရုံကြီး (ခုတင်-၁၀၀၀)ရှိ အထူးကုသမှု စင်တာ၌ ပြုလုပ်ခဲ့သည်။

        အဆိုပါအသည်းအစားထိုး ခွဲစိတ်ကုသမှုကို တပ်မတော်မှ အသည်းအစားထိုး ခွဲစိတ်ကုသမှုအဖွဲ့နှင့် အိန္ဒိယနိုင်ငံမှ အသည်းအစားထိုး ခွဲစိတ်ကုသမှုအဖွဲ့တို့က ပူးပေါင်း ဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်။

       အဆိုပါ အသည်းအစားထိုး ခွဲစိတ်ကုသမှုအဖြစ် အရာခံဗိုလ် သိန်းသန်းကျော် ၏ဇနီး ဒေါ်ဌေးဌေးနှင့် ၎င်း၏ အသည်းအလှူရှင်ဖြစ်သော မောင်ရှိန်းသူနိုင်တို့ကို ခွဲစိတ်ကုသ ဆောင်ရွက် ခဲ့ခြင်းဖြစ်သည်။

      အသည်းအစားထိုးခွဲစိတ်ကုသမှု ဆောင်ရွက်ရာတွင် အသည်းအလှူရှင် လူနာထံမှ အသည်းထုတ်ယူခြင်းကို နံနက် ၁၀ နာရီခွဲအချိန်တွင် စတင်ခဲ့ပြီး ထုတ်ယူရရှိသော အသည်းကို ညနေ ၅ နာရီခွဲအချိန်ခန့်တွင် အသည်းလက်ခံ လူနာထံသို့ အသည်းအစားထိုးခြင်း ဆောင်ရွက်ခဲ့ကာ စုစုပေါင်းခွဲစိတ်ချိန် ၁၁ နာရီ ခန့် ကြာမြင့်ခဲ့သည်။ အသည်းအလှူရှင် လူနာနှင့် အသည်းလက်ခံလူနာများ၏ ခွဲစိတ်ပြီး နောက်ပိုင်းကျန်းမာရေး အခြေအနေမှာ ကောင်းမွန်လျက်ရှိပြီး ယခုအချိန်တွင် အထူးကြပ်မတ် ကုသခန်း၌ လိုအပ်သော ပြုစုကုသမှုများကို သက်ဆိုင်ရာ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြု/ကျွမ်းကျင်သူများက ဆက်လက်ဆောင်ရွက် ပေးလျက်ရှိသည်။

       ယင်းသို့အသည်းအစားထိုး ခွဲစိတ်ကုသမှုကို ကာကွယ်ဦးစီးချုပ်ရုံး(ကြည်း) ဆေးဝန်ထမ်းညွှန်ကြားရေးမှူးရုံး၊ ညွှန်ကြားရေးမှူး ဗိုလ်ချုပ်ကိုကိုလွင်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။