ရုရှားက ဒုံးကျည်ဖြင့် တိုက်ခိုက်မည်ဟုခြိမ်းခြောက်ကြောင်း ဘောရစ်ဂျွန်ဆင်၏ပြောဆိုမှု မျက်နှာပြောင် တိုက်လိမ်ညာခြင်းဖြစ်

ရုရှားက ဒုံးကျည်ဖြင့် တိုက်ခိုက်မည်ဟုခြိမ်းခြောက်ကြောင်း ဘောရစ်ဂျွန်ဆင်၏ပြောဆိုမှု မျက်နှာပြောင် တိုက်လိမ်ညာခြင်းဖြစ်

ရုရှားသမ္မတဗလာဒီမာပူတင်က ဗြိတိန်ကိုဒုံးကျည်ဖြင့်တိုက်ခိုက်မည်ဟု ခြိမ်းခြောက်ကြောင်း ဗြိတိန်ဝန်ကြီးချုပ်ဟောင်း ဘောရစ်ဂျွန်ဆင်၏ပြောဆိုမှုက   မျက်နှာပြောင်တိုက်လိမ်ညာခြင်းသာဖြစ်ကြောင်း ရုရှားသမ္မတရုံးပြောရေးဆိုခွင့်ရှိသူ   ဒီမီထရီပက်စကော့က   ဇန်နဝါရီ ၃၀ ရက်တွင် ပြောသည်။

ဗြိတိန်ဝန်ကြီးချုပ်ဟောင်း   ဘောရစ်ဂျွန်ဆင်သည်  ရုရှားက  ယူကရိန်းနိုင်ငံအတွင်း အထူးစစ်ဆင်ရေး မလုပ်ဆောင်မီ ရက်အနည်းငယ်အလို၌  ၎င်းနှင့်သမ္မတပူတင်တို့    ဖုန်းမှတစ်ဆင့်  ပြောဆိုဆွေးနွေးမှု အသေးစိတ်အချက်အလက်များဟုဆိုသော   အကြောင်းအရာများကို ဇန်နဝါရီ ၃၀ ရက်အစောပိုင်းတွင် ထုတ်ပြန်ခဲ့သည်။

ဘောရစ်ရေ ငါကတော့ မင်းကိုမနာကျင်စေလိုပါဘူး။ ဒါပေမဲ့ ဒုံးကျည်တစ်စင်းနဲ့ဆိုရင် အချိန်မိနစ်ပိုင်းသာလိုလိမ့်မယ်ဟု ပူတင်ကပြောကာ ခြိမ်းခြောက်သည်ဟု ဘောရစ်ဂျွန်ဆင်က ၎င်း၏လူမှုကွန်ရက်အကောင့်တွင်တင်ထားသည်။

မစ္စတာဂျွန်ဆင်ရဲ့   ပြောဆိုမှုတွေအားလုံးကအမှန်မဟုတ်ပါဘူး။ အတိအကျပြောရရင် ဒါဟာအလိမ်အညာ တစ်ခုသာ ဖြစ်ပါတယ်။ ဒါကိုသူကသိသိလျက်နဲ့ပြောသလား၊  သတိမေ့ပြီးတော့ပဲပြောသလား မသိပါဘူး။ တကယ်တော့ သူက သမ္မတပူတင်ပြောတာကိုနားမလည်တာပါဟု ဒီမီထရီပက်စကော့က    တုံ့ပြန်ထားသည်။

ထို့ပြင်  အဆိုပါဆွေးနွေးစကားပြောဆိုမှုသည်  ၂၀၂၂ ခုနှစ်  ဖေဖော်ဝါရီ၂ ရက်တွင်   လုပ်ဆောင်ခြင်းဖြစ်ကြောင်း၊ ထိုသို့စကားပြောနေစဉ်    ဒုံးကျည်ဖြင့် တိုက်ခိုက်မည်ဟု    ခြိမ်းခြောက်ခဲ့ခြင်း မရှိကြောင်း၊ သမ္မတပူတင်အနေဖြင့်  ရုရှားနိုင်ငံ၏လုံခြုံရေးအပေါ် စိန်ခေါ်မှုများနှင့်ပတ်သက်၍ပြောဆိုရာတွင် ယူကရိန်းသာ NATO  တပ်ဖွဲ့သို့  ဝင်ရောက်သွားပါကNATO   သို့မဟုတ်    အမေရိကန်၏ ဒုံးကျည်များသည်  ရုရှားနိုင်ငံ၏ နယ်စပ်တွင် တပ်ဖြန့်ချထားမည်ဖြစ်သောကြောင့် မည်သည့်ဒုံးကျည်မဆိုသည်     ရုရှားနိုင်ငံ အတွင်းသို့    မိနစ်ပိုင်းအတွင်းရောက်ရှိလာမည်ဖြစ်ကြောင်းသာ    ပြောဆိုခဲ့ခြင်း ဖြစ်သည်ဟု ပြောရေးဆိုခွင့်ရှိသူက ဆက်ပြောသည်။

Ref:Sputnik