တိုက်လေယာဉ်များကိစ္စ စကားမတည်သည့် အမေရိကန်ပြန်ပေးဆပ်ရမည်ဟု အာဒိုဂန်ပြော

တိုက်လေယာဉ်များကိစ္စ စကားမတည်သည့် အမေရိကန်ပြန်ပေးဆပ်ရမည်ဟု အာဒိုဂန်ပြော

F-35 နှင့်F-16 တိုက်လေယာဉ်များ ရောင်းချရေးနှင့်ပတ်သက်၍   ကတိစကားမတည်သည့်အမေရိကန်အနေဖြင့် ပြန်ပေးဆပ်ရမည်ဖြစ်ကြောင်း    တူကီယဲသမ္မတရီဆပ်တေးယစ်အာဒိုဂန်ကပြောသည်။

F-16  တိုက်လေယာဉ်များကိစ္စနဲ့ပတ်သက်လို့ပြောရရင် မိမိတို့က အမေရိကန်ရဲ့ကမ်းလှမ်းမှုအတိုင်း    လက်ခံခဲ့ပါတယ်။ ဒါပေမဲ့  ခင်ဗျားတို့ကမပေးခဲ့ပါဘူး။ မူလကမိမိတို့ကို F-35 တိုက်လေယာဉ်တွေရောင်း ပေးမယ်လို့ပြောခဲ့ပေမယ့်   ခင်ဗျားတို့က ကိုယ့်စကားကိုယ်မတည်ခဲ့ပါဘူး။ မိမိတို့က အမေရိကန်ဒေါ်လာ ၁ ဒသမ ၄ ဘီလီယံပေးထားပြီးဖြစ်ပေမယ့်လည်း ခင်ဗျားတို့က ဘာမှပြန်မပေးခဲ့ပါဘူး။ ခင်ဗျားတို့က ဘာမှပြန်မပေးဘူးဆိုရင်တော့  နောက်ဆက်တွဲ အနေနဲ့ ခင်ဗျားတို့ပြန်ပေးဆပ်ရပါလိမ့်မယ်ဟု အာဒိုဂန်ကပြောကြောင်း  တူကီယဲသတင်းဌာနများက ဇန်နဝါရီ ၃၀ ရက်တွင် ဖော်ပြထားသည်။

တူကီယဲနိုင်ငံသည်   ရုရှားနိုင်ငံထုတ် S-400 လေကြောင်းရန်ကာကွယ်ရေးစနစ်ကို ဝယ်ယူခဲ့မှုကြောင့်  အမေရိကန်မှ F-35 တိုက်လေယာဉ်များဝယ်ယူခွင့်တားမြစ်ခံရသည်။  သို့သော်  အမေရိကန်အနေဖြင့် F-16 တိုက်လေယာဉ်များကို ရောင်းချပေးသွားမည်ဟု ကမ်းလှမ်းခဲ့ကြောင်း အာဒိုဂန်က ပြောထားသည်။

တူကီယဲနိုင်ငံအနေဖြင့် အမေရိကန်မှ F-16 တိုက်လေယာဉ်များ ရောင်းချပေးရေး အတည်ပြုမှုကို စောင့်ဆိုင်းနေဆဲဖြစ်ကြောင်း တူကီယဲနိုင်ငံခြားရေးဝန်ကြီး  မက်ဗလက်ကာဗူဆိုဂလူက  ယခုလအစောပိုင်းတွင် ပြောပြီးနောက် အာဒိုဂန်၏ထုတ်ပြန်ချက်ထွက်ပေါ်လာခြင်း ဖြစ်သည်။

အမေရိကန်ဒေါ်လာဘီလီယံ ၂၀ အထိတန်ဖိုးရှိသည့် အဆိုပါသဘောတူညီချက်တွင် F-16 တိုက်လေယာဉ်အစင်း ၄၀ နှင့် အဆင့်မြှင့်ဆက်စပ်ပစ္စည်း ၇၉ မျိုးပါဝင်ကြောင်း သိရသည်။      

Ref:Sputnik