အသံနှုန်းလွန်ဒုံးကျည်များအတွက် နတ်ဆိုးတစ်ကောင်ဖြစ်လာမယ့် တရုတ်ရဲ့ကြားဖြတ်လက်နက်စနစ်

အသံနှုန်းလွန်ဒုံးကျည်များအတွက် နတ်ဆိုးတစ်ကောင်ဖြစ်လာမယ့် တရုတ်ရဲ့ကြားဖြတ်လက်နက်စနစ်

 

ယနေ့ခေတ်မှာ အသံရဲ့အမြန်နှုန်းထက် ၅ ဆပိုမြန်တဲ့ အသံနှုန်းလွန်ဒုံးကျည်များဟာ စစ်လက်နက်နည်းပညာနယ်ပယ်မှာ အင်အားကြီးနိုင်ငံတွေကို  ခြိမ်းခြောက်မှု ဖြစ်လာစေပါတယ်။

ပြီးခဲ့တဲ့နှစ်အနည်းငယ်များအတွင်းကို ပြန်ကြည့်ရင် ရုရှားနဲ့တရုတ်တို့က အသံနှုန်းလွန်လက်နက်နည်းပညာမှာ အလွန်လျင်မြန်စွာတိုးတက်လာတာကိုတွေ့ရမှာပါ။

အခုဆိုရင်   ရုရှားနဲ့တရုတ်နိုင်ငံတို့ သာမက အမေရိကန်နဲ့ အိန္ဒိယတို့ကလည်း အသံနှုန်းလွန်လက်နက် နည်းပညာများကို ပိုင်ဆိုင်လာကြပါပြီ။

အသံနှုန်းလွန်ဒုံးကျည်တွေက ဘယ်မှမသိလိုက်တဲ့အချိန်မှာပဲ ကိုယ့်ရဲ့နိုင်ငံနယ်နိမိတ်ထဲကို ဝင်လာနိုင်ပါတယ်။ သူဝင်လာတာကိုသိလာပေမယ့်လည်း သူ့လမ်းကြောင်းကိုမသိနိုင်တဲ့အတွက် သူ့ကိုကြားဖြတ်ပစ်ချဖို့ရာ   အင်မတန်ခဲယဉ်းပါတယ်။

ဒီအတွက်ကြောင့် ကိုယ့်နိုင်ငံဟာ အသံနှုန်းလွန်ဒုံးကျည်တွေရဲ့တိုက်ခိုက်မှုကို ခံရမယ်ဆိုရင် ဘယ်လိုမျိုးနည်းလမ်းတွေနဲ့  ကာကွယ်သွားမလဲဆိုတာက စစ်လက်နက်သိပ္ပံပညာရှင်တွ ေခေါင်းခဲရတဲ့ အကြောင်းရင်းတစ်ခုအဖြစ် ရှိနေဆဲ ဖြစ်ပါတယ်။

အခုတော့ တရုတ်နိုင်ငံမှ လေကြောင်းအာကာသသိပ္ပံပညာရှင်များက သူတို့အနေနဲ့ အဲဒီအခက်အခဲကို ကျော်လွှားနိုင်ခဲ့ပြီလို့ဆိုလာပါပြီ။ သူတို့အနေနဲ့ အဲဒီအခက်အခဲကို ဘယ်လိုနည်းနဲ့ကျော်လွှားနိုင်ခဲ့တာပါလဲ။

တရုတ်သိပ္ပံပညာရှင်များအနေနဲ့ အဲဒီအခက်အခဲကိုကျော်လွှားနိုင်ခဲ့တဲ့ နည်းလမ်းကတော့   ပြန်လည်အသုံးပြုနိုင်တဲ့ လေကြောင်းရန်ကာကွယ်ရေးစနစ်ကို ဖန်တီးတီထွင်လိုက်နိုင်ခြင်းပဲ ဖြစ်ပါတယ်။

အဲဒီစနစ်က  လေရှူအင်ဂျင်ကနေ စွမ်းအင်ပေးထားတဲ့ မောင်းသူမဲ့လေယာဉ်အပေါ်မှာ အခြေခံထားတာပါ။ အဲဒီ

မောင်းသူမဲ့လေယာဉ်က အလွန်ဝေးကွာတဲ့အကွာအဝေးအထိကို အသံထက် ၅ ဆကျော်မြန်တဲ့နှုန်းနဲ့  ပျံသန်းနိုင်ပါတယ်။

ကြိုတင်သတိပေးဂြိုဟ်တုများနဲ့ မြေပြင်ရေဒါစခန်းများကို အသုံးပြုခြင်းအားဖြင့် မောင်းသူမဲ့လေယာဉ်က နိုင်ငံရဲ့ နယ်နိမိတ်အတွင်းဝင်ရောက်လာတဲ့  အသံနှုန်းလွန်ဒုံးကျည်များရဲ့ ဦးတည်ပျံသန်းရာလမ်းကြောင်းကို ကြိုတင်ခန့်မှန်းနိုင်ပါမယ်။

ပြီးတဲ့အခါ အဲဒီလေယာဉ်က အရွေ့စွမ်းအင်သုံးလက်နက်တစ်ခုကိုပစ်လွှတ်လိုက်မယ်။ အဲဒီလက်နက်က အသံနှုန်း လွန်ဒုံးကျည်ကို လမ်းတစ်ဝက်မှာတင် အစွမ်းအစမဲ့အောင်လုပ်သွားမှာ ဖြစ်ပါတယ်။

ကြားဖြတ်တိုက်ခိုက်မှုကိုလုပ်ဆောင်ပြီးနောက် မောင်းသူမဲ့လေယာဉ်က လေတပ်စခန်းကိုပြန်လာပြီး နောက်တစ်ကြိမ်တာဝန်ထမ်းဆောင်ဖို့အတွက် အသင့်ပြင်ဆင်ထားမှာပဲဖြစ်ပါတယ်။

ဒါကတော့ သူ့ရဲ့လုပ်ငန်းဆောင်ရွက်ပုံကို အရိုးရှင်းဆုံးနည်းလမ်းနဲ့ ဖော်ပြသွားတာဖြစ်ပါတယ်။ အမှန်စင်စစ် ကတော့ ဒီလောက်အထိမရိုးရှင်းပါဘူး။

ဒီလိုအဆင့်မြင့်လှတဲ့လက်နက်စနစ်ရဲ့ ဒီဇိုင်းပိုင်းကို ရေးဆွဲအကောင်အထည်ဖော်ရာမှာ   စိန်ခေါ်မှုတွေ ရှိနေပါတယ်လို့ သိပ္ပံပညာရှင်များက အတိအလင်းပြောထားပါတယ်။

အခုလက်နက်စနစ်ကို အကောင်အထည်ဖော်သူကတော့  Shanghai Institute of Mechanical and Electrical Engineering မှ ယင်ကျုံးကျီဦးဆောင်တဲ့အဖွဲ့ပါ။

သူတို့ကုမ္ပဏီက တရုတ်တပ်မတော်အတွက်လိုအပ်တဲ့ အဆင့်မြင့်မောင်းသူမဲ့လေယာဉ်များ တည်ဆောက်ပေးနေတဲ့ ကာကွယ်ရေးကန်ထရိုက်တာ ကုမ္ပဏီဖြစ်ပါတယ်။

သူတို့အနေနဲ့ ရင်ဆိုင်နေရတဲ့အခက်အခဲက ခေတ်မီဆန်းပြားရှုပ်ထွေးတဲ့ သင်္ချာဘာသာရပ်ဆိုင်ရာ ပြဿနာဖြစ်တယ်လို့ ယင်ကျုံးကျီရဲ့ အဖွဲ့ကဆိုပါတယ်။

လက်ရှိမှာရေးထားပြီးသား အယ်လဂိုရီသမ်တွေရှိပါတယ်။ ဒါပေမဲ့ အဲဒါတွေက ဒုံးမော်တာစွမ်းအားနဲ့သွားတဲ့ သမားရိုးကျဒုံးကျည်များအတွက်သာ ဖြစ်တယ်လို့ ယင်ကျုံးကျီတို့က Aerospace Technology ဂျာနယ်မှာဖော်ပြထားပါတယ်။

ရေးထားပြီးသားအယ်လဂိုရီသမ်တွေကိုအသုံးပြုပြီး လေရှူအင်ဂျင်စွမ်းအင်သုံးအသံနှုန်းလွန်လေယာဉ်အတွက် ပျံသန်း ရာလမ်းကြောင်းကိုရေးဆွဲမယ်ဆိုရင်တော့ ထိန်းချုပ်မှုလွတ်သွားတာမျိုး၊ ပျက်ကျတာမျိုးတွေ ဖြစ်နိုင်တယ်လို့ ယင်ကျုံးကျီက ပြောပါတယ်။

အသံနှုန်းလွန်အင်ဂျင်တွေဆိုတာ စခရမ်ဂျက်အင်ဂျင်တွေလိုမျိုးပဲ အင်ဂျင်အစိတ်အပိုင်းတွေရွေ့လျားခြင်းမရှိဘဲ မီးလောင်ခန်းမှာရှိတဲ့လောင်စာကို မီးလောင်စေဖို့အတွက် ပူပြင်းပြီးလျင်မြန်စွာရွေ့လျားနေတဲ့လေကိုဖိသိပ်နိုင်ဖို့ လေယာဉ်ရဲ့အမြန်နှုန်းအပေါ်မူတည်နေတာပါ။

ဒါကြောင့်  အသံနှုန်းလွန်လေယာဉ်တွေဟာ သူတို့အတွက်လိုအပ်တဲ့ အောက်ဆီဂျင်ကို သယ်ဆောင်စရာ မလိုတော့တဲ့အတွက် ဒုံးအင်ဂျင်သုံးဒုံးကျည်များထက် ပိုမိုဝေးကွာတဲ့နေရာကို  ပိုမိုလျင်မြန်တဲ့ အမြန်နှုန်းနဲ့   ပျံသန်းနိုင်ကြတာဖြစ်ပါတယ်။

ဒါ့အပြင် အဲဒီလေယာဉ်တွေဟာ ဒုံးအင်ဂျင်အသုံးပြုဒုံးကျည်တွေလိုမျိုး ဆောင့်ဆွဲတာမျိုး၊ လူးသွားတာ မျိုးတွေလည်း မရှိဘဲ လေစီးဆင်းမှုကိုပြောင်းလဲလိုက်ခြင်း အားဖြင့် အင်ဂျင်ကို ထိန်းချုပ်နိုင်စွမ်းရှိပါတယ်။

ဒီတော့  အလွန်လျင်မြန်တဲ့နှုန်းနဲ့ လိုသလိုလှည့်စားပျံသန်းနိုင်တဲ့ အသံနှုန်းလွန်ဒုံးကျည် တစ်စင်းရဲ့လမ်းကြောင်းကို အတိအကျခန့်မှန်းနိုင်ဖို့ဆိုရင် လက်တွေ့ကျတဲ့ အယ်လဂိုရီသမ်တစ်ခုက များပြားလှ

စွာသောတွက်ချက်မှုများကို လုပ်ဆောင်နိုင်ရမှာပါ။ ဒါဟာ ယင်ကျုံးကျီတို့အဖွဲ့ရင်ဆိုင်ရတဲ့ သင်္ချာဆိုင်ရာပြဿနာပါပဲ။

လေယာဉ်မှာပါတဲ့ ကွန်ပျူတာက ဒီလိုမျိုးတွက်ချက်မှုတွေလုပ်ဖို့အတွက်လိုအပ်တဲ့ အပိုင်းကိန်း အနည်းငယ်မျှကိုသာ ထုတ်ပေးနိုင်ပါတယ်။

ယင်ကျုံးကျီနဲ့အဖွဲ့က ရေးဆွဲထားတဲ့ အယ်လဂိုရီသမ်ကျတော့လည်း  လမ်းကြောင်းတစ်ခုရေးဆွဲနိုင်ဖို့ ထည့်သွင်းစဉ်းစားရမယ့်အချက်တွေ အလွန်များတာကြောင့် တွက်ချက်မှုဟာ ပုံမှန်ထက်ပိုပြီး အချိန်ကြာတာကိုတွေ့ရပါတယ်။

ဒါပေမဲ့လည်း သူတို့ရဲ့တွက်ချက်မှုက လေယာဉ်ကိုပစ်မှတ်နဲ့ ၆ ဒသမ ၈ ကီလိုမီတာအကွာအဝေးအတွင်း ရောက်ရှိအောင် ထိန်းကျောင်းနိုင်စွမ်းရှိပါတယ်။

ဒီအကွာအဝေးဟာ လေယာဉ်ကနေ ပစ်မှတ်ဆီကိုပစ်လွှတ်မယ့် အရွေ့စွမ်းအင်သုံးလက်နက်တစ်မျိုးအတွက် လုံလောက်တဲ့အကွာအဝေးဖြစ်တယ်လို့ ယင်ကျုံးကျီတို့ကပြောပါတယ်။

အခုဆိုရင် ယင်ကျုံးကျီရဲ့အဖွဲ့ဟာ သူတို့ရင်ဆိုင်နေရတဲ့ အဓိကပြဿနာကို ဖြေရှင်းပြီးဖြစ်သွားပါပြီ။ ဒီလိုဖြေရှင်း

နိုင်ဖို့အတွက်ရေးလိုက်ရတဲ့  အယ်လဂိုရီသမ်ကတော့ MIT မှ ဒေးဗစ်ဘန်ဆန်ရဲ့ PhD ကျမ်းကိုလည်းကောင်း၊ အကောင်အထည်မဖော်ဖြစ်ခဲ့တဲ့NASA ရဲ့ X-33 အသံနှုန်းလွန်လေယာဉ်အတွက်  အယ်လဂိုရီသမ်ကို လည်းကောင်း  မှီငြမ်းကိုးကားမှုတွေလုပ်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

အခုလိုမျိုး တရုတ်နိုင်ငံရဲ့အောင်မြင်တိုးတက်မှုတွေဟာ တရုတ်အစိုးရအနေနဲ့ လေရှူအသံနှုန်းလွန်ပျံသန်းမှု နည်းပညာအပေါ်   အမြော်အမြင်ရှိရှိနဲ့ ရင်းနှီးမြှုပ်နှံမှုတွေလုပ်ခဲ့တာကြောင့်    ဖြစ်ပါတယ်။

တရုတ်အစိုးရဟာ စခရမ်ဂျက်အပါအဝင်  အဆင့်မြင့်တွန်းကန်အားစနစ်သုံး ရှေ့ပြေးလေယာဉ်တွေ တည်ဆောက်ပြီး ပျံသန်းမှုတွေလုပ်ဆောင်နိုင်ဖို့အတွက် တက္ကသိုလ်များစွာကို ရန်ပုံငွေထောက်ပံ့မှုများစွာ ပေးအပ်ခဲ့တာပါ။

ပြီးခဲ့တဲ့နှစ်ဇူလိုင်လကဆိုရင် ရှန်းရှီးပြည်နယ် ရှီအန်းမြို့မှာရှိတဲ့ အဆင့်မြင့်ပညာတက္ကသိုလ်မှ တီထွင်ဖန်တီးမှုအဖွဲ့ တစ်ဖွဲ့က ကုန်ကျစရိတ်နည်းပါးတဲ့ ရေနံဆီအသုံးပြု စခရမ်ဂျက်အင်ဂျင်တပ် အသံနှုန်းလွန်လေယာဉ်တစ်စင်းကို စမ်းသပ်ပျံသန်းမှုလုပ်ဆောင်နိုင်ခဲ့ပါတယ်။

အဲဒီနောက်ပိုင်း အမေရိကန်အမျိုးသားလုံခြုံရေးအေဂျင်စီက တက္ကသိုလ်ရဲ့ပရိဝုဏ်ကွန်ရက်အတွင်းဝင်ပြီး အထက်ပါနည်းပညာနဲ့ပတ်သက်တဲ့အချက်အလက်တွေ ခိုးယူဖို့ ကြိုးစားမှုတွေရှိခဲ့တယ်လို့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

မည်သို့ပင်ဆိုစေကာမူ ကမ္ဘာပေါ်မှာ ယမ်းမှုန့်ကိုစတင်တီထွင်နိုင်ခဲ့တဲ့တရုတ်နိုင်ငံဟာ   အခုအချိန်မှာ အသံနှုန်းလွန်ပျံသန်းမှုနည်းပညာမှာ   ခေတ်ရှေ့ကိုရောက်နေပါပြီ။

တစ်ချိန်တည်းမှာပဲ အခုဖန်တီးတီထွင်လိုက်တဲ့ အသံနှုန်းလွန်ကြားဖြတ်လက်နက်စနစ်ဟာ အသံနှုန်း လွန်ဒုံးကျည်များ အတွက်တော့ နတ်ဆိုးတစ်ကောင်ဖြစ်လာမှာ သေချာနေကြောင်း ရေးသား တင်ပြလိုက်ရပါတယ်။       

Ref:SCMP