စွမ်းအင်နဲ့လျှပ်စစ်ကို ကမ္ဘာကြည့် ကြည့်မယ်

စွမ်းအင်နဲ့လျှပ်စစ်ကို ကမ္ဘာကြည့် ကြည့်မယ်

အမှတ်စဉ်(၃၉)

စာချုပ်ချုပ်စဉ်ကတည်းက ကိုယ်လိုချင်သလောက်လည်း ထပ်ပြီးကြိုက်သလောက် ဝယ်လို့ရတယ်ဆိုတာ ပြည်သူကိုအသိပေးဖို့ တာဝန်ရှိသူတွေမှာ တာဝန်ရှိပါတယ်။ လက်ရှိရွှေလီ(၁)စက်ရုံရဲ့ ၄၀၀ မဂ္ဂါဝပ် ဝယ်တယ်ဆိုတာဟာလည်း ၂၃၀ ကီလိုဗို့ နှစ်ထပ်လိုင်း တစ်လိုင်းရဲ့ဝန်အားကို တွက်ချက်ပြီးဝယ်တာမျိုးပါ။ ဖော်ပြခဲ့သလို ဓာတ်အားလိုင်းရဲ့ အမြင့်ဆုံးခံနိုင်ဝန်ကို ဝယ်ထားတဲ့အတွက်   ပိုပြီးစီးပွားရေး တွက်ခြေကိုက်သွားပါတယ်။

ကမ်းလွန်ရေနံနဲ့ သဘာဝဓာတ်ငွေ့ ဖက်စပ်တွေမှာ အခမဲ့ရှယ်ယာ ၁၅ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းထိသာ ရတာပါ။ ရေအားလျှပ်စစ် ဖက်စပ်တွေလို အခမဲ့ဓာတ်ငွေ့မရပါဘူး။ လိုချင်ရင်ဝယ်သုံးရတာပါ။ ပိုဆိုးတာက ရေနံသဘာဝဓာတ်ငွေ့ဆိုတာ ကုန်ခန်းတဲ့အမျိုးပါ။ အချို့ဆိုရင် ဖက်စပ်စာချုပ်သက်တမ်း မကုန်ဆုံးမီမှာပင် ကုန်ခန်းလာနေပါတယ်။ ရေအားလျှပ်စစ်က ဒီလိုမဟုတ်ပါဘူး။ ဖက်စပ် စာချုပ်ကုန်ဆုံးသွားချိန်မှာလည်း အရင်းအမြစ်က မကုန်ခန်းဘဲ စက်ရုံသက်တမ်းနှစ် ၇၀-၈၀ ထိ နိုင်ငံပိုင်အဖြစ် ဆက်ပြီး လည်ပတ် နိုင်ပါတယ်။ အများစုက ရေနံသဘာဝဓာတ်ငွေ့ဖက်စပ်လုပ်ငန်းက အခမဲ့ရှယ်ယာတစ်ခုတည်းရတဲ့ကိစ္စနဲ့ ဖက်စပ်သက်တမ်းကုန်ရင် ဘာမှမကျန်ခဲ့တဲ့ကိစ္စကို သတိမမူမိကြဘဲ ရေအားလျှပ်စစ် ဖက်စပ်တွေကပိုပြီးရတဲ့ အခမဲ့ရှယ်ယာ အခမဲ့ဓာတ်အား အခွင့်အရေးတွေ ကို တိုက်ခိုက်ရေးသားနေကြတာဟာ နိုင်ငံဓာတ်အားရရှိရေးအတွက် အနှောင့်အယှက် ဖြစ်စေပါတယ်။

အခန်း ( ၁၀ )

မြန်မာ့သံလွင် ရေအားလျှပ်စစ်များ

သံလွင်မြစ်ဟာ တရုတ်နိုင်ငံထဲမှာ အလွန်ကြမ်းတမ်းတဲ့ ရေစီးနှုန်းနဲ့ စီးဆင်းနေပါတယ်။ စီးဆင်းရာဘေးနှစ်ဖက်မှာ ပေ ၅၀၀၀ မှ ၁၀၀၀၀ ခန့်အထိ မြင့်မားတဲ့ တောင်တန်းများကြားမှစီးဆင်းလာလို့ အချို့နေရာတွေမှာ ပေရာဂဏန်းထိရှိတဲ့ ရေတံခွန်တွေ ရှိနေပါ တယ်။ မြစ်အကျယ်ကလည်း အဲ့ဒီနေရာတွေမှာ ပေရာဂဏန်းခန့်ဝန်းကျင်ထိ ကျဉ်းမြောင်းလို့ ရေစီးအလွန်သန်တာဖြစ်တယ်။ ကမ္ဘာလှည့် ခရီးသွားတွေက ဒီသဘာဝတွေကို လာကြည့်ပြီး အပန်းဖြေကြတယ်။ အမေရိကန်နိုင်ငံ ကိုလိုရာဒိုမြစ်ပေါ်မှာ ဂရင်း ချောက်ကြီး (Grand Kanyon)ဆိုတာရှိတယ်။ ဒါကြီးကို ကမ္ဘာလှည့်ခရီးသွားတွေက လာကြည့်ကြတယ်။ အဲဒီချောက်ကြီးကို လှလို့လာကြည့်ကြပါတယ်။ သံလွင်မြစ်ကတော့ ဘယ်နေရာမှာ လာကြည့်ကြည့် ဒီလောက်မလှပါဘူး။ သံလွင်မြစ်ကို တရုတ်တို့က မြစ်ရိုင်း (Nujiang) လို့တောင် တင်စားခေါ်ဝေါ်ကြတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံထဲမရောက်မီ မိုင်ရာဂဏန်းအလိုကစပြီး အထိုက် အလျောက် ပြေပြစ်သွားပြီး အနည်းငယ် ရေစီးအလျဉ်လျော့သွားတယ်။

မြန်မာ့သံလွင်အပိုင်း

မြန်မာနိုင်ငံထဲသို့ သံလွင်မြစ်ဝင်ရောက်လာတဲ့နေရာကစပြီး မော်လမြိုင်အနီး ပင်လယ်ထဲစီးဝင်သွားတဲ့အထိ တစ်လျှောက်လုံးမှာ မြစ်လက်တက်ငယ်များ ဘေးနှစ်ဖက်ကစီးဝင်နေတယ်။ ရှမ်းကုန်းပြင်မြင့်မှာ လက်ဝဲဘက်မှ နမ့်တင်း (Nam Ting)၊ နမ့်ခ (Nam Hka) ၊ နမ့်ဆင် (Nam Hsim) တို့နဲ့ လက်ယာဘက်မှာ နမ့်ပင် (Nam Peng) ၊ နန့်တိန် (Nam Teng) ၊ နမ့်ပွန် (Nam Pawn) တို့ စီးဝင်လာ တယ်။ ကရင်ပြည်နယ်ထဲမှာ နယ်ခြားမြစ်ဖြစ်တဲ့ သောင်းရင်းမြစ်(Moei) က လက်ဝဲဘက်မှ စီးဝင်လာတယ်။ အောက်ပိုင်းရောက် တော့ လက်ယာဘက်က ယွန်းစလင်းချောင်း (Yungzalin)နဲ့ ဘီးလင်းချောင်းတွေ စီးဝင်တယ်။ သံလွင်ဟာ သောင်းရင်းမြစ် စီးဝင်တဲ့ နေရာအနီးမှာ မြန်မာ၊ ထိုင်းနယ်ခြားမြစ်အဖြစ် ၁၂၀ ကီလိုမီတာ (၇၅ မိုင်)ခန့် စီးဆင်းနေတယ်။

မြန်မာနိုင်ငံ သံလွင်မြစ်ဘေးမှာ ရှမ်းပြည်နယ်အတွင်းက ကွမ်းလုံ၊ ကယားပြည်နယ်အတွင်းက ဖားဆောင်း၊ ကရင်ပြည်နယ် အတွင်းက ဘားအံစတဲ့ မြို့နယ်တွေရှိနေတယ်။ မြစ်တစ်လျှောက်နေရာ အများစုမှာ လူနေကျဲပြီး မြစ်ကမ်းနဲ့မလှမ်းမကမ်းမှာ ရွာငယ် အချို့တည်ရှိနေတယ်။ တိုင်းရင်းသားမျိုးစုံတဲ့နိုင်ငံဖြစ်လို့ ရွာအလိုက် တိုင်းရင်းသားမျိုးကွဲများလည်း တွေ့ရတယ်။ မြန်မာနိုင်ငံထဲကို ရောက်တဲ့အခါ အချို့နေရာတွေမှာ အတိုင်းအတာတစ်ခုထိ ပြေပြစ်သော်လည်း အများစုကတော့ ချောက်များ၊ ရေကျများကိုဖြတ်ပြီး အဆင့်ဆင့် စီးဆင်းနေတဲ့မြစ်ဖြစ်နေတယ်။ ဒေသအလိုက် ကူးတို့ဆိပ်များရှိနေပြီး ဖြတ်ကူးမှုအချို့ရှိပေမယ့် အများစုက လှေ၊ သင်္ဘောများ သွားလို့မရပါဘူး။ မော်လမြိုင်မြစ်ဝကနေ ဘားအံမြို့အထက်ဘက် မြိုင်ကြီးငူနဲ့ ကမမောင်းဝန်းကျင်ထိသာ လူစီးရေ ယာဉ်ငယ်များ ဆန်တက်သွားလာနိုင်တယ်။ ဒီလို မော်တော်၊ စက်လှေ စတာတွေနဲ့ ရေကြောင်းသွားလာရေး အသုံးဝင်တဲ့အပိုင်းဟာ အများဆုံးမိုင် ၅၀ (ကီလိုမီတာ ၈၀)ခန့်သာ ရှိတယ်။

သံလွင်မြစ်ဟာ မြိုင်ကြီးငူကစပြီး ကမ်းဘေး တောင်တန်းမြင့်များကြား၊ ကျောက်ဆောင်များကြားမှာ စီးဆင်းနေတဲ့အတွက် မြို့ရေ ပေးဝေရေး၊ လယ်ယာစိုက်ပျိုးရေးတို့အတွက်လည်း အသုံးဝင်မှုမရှိသလောက် နည်းပါးတယ်။ မြစ်ကမ်းဘေးကရွာ အများစုဟာလည်း လျှပ်စစ်မီးမရကြသေးတဲ့ ရွာတွေပါ။ သံလွင်မြစ်ထဲစီးဝင်တဲ့မြစ်လက်တက်အချို့နဲ့ သံလွင်မြစ်ဆုံရာဝန်းကျင်မှာ မြေပြန့်အနည်းငယ် ရှိတဲ့နေရာတွေမှာ ဝမ်းစာစပါးစိုက်ပျိုးကြတယ်။ ရာသီသီးနှံတွေကို တောင်ကုန်းစောင်းတွေပေါ်မှာ ရွှေ့ပြောင်းတောင်ယာစနစ် အဓိကထားပြီး စိုက်ပျိုးကြတယ်။ အချို့က ဖာလာ၊ ငရုတ်ကောင်း၊ ဒူးရင်း၊ မင်းကွတ်၊ ပိန္နဲ၊ တညင်း၊ လက်ဖက် စတဲ့နှစ်ရှည်သီးနှံပင် တွေ စိုက်တယ်။ ဖွံ့ဖြိုးမှုအလွန်နည်းပြီး တင်းတိမ်ရောင့်ရဲစွာနေထိုင်လုပ်ကိုင် စားသောက်နေကြတယ်။ ပညာရေး၊ လူမှုရေးကိစ္စများ မှာလည်း မြို့ကြီးများနဲ့ အလှမ်းဝေးတဲ့ ဒေသတွေဖြစ်လို့ အခက်အခဲရှိကြတယ်။ ရေကြောင်းကလည်း ဝေးဝေးသွားမရ၊ ကုန်းကြောင်း ကလည်း ကားလမ်းပေါက်မှု မရှိသလောက်ပါပဲ။ ခြေကျင်ခရီး (ယခု ဆိုင်ကယ်ခရီး)များနဲ့ တစ်နေရာနှင့် တစ်နေရာ ကူးလူးဆက်ဆံ ကြရတယ်။      

ဆက်လက်ဖော်ပြပါမည်။

မော်သာထွေး(မန္တလေး)