တိုင်းဒေသကြီးနှင့်ပြည်နယ်များသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးနှင့် ဆေးထိုးအပ်များ ဆက်လက်ပို့ဆောင်

တိုင်းဒေသကြီးနှင့်ပြည်နယ်များသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးနှင့် ဆေးထိုးအပ်များ ဆက်လက်ပို့ဆောင်

နေပြည်တော်၊ ဇန်နဝါရီ - ၃၁

ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အဓိက ကျသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို တပ်မတော်သား ဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ နိုင်ငံတစ်ဝှမ်းတွင် အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိရာ ၎င်းလုပ်ငန်းများ တွင် အထောက်အကူဖြစ်စေရန်အတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို သတ်မှတ်အအေးလမ်းကြောင်း စံချိန်စံညွှန်းများအတိုင်း တိုင်းဒေသကြီးနှင့် ပြည် နယ်အသီးသီးသို့ တပ်မတော်လေယာဉ်များ၊ ရဟတ်ယာဉ်များ၊ Cold Chain Delivery Logistics မော်တော်ယာဉ်ကြီးများဖြင့် ပို့ဆောင်ဖြန့်ဖြူးပေးလျက်ရှိသည်။   

ထိုသို့ ပို့ဆောင်ဖြန့်ဖြူးပေးလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်း မြို့နယ် မင်းဓမ္မလမ်းရှိ ပြည်သူ့ကျန်းမာရေးဦးစီဌာန၊ ဗဟိုကာကွယ်ဆေးသိုလှောင် အခန်းတွင်ထားရှိသည့် ဆေးတစ်လုံးလျှင်လူငါးဦး ထိုးနှံနိုင်သော Sinopharm ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးနှင့် ဆေးထိုးအပ်များမှ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့သို့ ဆေး ၂၀၀၀၀ လုံးနှင့် ဆေးထိုးအပ် ၁၀၀၀၀၀ ချောင်းတို့ကို ယနေ့တွင် တပ်မတော်လေယာဉ်များဖြင့် ပို့ဆောင်ပေးကြသည်။

အဆိုပါ ကာကွယ်‌ဆေးများနှင့် ဆေးထိုးအပ်များကို တာဝန်ရှိသူများက အသီးသီးလက်ခံခဲ့ကြပြီး သက်ဆိုင်ရာနေရာများသို့ ဆက်လက်ဖြန့်ဖြူး ပေးသွား မည်ဖြစ်ကြောင်း သတင်းရရှိသည်။