စွမ်းအင်နဲ့လျှပ်စစ်ကို ကမ္ဘာကြည့် ကြည့်မယ်

စွမ်းအင်နဲ့လျှပ်စစ်ကို ကမ္ဘာကြည့် ကြည့်မယ်

 အမှတ်စဉ်(၄၀)

၎င်းတို့နေထိုင်ရာဒေသများမှာ ဘိုးစဉ်ဘောင်ဆက် နေထိုင်လာကြသူတွေဖြစ်လို့ ကိုယ့်ဒေသရဲ့သဘာဝတောတောင်တွေကို နှစ်သက် ခင်မင်နေကြတာတွေ့ရတယ်။ ဒါပေမဲ့ သူတို့ရဲ့ ပညာရေး၊ လူမှုရေး၊ စီးပွားရေးတွေဟာ မြို့ကြီးတွေထက် အများကြီးနိမ့်တာကတော့ သေချာပါတယ်။

သံလွင်မြစ်ပေါ်မှာ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်တဲ့အခါ သူတို့ဘဝတွေကို ဘယ်လိုမြှင့်တင်ပေးနိုင်မလဲဆိုတာ ဦးစားပေး ပထမစဉ်းစားရပါမယ်။ ပညာရေးအားနည်းခြင်း၊ အထွေထွေဗဟုသုတအားနည်းနေခြင်း၊ ဘာသာစကားအခက်အခဲရှိခြင်းတွေကြောင့်  စည်းရုံးဆောင်ရွက်ရာမှာလည်း အစပထမမှာခက်ခဲနေမှာပါ။ ဖွံ့ဖြိုးမှုစီမံကိန်းတစ်ခုလုပ်တိုင်း ဘေးထွက်အပြစ်အနာအဆာတွေ တွဲပါလာမြဲပါ။ အဲဒီအားနည်းချက်တွေကို အစွမ်းကုန်သက်သာအောင် လုပ်နိုင်ရပါမယ်။ ဒီအခန်းမှာ ဒါတွေပါ ထည့်ရေးပါမယ်။ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို စဉ်းစားတဲ့အခါ တကယ်ရော လုပ်သင့်သလား၊ လုပ်သင့်ရင် ဘယ်လောက်အတိုင်းအတာထိ လုပ်သင့်သလဲ၊  လူမှုကိစ္စဖြေရှင်းဖို့အတွက်  ရေရှည်သူတို့ရဲ့အကျိုးစီးပွားရော၊ လက်ငင်းအကျိုးစီးပွားရော ထိထိရောက်ရောက်ဆောင်ရွက်နိုင်အောင် ကြိုတင်ပြင်ဆင်မှုတွေရောပါရဲ့လား စတာတွေကို စူးစမ်းလေ့လာမှုတွေ ဆောင်ရွက်စဉ်ကတည်းက ကြိုတင်စဉ်းစားရမှာပါ။

လျှပ်စစ်သည်ဘဝ

လျှပ်စစ်က ဇိမ်ခံပစ္စည်းမဟုတ်ပါဘူး။ ရေဟာအသက်၊ ထမင်းဟာ အသက်၊ လျှပ်စစ်ဟာဘဝပါ။ ရေမသောက်ဘဲ တစ်မနက်သာ နေနိုင်လို့ ရေဟာအသက်လို့ဆိုသလို၊ ထမင်းမရှိရင်လည်း ခုနစ်ရက်ထက် ပိုမခံဘူးလို့ဆိုကြတယ်။ အလားတူပဲ လျှပ်စစ်မရှိရင် ကမ္ဘာ့အောက်ကျနောက်ကျ အဖြစ်ဆုံးနိုင်ငံဖြစ်ပြီး လူ့ဘဝအောက်ကျ နောက်ကျဖြစ်ပါမယ်။ စီးပွားရေးရော၊ ပညာရေး၊ ကျန်းမာရေး၊ နိုင်ငံရေးပါမကျန် အားလုံးဘဝနဲ့ယှဉ်ပြီး အောက်ကျနောက်ကျဖြစ်ပါမယ်။ လျှပ်စစ်ဆိုရာမှာလည်း အလင်းရောင်အတွက်သာမက စီးပွားရေးလုပ်လို့ရတဲ့ လျှပ်စစ်ဖြစ်ရပါမယ်။ ဒါ့ကြောင့် လျှပ်စစ်ဟာဘဝလို့ဆိုလိုတာပါ။ ဘဝမြှင့်တင်ရေးအတွက် လျှပ်စစ် ရှာဖွေရာမှာလည်း တွင်းထွက်လောင်စာတွေ မီးရှို့ပြီးရှာမလား၊  သဘာဝကပေးထားတဲ့ နှစ်စဉ်ပြန်ပြည့်မြဲ စွမ်းအင်အရင်းအမြစ်တွေ သုံးမှာလားဆိုတာကလည်း ယနေ့ကမ္ဘာမှာ ကြီးမားတဲ့မေးခွန်းဖြစ်လာနေတယ်။ ဒီမေးခွန်းအပြင် သာမန်ပြည်သူတွေလက်လှမ်းမီတဲ့ ဓာတ်အားခဈေးနှုန်းဖြစ်ရမယ် ဆိုတာကလည်း ဖွံ့ဖြိုးဆဲနိုင်ငံ၊ အဆင်းရဲဆုံးနိုင်ငံတွေသာမက ချမ်းသာတဲ့နိုင်ငံတွေမှာပါ အရေးကြီးဆုံး မေးခွန်းပါပဲ။ ဒီမေးခွန်းတွေကိုဖြေတဲ့အခါ နောက်ဆုံးဆိုက်တဲ့ဘူတာက ရေအားလျှပ်စစ်ထုတ်လုပ်နိုင်တဲ့ အရင်းအမြစ် ရှိတဲ့နိုင်ငံတွေဟာ ရေအားလျှပ်စစ်ကို အားပြုကြတယ်ဆိုတဲ့အဖြေပါပဲ။

ပညာရှင်အချို့ကလည်း တစ်ယူသန်ကြတယ်။ ရေအားလျှပ်စစ်လုပ်ဖြစ်ရင် ကြီးကြီးလုပ်မှ စီးပွားရေးတွက်ခြေကိုက်မယ်၊ နိုင်ငံ မြန်မြန်ဖွံ့ဖြိုးမယ် စသည်ဖြင့် ပြောဆိုကြတယ်။ တချို့ကျတော့လည်း ဘယ်လိုစီမံကိန်းပဲဖြစ်ဖြစ် ဆန့်ကျင်မယ်ဆိုတဲ့ ပုံစံဖြစ်နေ တယ်။ ဒီနှစ်ဦးစလုံးဟာ အစွန်းရောက်တွေပဲ ဖြစ်တယ်။ ပြောခဲ့သလို လူသားအကျိုးပြုတစ်ခုလုပ်ရင် နောက်ဆက်တွဲ ဘေးထွက် ဆိုးကျိုးပါလာတာဟာ လုံးဝငြင်းမရတဲ့ဖြစ်စဉ်ပဲ။ လူနာတစ်ယောက်ကို ရောဂါပျောက်အောင်ကုတဲ့ဆေးတွေမှာ ဘေးထွက်ဆိုးကျိုး ဖြစ်စေတာတွေ တွဲပါနေတာပါပဲ။ နောက်ဆုံးပေါ် ရောဂါရှာဖွေရေးစက်နဲ့ရှာရင် ရောဂါချက်ချင်းတွေ့မှာဆိုတာသိလို့ ရောဂါမှန်တွေ့ဖို့ ဘေးထွက်ဆိုးကျိုးရှိပါတယ်ဆိုတဲ့စက်တွေနဲ့ပဲ ရောဂါရှာဖွေနေရတာပဲမဟုတ်လား။ တန်ဆေးလွန်ဘေးဆိုသလို ချင့်ချိန်ကြဖို့ပဲ လိုတာပါ။ ဘယ်ဖွံ့ဖြိုးမှုလုပ်ငန်း၊ လူသားအကျိုးပြု ဆောင်ရွက်ချက်တွေတိုင်းမဆို နောက်ဆက်တွဲ သက်ရောက်မှု ဘေးထွက်ဆိုးကျိုး လုံးဝကင်းရှင်းတယ်ဆိုတာ တစ်ခုမှမရှိဘူးဆိုတာတော့ သိထားသင့်တယ်။ ဒါကြောင့် -

(၁)       ဖွံ့ဖြိုးရေးလုပ်မယ်ဆိုရင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ခြုံငုံစဉ်းစားဖို့ လိုတယ်။

(၂)        လုပ်ငန်းဆောင်ရွက်လိုက်လို့ရလာမယ့် အကျိုးကျေးဇူးတွေကဘာလဲ၊ ဘေးထွက်ဆိုးကျိုးတွေကဘာလဲဆိုတာ ကျယ်ကျယ် ပြန့်ပြန့်သိအောင်ကြိုးစားဖို့လိုတယ်။

(၃)       စိတ်စေတနာကောင်းထားဖို့၊ လုပ်ငန်းကျွမ်းကျင်ဖို့လိုမယ်၊ ကိုယ်ကျိုး ရှေ့တန်းတင် တစ်ယူသန်မဖြစ်သင့်ဘူး။

(၄)       မိမိနားလည်ထားတဲ့အတတ်ပညာကို အခြားပညာရပ်တွေနဲ့ပေါင်းစပ်ပြီး ပိုပြီးအကျိုးရှိအောင် လုပ်တတ်ဖို့လိုမယ်။

(၅)       မိမိကျင်လည်ရာအဖွဲ့အစည်းရဲ့အခန်းကဏ္ဍကို   မြှင့်တင်ဖို့ထက် နိုင်ငံကိုဘယ်လိုမြှင့်တင်မလဲဆိုတာကိုပဲ စဉ်းစားဖို့လိုမယ်။

(၆)       ရေတိုဖြေရှင်းရမယ့်ပြဿနာနဲ့ ရေရှည်ဖြေရှင်းရမယ့်ပြဿနာဆိုပြီး ခွဲခြားသိဖို့လိုမယ်။

(၇)       ကမ္ဘာ့အခြေအနေကို မျက်ခြည်မပြတ်လေ့လာပြီး မိမိနိုင်ငံအခြေအနေနဲ့ ကိုက်ညီမယ့်ဖွံ့ဖြိုးမှုကို ရွေးချယ်တတ်ဖို့လိုမယ်။

(၈)       ဒေသအကျိုးစီးပွားနဲ့နိုင်ငံအကျိုးစီးပွား နှစ်ဖက်ချင့်ချိန်ပြီး အကျိုးရှိ အောင် စဉ်းစားရမယ်။

စတဲ့အချက်တွေကိုအခြေခံပြီး အခုဖော်ပြမယ့်သံလွင်မြစ်ပေါ်က ရေအားလျှပ်စစ် စီမံကိန်းဆိုတာတွေကို သုံးသပ်ပါမယ်။

မြန်မာသံလွင်မြစ်ပေါ်မှ ရေအားလျှပ်စစ်စီမံကိန်းများ

သံလွင်မြစ်ပေါ်မှာ လွန်ခဲ့တဲ့နှစ်ပေါင်း ၆၀ ကျော်လောက်ကတည်းက ဆောင်ရွက်နိုင်ဖွယ်ရှိတဲ့ ရေအားလျှပ်စစ်အရင်းအမြစ်တွေကို လေ့လာခဲ့ကြပြီး ဖြစ်ပါတယ်။ ဟိုတုန်းက ခေတ်မီအင်တာနက်တွေနည်းပညာတွေ မရှိသေးတော့ မြေပုံကိုင်ပြီး ကွင်းဆင်းလေ့လာ ကြရတာပေါ့။ ခဲရာခဲဆစ်သွားလာလေ့လာခဲ့ကြရပြီး တွေ့ရှိခဲ့တဲ့သံလွင်မြစ်ပေါ်က ဖြစ်နိုင်ခြေ ရေအားလျှပ်စစ် တည်နေရာတွေက တော့ -

(၁)       ကွမ်းလုံ (Kun Long) (ရှမ်းပြည်နယ်မြောက်ပိုင်း)

(၂)        နောင်ဖ (Nong Pa) (ရှမ်းပြည်နယ်မြောက်ပိုင်း)

(၃)       တာဆန်း (Tasang) (ရှမ်းပြည်နယ်မြောက်ပိုင်း)

(၄)       ရွာသစ် (Ywathit) (ကယားပြည်နယ်)

(၅)       ဝဲကြီး (Weigi) (ကရင်ပြည်နယ်၊ ထိုင်းနယ်ခြား)

(၆)       ဒါးဂွင်း (Dagwin) (ကရင်ပြည်နယ်၊ ထိုင်းနယ်ခြား)

(၇)       ဟတ်ကြီး (Hatgyi) (ကရင်ပြည်နယ်၊ မြိုင်ကြီးငူအထက်)စတာတွေပဲ ဖြစ်တယ်။

သံလွင်မြစ်ပေါ်မှ ရေအားလျှပ်စစ်စီမံကိန်းများ

စီမံကိန်း ၇ ခုရဲ့ အကျဉ်းချုပ်

ဒီရေအားလျှပ်စစ်စီမံကိန်း ၇ ခုထဲမှာ ဝဲကြီးနဲ့ ဒါးဂွင်းဟာထိုင်းနယ်ခြား ဖြစ်နေတဲ့အတွက် လေ့လာထားရုံလောက်ပဲရှိခဲ့ပါတယ်။ ကျန်တာတွေထဲကလည်း ရွာသစ်စီမံကိန်းကို မူလပြောဆိုနေတဲ့ကြီးမားတဲ့ စီမံကိန်းကြီးအဖြစ် လက်မခံတော့ဘဲ ရေစီးအားသုံး ရေအားလျှပ်စစ်(Run-Off-River) နည်းလမ်းကိုသာ ရှာဖွေဖို့အဆုံးသတ်ထားပြီးဖြစ်ပါတယ်။  ထိပ်ဆုံးက ကွမ်းလုံဟာ ဖော်ပြခဲ့ပြီးတဲ့ စဉ်းစားစရာများကိုဘက်စုံစဉ်းစားခဲ့ပြီး ဆောင်ရွက်ရန်သင့်လျော်တဲ့အတွက် လုပ်ငန်းစတင်ဆောင်ရွက်ရန် ၂၀၁၄ ခုနှစ်ကတည်းက နှစ်ဖက်သဘောတူလက်မှတ်ထိုးထားပြီးတဲ့ စီမံကိန်းပါ။ သူ့အောက်က နောင်ဖကတော့ အသေးစိတ်လေ့လာအစီရင်ခံမှုအပေါ် စိစစ်ထားပြီးဖြစ်ပေမယ့် သဘာဝပတ်ဝန်းကျင်နဲ့ လူမှုပတ်ဝန်းကျင်သက်ရောက်မှုကတော့ လေ့လာဆဲပါပဲ။ တာဆန်းစီမံကိန်း ဟာလည်း ယခင်နိုင်ငံတော်အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီခေတ်မှာပဲ နှစ်ဖက်မပြေမလည်ဖြစ်ပြီး တာဆန်းအစား အထက်သံလွင်(မိုင်းတုံ)ဆိုပြီး တာဆန်းရဲ့အပေါ်ဘက်မှာ အစားထိုးနေရာသစ်တစ်ခုအဖြစ် ကုမ္ပဏီပြောင်းပြီး သီးခြားရှာဖွေ လေ့လာနေဆဲဖြစ်ပါတယ်။ တာဆန်းနဲ့အထက် သံလွင်(မိုင်းတုံ)နှစ်ခုထဲက တစ်ခုကိုသာလုပ်ရမှာပါ။ ရွာသစ်ကတော့လုပ်လိုက်ရင် ထိခိုက်မှာတွေများတာကြောင့် မလုပ်တာပဲကောင်းပါတယ်။ ထိခိုက်မှုများမယ့် စီမံကိန်းမှန်သမျှ ပြန်လည်စိစစ်ရမှာပါ။ အောက်ဆုံး က ဟတ်ကြီးကတော့ စူးစမ်းလေ့လာရာမှာ နယ်မြေဒေသဝင်ထွက်မှု အခက်အခဲတွေကြားထဲက ဆောင်ရွက်ရတဲ့အတွက် ပြည့်စုံအောင် စူးစမ်းလေ့လာမှုမပြုနိုင်သေးလို့ ထပ်မံလေ့လာဖို့ အချိန်ယူလုပ်နေရဆဲပါ။  ဒီတစ်ခုချင်းစီအကြောင်းကို အကျယ်ချဲ့ပြီး နောက်တစ်ခန်းစီမှာ ဆက်လက်ဆွေးနွေးပါ့မယ်။

ဆက်လက်ဖော်ပြပါမည်။

မော်သာထွေး(မန္တလေး)