တိုင်းဒေသကြီးနှင့်ပြည်နယ်များသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးနှင့် ဆေးထိုးအပ်များ ဆက်လက်ပို့ဆောင်

တိုင်းဒေသကြီးနှင့်ပြည်နယ်များသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးနှင့် ဆေးထိုးအပ်များ ဆက်လက်ပို့ဆောင်

နေပြည်တော်၊ ဖေဖော်ဝါရီ ၁

ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အဓိကကျသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများကို တပ်မတော်သား ဆရာဝန်များ၊ ကျန်းမာရေး ဝန်ထမ်းများ၊ လူမှုရေး အသင်းအဖွဲ့များ ပူးပေါင်း၍ နိုင်ငံတစ်ဝှမ်းတွင် အင်တိုက်အားတိုက် ဆောင်ရွက် ပေးလျက်ရှိရာ ၎င်းလုပ်ငန်းများတွင် အထောက်အကူ ဖြစ်စေရန်အတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို သတ်မှတ်အအေးလမ်းကြောင်း စံချိန်စံညွှန်းများအတိုင်း တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ တပ်မတော်လေယာဉ်များ၊ ရဟတ်ယာဉ်များ၊ Cold Chain Delivery Logistics မော်တော်ယာဉ်ကြီးများဖြင့် ပို့ဆောင်ဖြန့်ဖြူးပေးလျက်ရှိသည်။   

ထိုသို့ ပို့ဆောင်ဖြန့်ဖြူးပေးလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်း မြို့နယ် မင်းဓမ္မလမ်းရှိ ပြည်သူ့ကျန်းမာရေးဦးစီဌာန၊ ဗဟိုကာကွယ်ဆေးသိုလှောင် အခန်းတွင်ထားရှိသည့် ဆေးတစ်လုံးလျှင် လူငါးဦး ထိုးနှံနိုင်သော Sinopharm ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးနှင့် ဆေးထိုးအပ်များမှ ကချင်ပြည်နယ် ၊ မြစ်ကြီးနားမြို့သို့ Sinopharm ဆေး ၁၀၀၀၀ လုံးနှင့် ဆေးထိုးအပ်များ၊ ချင်းပြည်နယ်၊ ကလေးမြို့သို့ Sinopharm ဆေး ၁၆၄၀ လုံးနှင့် ဆေးထိုးအပ်များ၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့သို့ Sinopharm ဆေး ၃၉၀၀ လုံးနှင့် ဆေးထိုးအပ်များ၊ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့သို့ Sinopharm ဆေး ၃၇၇၆ လုံးနှင့် ဆေးထိုးအပ်များ၊ မြိတ်မြို့သို့ Sinopharm ဆေး ၄၆၆၆ လုံးနှင့် ဆေးထိုးအပ်များ၊ ကော့သောင်းမြို့သို့ Sinopharm ဆေး ၇၀၈ လုံးနှင့် ဆေးထိုး အပ် တို့ကို ယနေ့တွင် တပ်မတော်လေယာဉ်များဖြင့် ပို့ဆောင်ပေးကြသည်။

အဆိုပါ ကာကွယ်‌ဆေးများနှင့် ဆေးထိုးအပ်များကို တာဝန်ရှိသူများက အသီးသီးလက်ခံခဲ့ကြပြီး သက်ဆိုင်ရာနေရာများသို့ ဆက်လက်ဖြန့်ဖြူး ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။