ဒူဘိုင်းမြို့ပို့ဆောင်ရေးကဏ္ဍ၌ မျက်နှာမှတ်သားသိရှိမှုစနစ်ကိုစတင်

ဒူဘိုင်း၊ ပြည်တွင်းရေး

အာရပ်စော်ဘွားများနိုင်ငံက ကမ္ဘာ့ကုန်စည်ပြပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပရန်ပြင်ဆင်နေစဉ် ဒူဘိုင်းမြို့ တွင် လုံခြုံရေးတိုးမြှင့်သည့်အနေဖြင့် ပို့ဆောင်ရေးကဏ္ဍ၌ မျက်နှာမှတ်သားသိရှိမှုစနစ်ကိုစတင် အကောင် အထည်ဖော်နေကြောင်း တာဝန်ရှိသူများက အောက်တိုဘာ ၂၅ ရက်တွင် ပြောသည်။

ထိုနည်းပညာသည် သံသယဖြစ်ဖွယ်လူများကို ဖော်ထုတ်ရန် ထိရောက်မှုရှိကြောင်း ဒူဘိုင်းမြို့၏ ပို့ဆောင်ရေး နှင့်လုံခြုံရေးဌာနမှ ညွှန်ကြားရေးမှူး အိုဘိတ်အယ်ဟတ်ဘွာက ပြောသည်။ အာရပ်စော်ဘွားများ နိုင်ငံ အနေဖြင့် နိုင်ငံတကာလေဆိပ်၌ မျက်နှာမှတ်သားသိရှိမှုစနစ်ကို အသုံးပြုနှင့် နေပြီးဖြစ်သည်။ တာဝန်ရှိသူ များသည် ဒူဘိုင်းမြို့ကို နည်းပညာနှင့် လူတူအသိဉာဏ်ဖွံ့ဖြိုး တိုးတက်သည့် အဓိကနေရာတစ်ခုဖြစ်လာရန် ရည်မှန်းထားသည်။

ရဲတပ်ဖွဲ့အနေဖြင့် မြေအောက်မီးရထား ဘူတာရုံတစ်ခုကို ပစ်မှတ်ထားတိုက်ခိုက်သည့် သေနတ်သမားများကို မျက်နှာမှတ်သားသိရှိမှုစနစ် အသုံးပြုဖော်ထုတ်မှု သဏ္ဌာန်တူလေ့ကျင့်မှုတစ်ခုကို ယခုသီတင်းပတ် အစော ပိုင်းတွင် လုပ်ဆောင်ပြီး ဒူဘိုင်းအိမ်ရှေ့မင်းသားက ကြီးကြပ်ကွပ်ကဲကြောင်း သိရသည်။

ထိုသို့သော တိုက်ခိုက်မှုမျိုးဖြစ်လာပါက အမေရိကန်နိုင်ငံ၌ လေ့ကျင့်ထားသော အထူးတပ်ဖွဲ့က သံသယ တရားခံများကို ဖမ်းဆီးနိုင်ရေးအတွက် ထိန်းချုပ်စင်တာနှင့် ပူးတွဲမဆောင်ရွက်မီ ဘူတာရုံမှခရီးသွားများ ကိုကယ်ထုတ်ရေးတွင် ကူညီသွားမည်ဖြစ်သည်။

ကမ္ဘာ့ကုန်စည်ပြပွဲကို ခြောက်လကြာ ကျင်းပသွားမည်ဖြစ်ပြီး လာမည့်နှစ်အောက်တိုဘာလတွင် စတင် မည်ဖြစ်သည်။ ကုန်စည်ပြပွဲကျင်းပနေချိန်တွင် အထူးရဲတပ်ဖွဲ့ဝင်များကို မြေအောက်မီးရထား ဘူတာရုံများ တွင် ဖြန့်ကြက်သွားမည်ဖြစ်သည်။ အဆိုပါ ကုန်စည်ပြပွဲသို့ လာရောက်လေ့လာကြည့်ရှုသူ ၁၅ သန်းခန့် ရောက်လာနိုင်သည်ဟု အာရပ်စော်ဘွားများ နိုင်ငံအစိုးရက ယခင်ကခန့်မှန်းထားသည်။

Ref: The Straits Times