စွမ်းအင်နဲ့လျှပ်စစ်ကို ကမ္ဘာကြည့် ကြည့်မယ်

စွမ်းအင်နဲ့လျှပ်စစ်ကို ကမ္ဘာကြည့် ကြည့်မယ်

အမှတ်စဉ်(၄၁)

အခန်း( ၁၁ )

အထက်သံလွင် (ကွမ်းလုံ) စီမံကိန်း

ကွမ်းလုံရေအားလျှပ်စစ်စီမံကိန်းဟာ မြန်မာနိုင်ငံအတွင်း သံလွင်မြစ်ရဲ့ အပေါ်ဘက်အကျဆုံးစီမံကိန်းတစ်ခုပါ။ ကွမ်းလုံမြို့အထက် ဘက် ဟိုလီ (Huli) ရွာအထက် ၅ မိုင်ခန့်အကွာမှာတည်ရှိပါတယ်။ ဒီစီမံကိန်းပြီးခဲ့ရင် တပ်ဆင်စက်အင်အား ၁၄၀၀ မဂ္ဂါဝပ်နဲ့ တစ်နှစ်ပတ်လုံး ထုတ်လုပ်ပေးနိုင်မယ့်ဓာတ်အားဟာ ၇၁၄၂ ကီလိုဝပ်နာရီ သန်းပေါင်း (လက်ရှိရဲရွာထက်နှစ်ဆ) ရရှိမှာဖြစ်ပါတယ်။ စီမံကိန်းဆိုင်ရာအချက် အလက်များကို ကောက်နုတ်ဖော်ပြပါမယ်။

(၁)       တပ်ဆင်အင်အား                        ၁၄၀၀ မဂ္ဂါဝပ်

(၂)        နှစ်စဉ်ထုတ်လုပ်ပေးနိုင်သည့်       ၇၁၄၂ ကီလိုဝပ်

            ဓာတ်အား                                  နာရီသန်း(၇.၁၄၂  TWh)

(၃)       တမံအမြင့်                                 ၁၀၃ မီတာ (၃၃၈ ပေ)

(၄)       တမံအလျား                               ၄၃၈.၅ မီတာ (၁၄၃၉ ပေ)

(၅)       တမံအမျိုးအစား                         ကွန်ကရစ်

(၆)       နှစ်စဉ်ပျမ်းမျှစီးဝင်ရေ                  ၅၉၉၁ သန်းကုဗမီတာ

                                                            (၄.၈၆ သန်းဧကပေ)

(၇)       တမံဧရိယာ နှစ်စဉ်                      ၁၉၀၀ ကုဗမီတာ/စက္ကန့်

            ပျမ်းမျှရေထုစီးနှုန်း                      (၆၇၄၅၀ ကုဗပေ/စက္ကန့်)

(၈)       ကန်ရေပြည့်ရေလှောင်ပမာဏ     ၆၅၉ သန်းကုဗမီတာ

                                                            (၅.၃၄ သိန်းဧကပေ)

(၉)       ကန်ရေသေပမာဏ                     ၄၈၃ သန်းကုဗမီတာ

                                                            (၃.၉၂ သိန်းဧကပေ)

(၁၀)     အကျိုးပြုရေလှောင်ပမာဏ         ၁၇၆ သန်းကုဗမီတာ

                                                            (၁.၄၂ သိန်းဧကပေ)

(၁၁)     အနည်းဆုံးလည်ပတ်နိုင်မည့်        ၂၉၆.၆ မဂ္ဂါဝပ်

            ဓာတ်အား         

(၁၂)     တာဘိုင်ရေထုစီးနှုန်း                  

            အများဆုံး                                  ၆၂၀.၃၂ ကုဗမီတာ/စက္ကန့်

                                                            (၂၁၉၆၀ ကုဗပေ/စက္ကန့်)            

အနည်းဆုံး                                 ၄၁၂.၉၃ ကုဗမီတာ/စက္ကန့်

                                                            (၁၄၅၈၂ ကုဗပေ/စက္ကန့်)

(၁၃)     စီမံကိန်းကုန်ကျစရိတ်                 အမေရိကန်ဒေါ်လာ

                                                            ၁၉၈၈ သန်း

            တစ်မဂ္ဂါဝပ်ကုန်ကျစရိတ်             အမေရိကန်ဒေါ်လာ

                                                            ၁.၄၂ သန်း

(၁၄)     ရေနည်းချိန်အနိမ့်ဆုံး                   ၁၉၅ ကုဗမီတာ/စက္ကန့်

            ထုတ်လွှတ်ပေးမည့်                     (၆၉၀၀ ကုဗပေ/စက္ကန့်)

            ရေထုစီးနှုန်း (Ecological Water)

ကွမ်းလုံတမံဟာ အမြင့် ၃၃၈ ပေဖြစ်တဲ့အတွက် လက်ရှိရဲရွာတမံအမြင့် ၄၃၃ ပေနဲ့နှိုင်းရင် သုံးပုံနှစ်ပုံသာသာ မြင့်ပါတယ်။ လှောင်ရေပမာဏဟာလည်း  ဧကပေ ၅ ဒသမ ၃၄ သိန်းရှိလို့ ရဲရွာရေလှောင်ပမာဏ ဧကပေ ၂၁ သိန်းကျော်နဲ့နှိုင်းရင် လေးပုံတစ်ပုံခန့်သာရှိပါတယ်။ တပ်ဆင်အင်အားဟာ ၁၄၀၀ မဂ္ဂါဝပ်ထိရမှာဖြစ်တဲ့အတွက် ရဲရွာ ၇၉၀ မဂ္ဂါဝပ်ထက် နှစ်ဆနီးပါးရှိနေပါတယ်။ တစ်နှစ်ပတ်လုံး ထုတ်လုပ်ပေးနိုင်တဲ့ဓာတ်အားကလည်း ကီလိုဝပ်နာရီသန်းပေါင်း ၇၁၄၂ ဖြစ်နေလို့ ရဲရွာက နှစ်စဉ်ထုတ်ပေးနိုင်တဲ့ ကီလိုဝပ်နာရီ သန်းပေါင်း ၃၃၀၀ နဲ့နှိုင်းရင် ဓာတ်အားနှစ်ဆထုတ်လုပ်ပေးနိုင်ပါတယ်။ ဖော်ပြခဲ့တဲ့ အချက်အားလုံးကို ခြုံကြည့်ရင် ဘာကြောင့် ရဲရွာထက် တမံကလည်းနိမ့် ရေလှောင်ပမာဏကလည်း လေးပုံတစ်ပုံလောက်ဖြစ်ပြီး တစ်နှစ်ပတ်လုံးထုတ်လုပ်မယ့်ဓာတ်အားကျတော့ နှစ်ဆလောက်ထုတ်ပေးနိုင်တာလဲဆိုရင် ရေအားအရင်းအမြစ်ကောင်းလို့ပါပဲ။ တမံနှိမ့်ထားတာကလည်း ရေလှောင်ကန်ကြီးကြီးမလုပ်ဘဲ ပုံမှန်ရေစီးနှုန်းကိုသာ အားပြုတဲ့ (Run-off-River) ပုံစံဓာတ်အား ထုတ်ချင်လို့ပါပဲ။

ရေလှောင်ကန်ထဲမှာ လှောင်ထားတဲ့ပမာဏဟာလည်း စစ်တောင်းမြစ်ဝှမ်းက ရဲနွယ်၊ ကွန်းချောင်း၊ ဖြူးချောင်း၊ ခပေါင်း၊ ရွှေကျင် အစရှိတဲ့ ရေလှောင်တမံအားလုံးထက် အများကြီးနည်းပါတယ်။ သူ့ပုံမှန်ရေထုစီးနှုန်းအတိုင်း လျှပ်စစ်ထုတ်လုပ်မှာဖြစ်တဲ့အတွက် ဒီတမံက ရေလှောင်လိုက်လို့၊ ရေအားလျှပ်စစ်စီမံကိန်းလုပ်လိုက်လို့ တမံအောက်ဘက်က မြစ်တစ်လျှောက် ရေခန်းပြီဆိုတာမျိုး လည်းမဖြစ်ပါဘူး။ လျှပ်စစ်ထုတ်လိုက်တဲ့ရေကလည်း ဘယ်မှမပို့ပါဘူး။ သံလွင်မြစ်ထဲပဲ စီးဆင်းသွားတာပါ။ သံလွင်မြစ်မှာ တမံတည်ဆောက်ပြီး အခြားကို ရေလွှဲမယ်၊ ရေရောင်းမယ် ဆိုတာတွေဟာ နိုင်ငံရေးအပုပ်ချချင်လို့ သွားပုပ်လေလွင့်ပြောဆိုနေကြ

တာသာဖြစ်ပါတယ်။ အချို့ကလည်း မြန်မာ့ဖွံ့ဖြိုးမှုတက်မလာအောင်၊ လျှပ်စစ်အကျပ်အတည်း ဆက်ဖြစ်နေအောင် စီမံကိန်း ပျက်စေချင်လို့ အထောက်အပံ့တွေပေးပြီး ဖျက်လိုဖျက်ဆီးလုပ်နေကြတာဖြစ်နိုင်သလို နိုင်ငံရေးအမြတ်ထုတ်လိုသူများရဲ့ တိုက်ကွက်လည်း ဖြစ်နိုင်ပါတယ်။

နောက်တစ်ချက်က စက်ရုံမှာ ၃၀၀ မဂ္ဂါဝပ်စက်က ၄ လုံး၊ ၂၀၀ မဂ္ဂါဝပ်စက်က ၁ လုံး တပ်ဆင်ထားမှာပါ။ ဒါဟာ ရေနည်းချိန်မှာ စက်တစ်လုံးအနည်းဆုံး မောင်းထားပြီး သံလွင်ရေကို ပုံမှန်လွှတ်ထုတ်နိုင်အောင် စက်အရွယ်အစားကို ကြိုတင်တွက်ချက် ထားခြင်းဖြစ်ပါတယ်။

အကယ်၍ စက်တွေအားလုံးရပ်နေခဲ့ရင်လည်း တမံအောက်ခြေမှာ ရေထုတ်ပေးနိုင်မယ့် ရေထုတ်ပေါက်တစ်ခုကနေ ရေထုတ်ပေးမှာ ဖြစ်ပါတယ်။ ဒီအပေါက်က အနည်းဆုံးထုတ်ပေးမယ့် ရေထုဟာလည်း ၁၉၅ ကုဗမီတာ/စက္ကန့် (၆၉၀၀ ကုဗပေ/စက္ကန့်) ဖြစ်တဲ့အတွက် နွေရာသီ သံလွင်မြစ်ရေအနည်းဆုံးအချိန်မှာ မြစ်ရဲ့ပင်ကိုသဘာဝအတိုင်း စီးနေတဲ့ရေထက်မနည်းတဲ့ရေကို လွှတ်ထုတ်ပေးနိုင်တဲ့ပမာဏဖြစ်ပါတယ်။

ရေကြီးရေလျှံကိစ္စအတွက် တမံအန္တရာယ်မဖြစ်စေဖို့ အကျယ် ၄၉ ပေနဲ့ အမြင့် ၆၉ ပေရှိတဲ့ ရေပိုလွှဲ ၅ ပေါက်ကနေ ရေထုတ် လွှတ်မှာဖြစ်တယ်။ ရေကြီးတဲ့အခါ ဒီရေပိုလွှဲတွေကတစ်ဆင့် သံလွင်မြစ်ထဲကိုပဲ စီးဆင်းနေမှာဖြစ်သလို လာသမျှရေကို  နိုင်နိုင်နင်းနင်း လွှတ်ထုတ်နိုင်အောင်လည်း တွက်ချက်ထားပြီးဖြစ်ပါတယ်။ ဂိတ်မပါတဲ့ ရေပိုလွှဲဖြစ်တဲ့အတွက် သူ့သဘာဝအတိုင်း မိုးရာသီပိုလျှံရေဟာ ရေပိုလွှဲက ရေကျော်ကျပြီး အလိုအလျောက်သာ စီးထွက်မှာဖြစ်လို့ သံလွင်မြစ်ရဲ့သဘာဝအတိုင်း ရှိနေမှာပါ။ အောက်ဘက်က ကမာမောင်း၊ ရွှေဂွန်း၊ ဘားအံ၊  မော်လမြိုင်ဒေသတွေမှာ စိုက်ပျိုးမြေတွေပေါ် နှစ်စဉ်ရေကြီးမှ ကြိုက်သူတွေ ကလည်း ဒီသဘာဝအတိုင်းရှိနေမှာကို သဘောကျမှာပါ။ သံလွင်မြစ်ပေါ်မှာ ကွမ်းလုံတမံတည်လိုက်လို့ သံလွင်မြစ်ကြီးရဲ့သဘာ၀ ပျက်ပါပြီ၊ ရေခန်းပါပြီ၊ ရေကြီးပါပြီ စတာတွေ ပြောစရာမလိုအောင် ဘက်စုံစဉ်းစားထားခဲ့တယ်ဆိုတာကို ဗဟုသုတမျှဝေတာပါ။

ကွမ်းလုံတမံအန္တရာယ်ကင်းရှင်းရေး ဘယ်လိုစီမံထားသလဲ

အချို့က မေးပါတယ်။ ဘေးအန္တရာယ်တစ်ခုခုဖြစ်ရင် ဒီတမံကြောင့် အန္တရာယ်မဖြစ်နိုင်ဘူးလားဆိုတဲ့ မေးခွန်းပါပဲ။ စနစ်တကျ တွက်ချက်ထားတာလေးတွေ ဖော်ပြပါမယ်။ တမံဟာ တရုတ်-မြန်မာနှစ်နိုင်ငံနယ်စပ်ကနေ ကီလိုမီတာ ၁၀၀ ကျော်လောက်ဝေးတဲ့ နေရာမှာရှိပါတယ်။ တရုတ်နိုင်ငံထဲက မြန်မာနယ်စပ်သံလွင်မြစ်ပေါ်မှာ ၁၉၅၃ ခုနှစ်ကတည်းက စိုက်ထူမှတ်သားထားတဲ့ ဇလဗေဒ အချက်အလက်ဟာ ၂၀၀၈ ခုနှစ် အထိ ၅၅ နှစ်စာ ကိန်းဂဏန်းတိတိကျကျနဲ့ လက်တွေ့ရှိနေပါတယ်။

ဒီလို ကာလရှည် လက်တွေ့တိုင်းတာမှုအချက်အလက်ပေါ် အခြေခံပြီး နှစ်ပေါင်း ထောင်ဂဏန်းမှာ တစ်ကြိမ်ဖြစ်နိုင်တဲ့ ဖြစ်နိုင်ခြေ တွေကို ခေတ်မီနည်းပညာများနဲ့ဆန့်ထုတ်ပြီး တွက်ချက်ခဲ့ပါတယ်။ ဘေးကင်းရေးအတွက် ထည့်သွင်းစဉ်းစား တွက်ချက်ထားတာ အချို့ကို အောက်မှာဖော်ပြပါမယ်။ ရေအားအဆောက်အအုံဘေးကင်းမှုဆိုင်ရာ စဉ်းစားတွက်ချက်မှု ဖော်ပြပါအတိုင်း နှစ် ၅၀၀၀ မှာ တစ်ကြိမ်သာဖြစ်ပေါ်လာနိုင်တဲ့ ရေထုစီးနှုန်းနဲ့ တမံဒီဇိုင်းကို ခိုင်ခံ့အောင် စဉ်းစားထားခြင်း၊ ရေပိုလွှဲမှ နိုင်နင်းစွာ လွှတ်ထုတ်နိုင်ရန် စဉ်းစားထားခြင်း၊ ဓာတ်အားပေးစက်ရုံများကလည်း တစ်ပြိုင်နက် မောင်းထုတ်နိုင်ခြင်း၊ တမံအောက်ခြေတွင် သဲနုန်းထုတ်ပေါက် တပ်ဆင်ထားခြင်း စတဲ့ ဒီဇိုင်းများနဲ့ ဘေးကင်းအောင် စိစစ်ထားပါတယ်။ ဒီဇိုင်းပိုင်းဆိုင်ရာစိတ်ချရအောင် စဉ်းစားထားပြီးဖြစ်သလို ရေကြီးမှု၊ ရေနည်းမှုရောပါ သူ့သဘာဝအတိုင်းသာ နှစ်စဉ်ဖြစ်ပေါ်နေစေမယ်ဆိုတာကို ဗဟုသုတမျှဝေတာပါ။

နောက်တစ်ချက်ပြောစရာရှိတာက ကွမ်းလုံစီမံကိန်းဧရိယာအထက်ဘက်နဲ့ အောက်ဘက်မှာ ဘူမိပြတ်ရွေ့ငယ်တွေရှိနေတယ်။ ဒါဆိုရင် အန္တရာယ်ရှိတာပေါ့လို့ ဆိုရင်လည်း ဖြေပါ့မယ်။ ကွမ်းလုံတမံတည်နေရာ ရွေးချယ်မှုကို ၂၀၀၇ ခုနှစ်ကနေ ၂၀၁၀ ခုနှစ်ထိ ၃ နှစ်ကြာ နေရာသုံးနေရာ အသေးစိတ်စူးစမ်းလေ့လာခဲ့ပါတယ်။ ဒီကာလအတွင်း နေရာအနှံ့ ကျောက်သားများထဲထိ စိန်လွန်တွင်းတွေတူးပြီး လေ့လာတာတွေ၊ ကျောက်နမူနာ (Core Sample) ရယူစမ်းသပ်တာတွေ၊ ကျောက်သက်တမ်းတွက်တာတွေ၊ ပြတ်ရွေ့(Fault) သက်တမ်းတွက်တာတွေအားလုံး တရုတ်နိုင်ငံရဲ့ Hydro China Kunming Engineering Corporation-(KHIDI) မှာ အသေးစိတ် ဓာတ်ခွဲစစ်ဆေးပြီး ရလဒ်များ ထုတ်ဖော်ခဲ့ပါတယ်။ Hydro China Institute ဟာ ရေအားလျှပ်စစ်နဲ့ ပတ်သက်ရင် ယူနန်ပြည်နယ်ထဲက မဲခေါင်မြစ်ပေါ်မှာရော အခြားနိုင်ငံတကာမှာပါ ဒီဇိုင်းပုံထုတ်လုပ်ငန်းနဲ့ အတိုင်ပင်ခံ လုပ်ငန်း လုပ်နေတဲ့ အင်ဂျင်နီယာ Institute ထဲက နာမည်ရတဲ့အဖွဲ့ပါ။

ဆက်လက်ဖော်ပြပါမည်။

 မော်သာထွေး(မန္တလေး)