အမြို့မြို့အနယ်နယ်ရှိ ဘုရားစေတီများနှင့် ဈေးများတွင် ပြည်သူများ စည်ကားလျက်ရှိ

အမြို့မြို့အနယ်နယ်ရှိ ဘုရားစေတီများနှင့် ဈေးများတွင် ပြည်သူများ စည်ကားလျက်ရှိ

 ကျောက်ဆည်

    မန္တလေးတိုင်းဒေသကြီး  ကျောက်ဆည်မြို့နယ် သင်တောင်းကြီးကျေးရွာ ရန်ကုန်-မန္တလေးကားလမ်းအနီးရှိ ဆုတောင်းပြည့်မဟာရွှေသိမ်တော်  တန်ခိုးကြီးဘုရား၌ ဖေဖော်ဝါရီ ၁ ရက် နံနက်ပိုင်းမှစတင်ပြီး ဆွမ်း၊  ရေချမ်း ကပ်လှူပူဇော်သူများ၊ အနယ်နယ်အရပ်ရပ်မှ  ဘုရားဖူးပြည်သူများနှင့်  စည်ကားလျက်ရှိကြောင်း  သိရသည်။

 ဆုတောင်းပြည့် မဟာရွှေသိမ်တော် ဘုရားကြီးသည်   ကျောက်ဆည်မြို့ မြောက်ဘက်တစ်မိုင်ခန့်အကွာ ရန်ကုန်-မန္တလေး ကားလမ်းမကြီးဘေး သင်တောင်းကျေးရွာ အနီးတွင်တည်ရှိကာ  နေ့စဉ် ဘုရားဖူးပြည်သူများနှင့် စည်ကားလျက်ရှိကြောင်း၊  ဘုရားကြီးသို့ လာရောက်သည့် ပြည်သူများ၏ မော်တော်ဆိုင်ကယ်များနှင့် မော်တော်ယာဉ်များအား ယာဉ်ရပ်နားကွင်းများ သီးသန့်ဆောင်ရွက်ပေးထားပြီး ပြည်သူများလိုအပ်သည့်  အကူအညီများရှိပါက  ဖြည့်ဆည်းပေးနိုင်ရေး ဘုရားလုံခြုံရေး ဝန်ထမ်းများနှင့်  စောင့်ကြည့်ကင်မရာများ တပ်ဆင်ပေးထားကြောင်း  သိရသည်။              

မြစ်ကြီးနား

    ကချင်ပြည်နယ် မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့တို့တွင် ဈေးရောင်းဈေးဝယ်များ၊ လုပ်ငန်းခွင် ဝင်ရောက်သူများဖြင့် စည်ကားလျက်ရှိကြောင်း ဒေသခံပြည်သူများထံမှ သိရသည်။“ကျွန်တော်က သုံးဘီးမောင်းတာလေ။မြစ်ကြီးနားဈေးကို ဝိုင်းမော်သီးနှံ စိုက်ခင်းကနေ ကုန်စိမ်းသယ်ပို့တယ်။    နေ့စဉ်စားသောက်ဖို့ သွားလာလှုပ်ရှား နေရပါတယ်”  ဟု သုံးဘီးယာဉ်မောင်း တစ်ဦးကပြောသည်။မြစ်ကြီးနားမြို့ မြို့မဈေးတွင်  ကုန်စိမ်းသီးနှံရောင်းချသူများ၊ အသားငါးရောင်းချသူများ၊ အဝတ်အထည်ရောင်းချသူများ၊ လူသုံးကုန်နှင့် အလှကုန်ပစ္စည်း ရောင်းချသူများဖြင့် စည်ကားလျက်ရှိပြီး  ဝိုင်းမော်မြို့စည်ပင်သာယာဈေးတွင်လည်း ပုံမှန်အတိုင်း လည်ပတ်သွားလာလျက် ရှိကြောင်း ဒေသခံ ပြည်သူများထံမှ သိရသည်။ 

ကျိုက်မရော

    မွန်ပြည်နယ်     ကျိုက်မရောမြို့ရှိ ဆုတောင်းပြည့်ဘုရားကြီး၌ ဖေဖော်ဝါရီ၁ ရက် နံနက်ပိုင်းတွင် ဘုရားဖူးများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။အဆိုပါ  ဆုတောင်းပြည့်ဘုရားကြီး၌ စတုဒိသာ ထမင်း၊  ဟင်း၊  မုန့်ဟင်းခါး၊ ဘူးသီးကြော်တို့ဖြင့် ကျွေးမွေးလျက်ရှိရာ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများ၊ ဒေသခံပြည်သူများဖြင့် စည်ကားလျက်ရှိပြီး ကျိုက်မရောမြို့ပေါ်ရှိ ဈေးအသီးသီးတွင်လည်း   ရောင်းသူဝယ်သူများဖြင့် စည်ကားလျက် ရှိကြောင်း သိရသည်။

မအူပင်

    ဧရာဝတီတိုင်းဒေသကြီး   မအူပင်မြို့နယ်၌ ဖေဖော်ဝါရီ ၁ ရက် နံနက်ပိုင်းတွင် ဈေးရောင်းဈေးဝယ်များ၊ ကျောင်းသား၊ကျောင်းသူများ၊ ခရီးသွားပြည်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။ထိုသို့စည်ကားလျက်ရှိရာ မအူပင်မြို့ပေါ်ရှိ  မြို့မဈေးကြီး၊  ကမ်းသာယာဈေး၊ အောင်ရတနာဈေး၊ မြို့ပေါ်ရပ်ကွက်များရှိ ပျံကျဈေးများ၊ကျေးရွာများရှိ ဈေးများနှင့် မအူပင်မြို့ပေါ်ရှိ ကမ်းနားလမ်း လမ်းမကြီး၊ ရေလဲလမ်း လမ်းမကြီးတို့တွင် ဈေးရောင်းဈေးဝယ်များဖြင့်   ရောင်းဝယ်ဖောက်ကားခြင်း ၊စက်ဘီး၊  ဆိုင်ကယ်၊ မော်တော်ယာဉ်များဖြင့် သွားလာလှုပ်ရှားကြခြင်း၊ မော်တော်ယာဉ်လိုင်းများ အနေဖြင့် ပုံမှန်ပြေးဆွဲသွားလာခြင်းတို့ကြောင့် မအူပင်မြို့တွင် သွားလာသူများဖြင့်  စည်ကားလျက်ရှိကြောင်း သိရသည်။   

မြဝတီ

    ကရင်ပြည်နယ် မြဝတီခရိုင် မြဝတီမြို့၌ဖေဖော်ဝါရီ ၁ ရက်တွင် ဘုရားဖူးပြည်သူများ၊  ရောင်းဝယ်ဖောက်ကားသူများနှင့် ဈေးရောင်းဈေးဝယ်များ၊  လုပ်ငန်းခွင် ဝင်ရောက်သူများဖြင့်  စည်ကားလျက်ရှိကြောင်း သိရသည်။ ထိုသို့စည်ကားလျက်ရှိရာတွင်  မြဝတီမြို့ကျက်သရေဆောင် ရွှေမြင်းဝန် စေတီတော်မြတ်ကြီးတွင် လည်းကောင်း၊  မြဝတီမြို့ အခြေခံပညာ စာသင်ကျောင်းများတွင် လည်းကောင်း၊မြဝတီမြို့ရှိ ဘုရင့်နောင်ဈေး၊ ကြံခင်းဈေးနှင့် ရပ်ကွက်ဈေးများတွင် လည်းကောင်း၊ ဘုရင့်နောင်လမ်းမကြီးနှင့်  ဗိုလ်ချုပ်လမ်းမကြီးတို့တွင် လည်းကောင်း စည်ကား များပြားလျက်ရှိကြောင်း  သိရသည်။  

ပဲခူး

    ပဲခူးမြို့   ဆုတောင်းပြည့်ဆံတော်ရှင် ရွှေမော်ဓော  စေတီတော်မြတ်ကြီး၌ ဖေဖော်ဝါရီ ၁ ရက်  နံနက်ပိုင်းတွင် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများဖြင့် စည်ကားလျက်ရှိကြောင်း  သိရသည်။ထို့အတူ  ပဲခူးမြို့ပေါ်ရှိ  သမိုင်းဝင် အထင်ကရ ဘုရား၊  ပုထိုးစေတီများဖြစ်သည့်    မဟာစေတီတော်မြတ်ကြီး၊ ဟင်္သာကုန်းစေတီတော်မြတ်ကြီး၊ ရွှေသာလျောင်း၊ စိန်သာလျောင်း၊  မြသာလျောင်း ရုပ်ပွားတော်မြတ်ကြီးများတွင်လည်း အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူ များလာရောက် ဖူးမြော်လျက်ရှိသည့်အပြင် ပဲခူးမြို့မဈေးအပါအဝင်  ပဲခူးမြို့ပေါ်ရှိ ဈေးအသီးသီးတွင်လည်း   ရောင်းသူဝယ်သူများဖြင့်  စည်ကားစွာ သွားလာလျက်ရှိကြောင်း သိရသည်။