တိရစ္ဆာန်ကျန်းမာရေးနှင့် မွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ ပထမအကြိမ် အစည်းအဝေး ကျင်းပ

တိရစ္ဆာန်ကျန်းမာရေးနှင့် မွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ ပထမအကြိမ် အစည်းအဝေး ကျင်းပ

နေပြည်တော် ဖေဖော်ဝါရီ ၂

    တိရစ္ဆာန်ကျန်းမာရေးနှင့် မွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ၏ ပထမအကြိမ်အစည်းအဝေးကို ဖေဖော်ဝါရီ ၂ ရက် မွန်းလွဲပိုင်းတွင် စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

    အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက    နိုင်ငံတော်၏ စီးပွားရေး ဦးတည်ချက်တွင်ပါရှိသော  “စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်မှုကို  ခေတ်မီနည်းစနစ်များဖြင့် ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပြီး အခြားစီးပွားရေး ကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုး တိုးတက်အောင် တည်ဆောက်ရေး” ဟူသည့်အချက်နှင့်အညီ အသားကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဝန်ကြီးဌာန၏ မူဝါဒ၊ မျှော်မှန်းချက် ၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၏ မူဝါဒ၊ မျှော်မှန်းချက်များအတိုင်း မွေးမြူရေး လုပ်ငန်း ပိုမိုဖွံ့ဖြိုးတိုးတက်စေရေး အတွက် တက်ညီလက်ညီ ပူးပေါင်းပါဝင်ကြိုးပမ်း ဆောင်ရွက်ကြစေလိုကြောင်း၊   ပြောင်းလဲဖြစ်ပေါ်လာသော ခေတ်စနစ်နှင့်အညီ တိရစ္ဆာန်နှင့် တိရစ္ဆာန်ထွက်ပစ္စည်းများ ကုန်သွယ်မှု တိုးတက်လာစေရန်နှင့်ပုဂ္ဂလိက မွေးမြူရေးကဏ္ဍ  ဖွံ့ဖြိုးတိုးတက်စေရန် ရေးဆွဲပြဋ္ဌာန်းထားသည့်  တိရစ္ဆာန် ကျန်းမာရေးနှင့် မွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဥပဒေနှင့်အညီ   လုပ်ငန်းများ  ထိရောက်စွာ အကောင်အထည်ဖော်ရာတွင် ဦးစီးအဖွဲ့တစ်ခုက   တာဝန်ယူဆောင်ရွက်နိုင်ရန်အတွက်  နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီက ဥပဒေပုဒ်မ ၄ အရ တိရစ္ဆာန် ကျန်းမာရေးနှင့် မွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီကို ၂၀၂၁ ခုနှစ် အောက်တိုဘာလတွင် ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပါကြောင်း၊ ယနေ့အစည်းအဝေးတွင် ဗဟိုကော်မတီ၏ လုပ်ငန်းတာဝန်(၁၇)ချက်မှ ဦးစားပေးဆောင်ရွက်ရမည့်  လုပ်ငန်းရပ်များကို အဆိုပြုတင်ပြနိုင်ရန်နှင့် ဝိုင်းဝန်းသုံးသပ် ဆွေးနွေးရန်ဖြစ်ကြောင်း ပြောကြားသည်။

    ထို့နောက် ဗဟိုကော်မတီအတွင်းရေးမှူး ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲထွန်းဝင်းက ဗဟိုကော်မတီ၏ လုပ်ငန်းတာဝန်များ၊ ဗဟိုကော်မတီ၏ ဦးစားပေး လုပ်ငန်းရပ်များနှင့် အဆိုပြုချက်များ၊  နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ အရင်းမပျောက်မတည် ထောက်ပံ့ငွေဖြင့် ဆောင်ရွက်မည့်မွေးမြူရေး လုပ်ငန်းများ အကောင်အထည်ဖော်ရေး စီမံကိန်းတွင်  ယူနစ်နှင့် လျာထားချက်၊ ဘဏ္ဍာနှစ်အလိုက် မြစိမ်းရောင် (အသားကဏ္ဍ)ကျေးရွာ ထူထောင်ခြင်းနှင့် ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြသည်။

    ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးနှင့် ဗဟိုကော်မတီဝင်များ ဖြစ်ကြသော ဦးစီးဌာန အသီးသီးမှ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံ တိရစ္ဆာန်ဆေးကု ဆရာဝန်များအသင်း၊ မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်း အဖွဲ့ချုပ်၊ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်တို့မှ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ၊ တိရစ္ဆာန်ဆေးပညာရပ်နှင့် မွေးမြူရေး ပညာရပ်ဆိုင်ရာ ကျွမ်းကျင်သူများက အဆိုပြုလုပ်ငန်းရပ်များအပေါ် သက်ဆိုင်ရာ ကဏ္ဍများအလိုက် ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ကြကြောင်း သိရသည်။