ကွန်ပျူတာတက္ကသိုလ်(တောင်ကြီး) မောင်မယ်သစ်လွင်ကြိုဆိုပွဲ၊ ဆုနှင်းပွဲနှင့် Project Show ပြပွဲကျင်းပ

ကွန်ပျူတာတက္ကသိုလ်(တောင်ကြီး) မောင်မယ်သစ်လွင်ကြိုဆိုပွဲ၊ ဆုနှင်းပွဲနှင့် Project Show ပြပွဲကျင်းပ

တောင်ကြီး  ဖေဖော်ဝါရီ   ၂

    ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကွန်ပျူတာ တက္ကသိုလ်(တောင်ကြီး)မောင်မယ်သစ်လွင် ကြိုဆိုပွဲ၊ ဆုနှင်းပွဲနှင့် Project Show  ပြပွဲကို   ယနေ့နံနက်ပိုင်းတွင်   ကွန်ပျူတာ တက္ကသိုလ် (တောင်ကြီး)၌    ကျင်းပသည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီဝင် ဒေါက်တာကျော်ထွန်း တက် ရောက်၍ ကွန်ပျူတာတက္ကသိုလ်(တောင်ကြီး)ကို ၂၀၀၀ ပြည့်နှစ် သြဂုတ် ၁၅ ရက်တွင် အစိုးရကွန်ပျူတာကောလိပ်အဖြစ် စတင်ဖွင့်လှစ်ခဲ့ပြီး ၂၀၀၀ ပြည့်နှစ် စက်တင်ဘာ ၄ ရက်တွင် သင်တန်းများကို စတင်ဖွင့်လှစ်သင်ကြားခဲ့ကြောင်း၊ ၂၀၀၇ ခုနှစ် ဇန်နဝါရီ ၂၀   ရက်တွင်  တက္ကသိုလ်အဆင့်အဖြစ် တိုးမြှင့်ဖွင့်လှစ်ခဲ့ရာ ယခုဆိုလျှင် သက်တမ်း ၂၃ နှစ်ရှိပြီဖြစ်ပြီး ကွန်ပျူတာသိပ္ပံဘွဲ့၊ ကွန်ပျူတာနည်းပညာဘွဲ့၊ ဘွဲ့လွန်ကွန်ပျူတာ ဒီပလိုမာဘွဲ့နှင့် မဟာဘွဲ့ရ ကျောင်းသား၊ ကျောင်းသူ ၁၄၁၃ ဦးကို  မွေးထုတ်ပေးခဲ့ကြောင်း၊ လက်ရှိစာသင်နှစ်တွင် ကျောင်းသား၊ ကျောင်းသူ ၄၇၅ ဦး တက်ရောက် ပညာသင်ကြားနေကြောင်း သိရသည့်အတွက် များစွာဂုဏ်ယူမိကြောင်း ပြောကြားသည်။

    ထို့နောက်  နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဝင်က    ကွန်ပျူတာ တက္ကသိုလ် (တောင်ကြီး) ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲ၊  ဆုနှင်းပွဲနှင့်  Project Show ပြပွဲအတွက် ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ ထောက်ပံ့သည့် ငွေကျပ် ၁၀ သိန်းကိုပေးအပ်ရာ ကွန်ပျူတာတက္ကသိုလ် (တောင်ကြီး)  ဒုတိယပါမောက္ခချုပ်က လက်ခံရယူသည်။

    ဆက်လက်၍ ထူးချွန်ကျောင်းသား၊ ကျောင်းသူများကိုဆုချီးမြှင့်ရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဝင်က  ပထမနှစ် သင်တန်းသို့ ဝင်ခွင့်အမှတ်စဉ် (၁)၊ (၂)၊ (၃) ဖြင့် ဝင်ခွင့်ရရှိသည့် ကျောင်းသား၊ ကျောင်းသူများကို လည်းကောင်း၊ ပြည်နယ် တရားလွှတ်တော်   တရားသူကြီးချုပ်က ၂၀၁၉-၂၀၂၀ ပညာသင်နှစ်  ပထမနှစ် သင်တန်းတွင် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိသူများကို လည်းကောင်း၊ ပြည်နယ်အစိုးရ အဖွဲ့ဝန်ကြီးများနှင့်  ပြည်နယ်ဥပဒေချုပ်တို့က ၂၀၁၉-၂၀၂၀ ပညာသင်နှစ် ကွန်ပျူတာ သိပ္ပံသင်တန်း၊ ဒုတိယနှစ်ကွန်ပျူတာ နည်းပညာသင်တန်း၊  တတိယနှစ် ကွန်ပျူတာ သိပ္ပံသင်တန်းတို့တွင်   ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများ၊ ၂၀၂၂-၂၀၂၃ ပညာ သင်နှစ်တွင်ဖွင့်လှစ်သော ရှေးဦးသူနာပြု ကြက်ခြေနီ သင်တန်းတွင်   ဆုရရှိသူများ၊ အမျိုးသား၊ အမျိုးသမီး  ဘောလုံးပြိုင်ပွဲ စားပွဲတင်တင်းနစ်ပြိုင်ပွဲ၊ ကြက်တောင်ပြိုင်ပွဲ၊ ထုပ်ဆီးတိုးပြိုင်ပွဲတွင်   ဆုရရှိသူများကို လည်းကောင်း ဆုများပေးအပ် ချီးမြှင့်ကြသည်။

    ထို့နောက်   ကွန်ပျူတာတက္ကသိုလ် (တောင်ကြီး)မှ ကျောင်းသား၊ ကျောင်းသူများက ပအိုဝ်းတိုင်းရင်းသား ရိုးရာအက၊ ရှမ်းတိုင်းရင်းသား ရိုးရာအက၊ အင်းတိုင်းရင်းသား ရိုးရာအက၊   ပုဂံရိုးရာအကတို့ဖြင့် ကပြဖျော်ဖြေကြသည်။

    ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဝင်နှင့် တာဝန်ရှိသူများသည် ခန်းမအတွင်း ခင်းကျင်းပြသထားသော Project Show   ပြပွဲများကို  လှည့်လည်ကြည့်ရှု အားပေးခဲ့ကြကြောင်း သိရသည်။