သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၏ ၁၅ ကြိမ်မြောက် မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲ ကျင်းပ

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၏ ၁၅ ကြိမ်မြောက် မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲ ကျင်းပ

နေပြည်တော်  ဖေဖော်ဝါရီ  ၂

    သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၏ ၁၅ ကြိမ်မြောက် မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ သစ်တောဦးစီးဌာနရုံးချုပ် ရုံးအမှတ် ၃၉ ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ပါမောက္ခချုပ်၊ ပြိုင်ပွဲဝင်အသင်းများနှင့် အရာထမ်း၊ အမှုထမ်းများ စုံညီစွာတက်ရောက်ကြပြီး   ပျော်ရွှင်စွာ ဆင်နွှဲကြသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကား ပြောကြားပြီး ဦးစီးဌာန၊ လုပ်ငန်း၊ တက္ကသိုလ်တို့မှ ပြိုင်ပွဲဝင်အသင်း ၁၁ သင်း၏ ပျော်ရွှင်စွာ ပါဝင်ယှဉ်ပြိုင်မှုကို လှည့်လည်ကြည့်ရှု အားပေးသည်။

ထို့နောက် ပြိုင်ပွဲတွင် ပထမဆုရရှိသော ဘူမိဗေဒနှင့် ဓာတ်သတ္တု ရှာဖွေရေး ဦးစီးဌာန အသင်းကို ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ ကလည်းကောင်း၊   ဒုတိယဆုရရှိသော ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန အသင်းကို  ဒုတိယဝန်ကြီး  ဦးထွန်းအုံက လည်းကောင်း၊ တတိယဆုရရှိသော အမှတ်(၁)သတ္တုတွင်း လုပ်ငန်းအသင်းကို ဒုတိယဝန်ကြီး ဦးမင်းသူက လည်းကောင်း ဆုများပေးအပ်ချီးမြှင့်ခဲ့ပြီး   ကျန်အသင်းများကို နှစ်သိမ့်ဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။