စွမ်းအင်နဲ့လျှပ်စစ်ကို ကမ္ဘာကြည့် ကြည့်မယ်

စွမ်းအင်နဲ့လျှပ်စစ်ကို ကမ္ဘာကြည့် ကြည့်မယ်

အမှတ်စဉ်(၄၂)

လျာထားတမံ ဧရိယာသုံးနေရာက ဘူမိဗေဒဆိုင်ရာ နမူနာများကို ခေတ်မီနည်းပညာများနဲ့ စစ်ဆေးချက်အရ ပြတ်ရွေ့အငယ်စား ၁၀ ခုဟာ လွန်ခဲ့သော နှစ်ပေါင်း ၁၅၀၀၀၀ အထက်မှာလည်းကောင်း၊ နှစ်ခုဟာ နှစ်ပေါင်း ၁၀၀၀၀၀ မှ ၁၅၀၀၀၀ အထက်မှာ လည်းကောင်း အသက်ဝင်ခြင်းမရှိတော့သော ပြတ်ရွေ့ငယ်များဖြစ်နေကြောင်း ဖော်ထုတ်ချက်ရယူနိုင်ခဲ့ပါတယ်။ Fault ငယ်များ အသက်ရှိနေသေးခြင်း ရှိ၊ မရှိ ကမ္ဘာမှာ နည်းပညာမြင့်တွေသုံးပြီး စမ်းသပ်လို့ရနေပါပြီ။ ဒီနည်းနဲ့ ဓာတ်ခွဲခန်းစစ်ဆေးမှု  အသေးစိတ်လုပ်ခဲ့တာပါ။  ဒီလိုပြောလို့  ဒါကိုယုံရမှာလားဆိုရင်လည်း မယုံသေးပါဘူး။ စိတ်ချရအောင် ငလျင်တန်ဖိုးကို ဒီဇိုင်းတွက်ရာမှာ 0.75 g အထိမြှင့်ပြီး တမံကို ဒီဇိုင်းပြုလုပ်ထားပါတယ်။  စစ်ကိုင်းပြတ်ရွေ့လိုနေရာမျိုးမှာ  ဆောက်ခဲ့တဲ့တမံတောင် 0.25~0.3 g လောက်ထားပြီး တွက်ချက်ပါတယ်။ ဒါပေမဲ့ အခု အထက်သံလွင်(ကွမ်းလုံ)မှာ ဘာကြောင့်ဒီလိုထားရသလဲဆိုရင် ဘေးကင်းမှုနှုန်း (Safety Factor) ပိုပြီး ရချင်လို့ပါပဲ။ ဒီလို Safety Factor ပိုထည့်လေ၊ ပိုပြီးခံနိုင်လေ၊ ပိုပြီးကုန်ကျစရိတ်ကြီးလေပါပဲ။ အတိုချုပ်ရရင်တော့ တမံရဲ့ငလျင်ဒဏ်ဆိုင်ရာခံနိုင်ရည်ကို စဉ်းစားတဲ့အခါ ဒေသမှာဖြစ်လာနိုင်ခြေရှိတဲ့ ကြီးမားတဲ့ ငလျင်ဒဏ် အားလုံးကို ခံနိုင်အောင် စဉ်းစားထားပြီးပါပြီလို့ ပြောလိုတာပါပဲ။

ကောင်းပြီ၊ တရုတ်နိုင်ငံကလုပ်တဲ့ဒီဇိုင်းကို အတည်ယူပြီး တစ်ခုခုဖြစ်ခဲ့ရင် တို့နိုင်ငံက ပြည်သူတွေပဲ ခံရမှာပဲမဟုတ်လား၊ မင်းတို့က မစစ်တော့ဘူးလားဆိုပြီး မေးစရာရှိပါတယ်။ ဟုတ်ကဲ့ စစ်ပါတယ်။ ဒါတွေစစ်ဖို့အတွက် ရေအားလျှပ်စစ် အကောင်အထည်ဖော် ရေးဦးစီးဌာနမှာ ငှားရမ်းထားတဲ့  ဂျပန်နိုင်ငံက  နာမည်ကြီး အင်ဂျင်နီယာ အတိုင်ပင်ခံအဖွဲ့တစ်ဖွဲ့ကို ဌာနမှာပဲ အချိန်ပြည့်ရုံးထိုင် စေပြီး ဒီလိုကြီးမားတဲ့ ဒီဇိုင်းတွေကို စစ်ဆေးစေပါတယ်။ ဒီအဖွဲ့ကတော့ In-house Engineering Consultant အလုပ်ကိုလုပ်နေတဲ့ ဂျပန်နိုင်ငံက NEWJEC အတိုင်ပင်ခံအဖွဲ့ပါပဲ။ မိမိဌာနပညာရှင်များနဲ့ NEWJEC မှ အတိုင်ပင်ခံအဖွဲ့တို့ဟာ ၂၀၁၁ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ လေးနှစ်ခန့်အချိန်ယူပြီး သက်ဆိုင်တဲ့ Henergy Holding Group, China အဖွဲ့နဲ့ ဒီဇိုင်းပြုစုတဲ့ KHIDI အဖွဲ့တို့ကို အကြိမ်ကြိမ်ဆွေးနွေးပြီး၊ လေ့လာသင့်တာတွေ ထပ်မံလေ့လာစေပြီး၊ ဒီဇိုင်းပြင်သင့်တာတွေ ပြင်ဆင်စေပြီးမှ အတည်ပြုခဲ့ကြတာ ဖြစ်ပါတယ်။

ကွမ်းလုံသဘာဝနဲ့ လူမှုထိခိုက်မှုများ ဆန်းစစ်ခြင်း

ကွမ်းလုံရေအားလျှပ်စစ်စီမံကိန်းအတွက် သဘာဝပတ်ဝန်းကျင်နှင့် လူမှုပတ်ဝန်းကျင်ဆန်းစစ်ချက်များကို ၂၀၀၇ ခုနှစ်မှစပြီး ၂၀၀၉ ခုနှစ်အထိ KHIDI ပညာရှင်များက ဆောင်ရွက်ခဲ့ပါတယ်။ သို့သော် မိမိနိုင်ငံသားများပါတဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Biodiversity and Nature Conservation Association (BANCA) အဖွဲ့ကိုပါ ပါဝင်ငှားရမ်းဆောင်ရွက်ရန်  စီစဉ်ပေးခဲ့လို့  Henergy Holding Group ရင်းနှီးမြှုပ်နှံသူများဟာ KHIDI နှင့်တွဲပြီး မြန်မာ BANCA အဖွဲ့နဲ့ပါ ၂၀၁၀ ပြည့်နှစ်မှာ ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။ ရရှိတဲ့အချက်အလက်များအရ တမံဧရိယာနဲ့ ရေဝပ်ဧရိယာကြောင့် -

- ရွာ ၄ ရွာ

- အိမ်ထောင်စု ၆၄ စု

- လူဦးရေ ၄၁၈ ဦး

- တာပါးကြိုးတံတား (Daba Suspension Bridge)

- ခဲသတ္တုမိုင်းအသေးစားတစ်ခု

- မူလတန်းကျောင်းတစ်ကျောင်း (သစ်သားအဆောက်အအုံ)

- ခရစ်ယာန်ဘုရားကျောင်း (သစ်သားအဆောက်အအုံ)

- လယ်မြေ ၁၂၂၉ ဟတ်တာ (၃၀၇၀ ဧက)

- စိုက်ပျိုးမြေ ၁၇၇ ဟတ်တာ (၄၄၀ ဧက)

- နှစ်ရှည်ပင် ၉၄ ဟတ်တာ (၂၃၀ ဧက)

- သစ်တောဧရိယာ ၉၅၇ ဟတ်တာ (၂၃၉၀ ဧက)

စတာတွေပေါ်မှာ သက်ရောက်မှုရှိမှာဖြစ်ပါတယ်။

အသီးသီးပြောင်းရွှေ့ခြင်း၊ ရှင်းလင်းဖယ်ရှားခြင်း၊ အသစ်ဆောက်လုပ်ပေးခြင်း၊ ပြန်လည်စိုက်ပျိုးပေးခြင်း၊ ပြန်လည်နေရာချခြင်း စတာတွေ လုပ်ရမှာပါ။ ဒါတွေအတွက် အသေးစိတ်စီမံပေးဖို့ ဝန်ကြီးဌာနပေါင်းစုံနဲ့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်တွေပါတဲ့ ကော်မတီ တစ်ရပ်ကို ၂၀၁၄ ခုနှစ်ဇူလိုင်လထဲမှာ စနစ်တကျဖွဲ့စည်းပြီး ကွင်းဆင်းစစ်ဆေးညှိနှိုင်းခဲ့ပြီးလည်း ဖြစ်ပါတယ်။ စီမံကိန်းနဲ့ စပ်လျဉ်းတဲ့  လူထုတွေ့ဆုံပွဲ  (People Consultation)ကိုလည်း ၂၀၁၄ ခုနှစ် မတ်လအတွင်းမှာ ကွမ်းလုံမြို့နယ် ခန်းမဆောင်မှာလည်းကောင်း၊ လားရှိုးမှာလည်းကောင်း၊ ဒေသခံတိုင်းရင်းသားများ၊ မြို့မိမြို့ဖများ၊ တိုင်းရင်းသားခေါင်းဆောင်များ၊ မီဒီယာအသီးသီးမှ သတင်းထောက်များကို ဖိတ်ကြားပြီး စနစ်တကျ ရှင်းလင်းဆွေးနွေးဖြေကြားခဲ့ပြီးလည်း ဖြစ်ပါတယ်။

ရွှေ့ပြောင်းပေးရမယ့် လူနေအိမ်များကိုလည်း စနစ်တကျနေရာသစ် လေးခုမှာ ဒေသခံများနဲ့ ညှိနှိုင်းအကွက်ရိုက်ပြီး ဆောက်လုပ် ရန်နဲ့ လျှပ်စစ်မီး၊ ရေ၊ လမ်း၊ စိုက်ပျိုးမြေ၊ လုပ်ကိုင်စားသောက်စရာ အခွင့်အလမ်းများပါ အသေးစိတ်ဆောင်ရွက်ခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၁၅ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ ဒေသတွင်းလက်နက်ကိုင်များနဲ့ တိုက်ပွဲဖြစ်ပွားရာမှာ ဒေသတွင်းအရေးပေါ် အခြေအနေ ကြေညာ လိုက်ချိန်မှစပြီး ယနေ့အထိ လုပ်ငန်းများ ရှေ့သို့ ဆက်လက်မဆောင်ရွက်နိုင်တော့ဘဲ ရပ်နားထားခဲ့ရပါတယ်။ အကယ်၍ ၂၀၁၅ ခုနှစ်မှာသာ စတင်ဆောင်ရွက်နိုင်ခဲ့ရင် ၂၀၂၀ ပြည့်နှစ်မှာ နှစ်စဉ်ကီလိုဝပ်နာရီသန်း ၇၀၀၀ ကျော်ရရှိမယ့် စီမံကိန်းပြီးစီးနိုင်ပြီး ရဲရွာထက် နှစ်ဆဓာတ်အားပေးနိုင်တဲ့ စက်ရုံတစ်ရုံ မိမိတို့ရလိုက်ကြမှာပါ။ ဒီထဲက ထက်ဝက်ကျော်လောက်ယူသုံးရင်တောင်  ရဲရွာစက်ရုံနဲ့  ပမာဏတူတဲ့ နှစ်စဉ်ဓာတ်အား မိမိတို့သုံးနိုင်နေမှာပါ။

စီမံကိန်းလက်မှတ်ရေးထိုးမှုများနဲ့ ရှယ်ယာ

ကွမ်းလုံရေအားလျှပ်စစ်စီမံကိန်းဟာ တရုတ်နိုင်ငံ HHenergy Holding Group Company, Asia World Company နဲ့ မြန်မာနိုင်ငံအစိုးရတို့ ဖက်စပ်ဆောင်ရွက်ရန် -

-  ၅-၄-၂၀၀၇ နေ့မှာ နားလည်မှုစာချွန်လွှာ Memorandum of Understanding (MOU) ရေးထိုးခဲ့တယ်။

- ၂၄-၂-၂၀၁၀ နေ့မှာ သဘောတူညီမှုစာချွန်လွှာ Memorandum of Agreement (MOA) ရေးထိုးခဲ့တယ်။

- ၂၁-၅-၂၀၁၄ နေ့မှာ ဖက်စပ်သဘောတူစာချုပ် Joint Venture Agreement (JVA) ရေးထိုးခဲ့တယ်။

- နားလည်မှုစာချွန်လွှာရေးထိုးပြီးနောက် ဖက်စပ်စာချုပ်လက်မှတ် ရေးထိုးချိန်ထိ လေ့လာမှု၊ ဒီဇိုင်းတွက်ချက်မှု၊ စိစစ်မှု၊ ESIA လေ့လာမှု ခုနစ်နှစ်ကြာခဲ့တယ်။   ဝယ်ယူမယ့်ဓာတ်အားခ  အမေရိကန်ဒေါ်လာ ဝ.၀၅/ကီလိုဝပ်နာရီ (5 UScent/KWh)

ဆက်လက်ဖော်ပြပါမည်။

မော်သာထွေး(မန္တလေး)