စွမ်းအင်နဲ့လျှပ်စစ်ကို ကမ္ဘာကြည့် ကြည့်မယ် အမှတ်စဉ်(၄၃)

စွမ်းအင်နဲ့လျှပ်စစ်ကို ကမ္ဘာကြည့် ကြည့်မယ်

အမှတ်စဉ်(၄၃)

 နိုင်ငံတော်မှ အခမဲ့ဓာတ်အား ၁၀  ရာခိုင်နှုန်း၊ အခမဲ့ရှယ်ယာ ၁၅ ရာခိုင်နှုန်းရရှိမယ့် စီမံကိန်းဖြစ်တယ်။

- ထုတ်လုပ်မှုရဲ့ ထက်ဝက်ကို ပြည်တွင်းသုံးပြီး ထက်ဝက်ကို နိုင်ငံခြားငွေရှာမယ်ဆိုပြီး ယာယီစဉ်းစားခဲ့တယ်။ အားလုံး ကိုယ်သုံးချင်ရင်လည်း ရတယ်။ ဒါပေမဲ့ နှစ်စဉ်ထုတ်လုပ်နိုင်မှုရဲ့ ၉၀ ရာခိုင်နှုန်းထိ ဝယ်ရမယ်။

ပျက်ကွက်မှုရှိရင် ဖက်စပ်ကုမ္ပဏီနဲ့ အလျော်အစားရှိလာမယ်။ ကိုယ့်အခြေအနေကိုယ်သုံးသပ်ပြီး ကြိုက်တဲ့လမ်းရွေးနိုင်ပါတယ်။ ပြည်တွင်းပို့လွှတ်ရေးလိုင်းကတော့ နိုင်ငံကပဲ ကျခံရမှာပါ။

လုပ်ကိုင်ခွင့်ကာလ အနည်းဆုံး နှစ် ၃၀ မှ အများဆုံး နှစ် ၄၀ ထိ ခွင့်ပြုကာလအတွင်း ဒီစက်ရုံက မဂ္ဂါဝပ် ၇၀၀ ထိသာ ရယူမယ်လို့ ဆွေးနွေးခဲ့ကြတယ်ဆိုတာ ခိုင်လုံတဲ့အချက်အလက်တွေနဲ့ ဆုံးဖြတ်တာပါ။ ဒီလိုစက်ရုံများ တစ်ခုပြီးတစ်ခု နှစ်ခြားပြီး လည်ပတ်လာနိုင်စရာ အကြောင်းများစွာရှိနေလို့ တစ်ခုချင်းစီက ၅၀ ရာခိုင်နှုန်းစီ ရယူသွားခြင်းဖြင့် နိုင်ငံတော်အတွင်း မဟာဓာတ်အားလိုင်းများ၊ ဖြန့်ဖြူးရေးလိုင်းများ၊ ဓာတ်အားခွဲရုံများဆောင်ရွက်ရန်  အချိန်နဲ့ငွေလည်း  နိုင်နိုင်နင်းနင်းဖြစ်ပါမယ်။

နိုင်ငံခြားကို ၅၀ ရာခိုင်နှုန်းလောက် ရောင်းပေးထားခြင်းဖြင့် ဓာတ်အားထုတ်လုပ်နိုင်သမျှ အသုံးရှိနေလို့ ဈေးသက်သာပါမယ်။ ဓာတ်အားသယ်ပို့ဖြန့်ဖြူးရေးအတွက် လိုအပ်လာမယ့် ရှယ်ယာနဲ့ကုန်သွယ်ခွန်ပါ နိုင်ငံခြား

ငွေလည်း တစ်ပြိုင်နက်ရရှိလာပါမယ်။  လုပ်ကိုင်ခွင့်ကာလကုန်ရင်တော့ နိုင်ငံပိုင်စက်ရုံဖြစ်လာမှာပါ။

ကွမ်းလုံစီမံကိန်းအပေါ် ခြုံငုံသုံးသပ်ချက်

ကွမ်းလုံစီမံကိန်းဟာ Run-Off-River Type ရေအားလျှပ်စစ်စက်ရုံ ဖြစ်တယ်။ သဘာဝနဲ့ လူမှုပတ်ဝန်းကျင်ထိခိုက်မှုလည်း နိုင်နင်းစွာကုစားနိုင်တဲ့ အခြေအနေမှာရှိတယ်။   သဘာဝရေ စီးရေလာကိုလည်း   မပျက်ယွင်းစေဘဲ ဒီဇိုင်းထုတ်ထားတယ်။ သဘာဝဘေးအန္တရာယ်တွေ့ကြုံခဲ့ရင်တောင် ဖြေရှင်းနိုင်တဲ့ ဒီဇိုင်းတွေ ထည့်တွက်ထားတယ်။ နိုင်ငံခြားငွေလည်း ဒေါ်လာသန်း ၇၀ ခန့် နှစ်စဉ်ဝင်မယ့်စီမံကိန်းဖြစ်တယ်။ ပြည်တွင်းကိုရောင်းချမယ့် ဓာတ်အားခဈေးနှုန်းဟာလည်း ၅ UScent/KWh ခန့်သာဖြစ်လို့ သင့်တင့်တဲ့ဈေးနှုန်းဖြစ်တယ်။ ကွမ်းလုံရေအားလျှပ်စစ်စီမံကိန်း ၁၄၀၀ မဂ္ဂါဝပ်ဟာ လက်ရှိအခြေအနေမှာတော့ ရှေ့မတိုးနောက်မဆုတ်ဖြစ်နေတဲ့အတွက် နည်းလမ်းရှာကြံကြဖို့ လိုပါလိမ့်မယ်။ တစ်နိုင်ငံလုံးက ပြည်သူတွေရော ဒေသခံတိုင်းရင်းသားတွေပါ လက်ခံနိုင်ကြမယ့် စီမံကိန်းဖြစ်လို့ ဦးစားပေးလုပ်သင့်ကြောင်း အကြံပြုပါတယ်။

အခန်း( ၁၂ )

နောင်ဖရေအားလျှပ်စစ်စီမံကိန်း

မြန်မာနိုင်ငံထဲက သံလွင်မြစ်ပေါ်မှာ ဆောင်ရွက်သင့်တဲ့ ဒုတိယမြောက် ရေအားလျှပ်စစ်စီမံကိန်းဟာ  နောင်ဖစီမံကိန်းပါပဲ။  တည်နေရာဟာ အကြမ်းအားဖြင့်  လားရှိုးမြို့အရှေ့ဘက်တည့်တည့်  မိုင်းနောင်မြို့ အထက်နားမှာရှိပါတယ်။ သံလွင်မြစ်ထဲကို အရှေ့ဘက်က စီးဝင်လာတဲ့ နမ်းမမြစ်နဲ့ဆုံရာရဲ့ အထက်ဘက် ၃ ဒသမ ၇ မိုင်ခန့်အကွာမှာ ရှိပါတယ်။

ဒီစီမံကိန်းကို စူးစမ်းလေ့လာဆောင်ရွက်ဖို့ ၂၀၀၉ ခုနှစ် ဒီဇင်ဘာ ၂၀ ရက်မှာ နားလည်မှုစာချွန်လွှာ (MOU) ရေးထိုးခဲ့ပါတယ်။ စီမံကိန်းဖြစ်မြောက်နိုင်စွမ်း အစီရင်ခံစာကို ၂၀၁၁ ခုနှစ် မေ ၂၂ ရက်မှာ ပြန်လည်တင်ပြလာတဲ့နောက် သုံးနှစ်နီးပါး အပြန်ပြန်အလှန်လှန်ဆွေးနွေးညှိနှိုင်းခဲ့ရပါတယ်။ လက်ခံနိုင်တဲ့အခြေအနေထိဆောင်ရွက်ပြီး ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၁၇ ရက်မှာ  နောက်ဆုံးညှိနှိုင်းမှု  ပြုလုပ်ခဲ့ကြတယ်။ ၂၀၁၄ ခုနှစ် မေ ၂၂ ရက်မှာ  နောက်တစ်ဆင့်တက်ပြီး သဘောတူညီမှု စာချွန်လွှာ (MOA) ရေးထိုးခဲ့ကြတယ်။  ဒီလိုရေးထိုးပြီးနောက်မှာ သြစတြေးလျအခြေစိုက်  (Snowy  Mountain Engineering Cor-poration) (SMEC) အတိုင်ပင်ခံအဖွဲ့ကို ရင်းနှီးမြှုပ်နှံသူရဲ့စရိတ်နဲ့ ငှားရမ်းစေပြီး သဘာဝပတ်ဝန်းကျင်နဲ့ လူမှုပတ်ဝန်းကျင်ဆန်းစစ်ချက် အသေးစိတ်ဆက်လက်ဆောင်ရွက်ခဲ့ပေမယ့် ယနေ့အထိ အကြောင်းအမျိုး မျိုးကြောင့် ကွင်းဆင်းတဲ့နေရာမှာ ကြန့်ကြာနေဆဲဖြစ်ပါတယ်။ Snowy Mountain အဖွဲ့နဲ့အတူ မြန်မာနိုင်ငံမှ Resources and Environment Myanmar (REM) အဖွဲ့နဲ့ Suntac Technology  အဖွဲ့တို့ပါ တွဲဖက်ပြီး ဆောင်ရွက်နေပါတယ်။

လေ့လာတွက်ချက်ထားပြီး    အဓိကအချက်အလက်များကတော့ အောက်ပါအတိုင်းပါပဲ။

၂၀၁၃ ခုနှစ်တွင် စိစစ်ပြီး နောင်ဖစီမံကိန်းဆိုင်ရာ အဓိကအချက်များ

- တပ်ဆင်စက်အင်အား    -        ၁၂၀၀ မဂ္ဂါဝပ်

- ခိုင်လုံဓာတ်အား (Firm Power)         -        ၂၆၉.၅ မဂ္ဂါဝပ်

- နှစ်စဉ်ထုတ်လုပ်မည့်ဓာတ်အား -        ၆၁၈၂ ကီလိုဝပ်နာရီသန်း

- အခမဲ့ဓာတ်အားရရှိမှု      -        ၁၀ ရာခိုင်နှုန်း

- အခမဲ့ရှယ်ယာရရှိမှု         -        ၁၅ ရာခိုင်နှုန်း

- လုပ်ကိုင်ခွင့်ကာလ         -        ၃၀ နှစ် (Extendable 5 years)

- လတ်တလောနိုင်ငံမှ       -        ၅၀ ရာခိုင်နှုန်း (၆၀၀ မဂ္ဂါဝပ်)

  ဝယ်ယူသုံးစွဲမည့်ဓာတ်အား                

- တမံအမြင့် -        ၉၀ မီတာ (၂၉၅ ပေ)

- ငလျင်ဆိုင်ရာ ဒီဇိုင်းစဉ်းစားမှု    -        ဝ.၄ g - ဝ.၅ g

- ကန်ရေပြည့်ရေလှောင်ပမာဏ  -        ၈၁၂ ကုဗမီတာသန်း

                   (၆.၅၉သိန်း ဧကပေ)

- ကန်ရေသေရေလှောင်ပမာဏ   -        ၅၇၉ ကုဗမီတာသန်း

                   (၄.၇ သိန်း ဧကပေ)

- အကျိုးပြုရေလှောင်ပမာဏ      -        ၂၃၃ ကုဗမီတာသန်း

                   (၁.၉ သိန်း ဧကပေ)

- တစ်မဂ္ဂါဝပ်ကုန်ကျစရိတ်         -        ၁.၀၉၇ သန်း အမေရိကန်

                   ဒေါ်လာ

- စက်စွမ်းရည်        -        ဝ.၅၈၈ (၅၈.၈%)

 (Capacity Factor)

- စီမံကိန်းကာလ    -        ၆ နှစ်

- စက်ရုံထုတ်ဓာတ်အားခဈေးနှုန်း         -        ၅.၅Uscent / KWh

နောင်ဖစီမံကိန်းဟာ ကွမ်းလုံစီမံကိန်းထက် တမံပိုနိမ့်တဲ့ Run-Off-River Type စီမံကိန်းဖြစ်ပါတယ်။ စီမံကိန်းကြောင့် ထိခိုက်နိုင်ခြေရှိတဲ့ ဦးရေဟာ ၂၈၀ ဦးခန့်ဖြစ်ပြီး စိုက်ပျိုးမြေဧက ၄၁၅ ဧကခန့် နစ်မြုပ်နိုင်ပါတယ်။ ပြန်လည်နေရာချထားရေးနဲ့ ရေရှည်လူမှုဘဝဖွံ့ဖြိုးရေးအတွက် စီမံခန့်ခွဲမှုကောင်းကောင်း ပြုလုပ်ပေးနိုင်တဲ့ပမာဏပါ။ လူမှုနဲ့သဘာဝပတ်ဝန်းကျင်သက်ရောက်မှုအပေါ်   ကုစားမှုအသေးစိတ်အစီရင်ခံစာ

ကိုတော့  တတိယအဖွဲ့အစည်းများက  ပြုစုဆဲဖြစ်လို့  စောင့်ကြည့်ရဦးမှာပါ။

ဖော်ပြခဲ့တဲ့အချက်အလက်များအပေါ်   အခြေခံတွက်ချက်မှုအရ နောင်ဖစီမံကိန်းကြောင့် သံလွင်မြစ်ရေစီးရေလာလည်း ပုံမှန်စီးဆင်းနေမှာဖြစ်သလို ရေကြီးခြင်း၊ ရေနည်းခြင်းတွေဟာလည်း သံလွင်မြစ်ရဲ့ မူလရေစီးရေလာအတိုင်းသာ ဖြစ်နေမယ်ဆိုတာတွေ့ရပါတယ်။ နိုင်ငံအတွက် နှစ်စဉ်ရရှိနိုင်မယ့် နိုင်ငံခြားငွေအကျိုးအမြတ်ကလည်း ဓာတ်အားထက်ဝက်ကို  ပြည်ပကိုရောင်းချခဲ့ရင်  ဖက်စပ်ကုမ္ပဏီရဲ့ ပြည်ပဝင်ငွေဟာနှစ်စဉ်  အမေရိကန်ဒေါ်လာသန်း  ၈၀ ခန့်ရရှိမှာဖြစ်လို့  ဒီစီမံကိန်းကရမယ့်  ကုန်သွယ်ခွန် ဝင်ငွေခွန်နဲ့ ရှယ်ယာတွေဟာ ပြည်တွင်းဓာတ်အား တိုးတက်ဖြန့်ဖြူးရေးကိစ္စတွေအတွက်   နိုင်ငံခြားငွေရရာရလမ်းတစ်ခု ဖြစ်ပါတယ်။                         

      ဆက်လက်ဖော်ပြပါမည်။